ဇူလိုင်-၂၈၊၂၀၂၅။တေဇ/People’s Spring
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် ရိုက်နှက်ခံရသည့်မြန်မာလုပ်သားဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်း၌ အမှုဖွင့်တိုင်ကြားရန် လုပ်ဆောင်နေကြောင်း MHACမဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
“ကနဦးအနေနဲ့တော့ ရဲစခန်းမှာ အမှုဖွင့်တဲ့ကိစ္စတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်။ ဖြစ်စဉ်က လွန်ခဲ့တဲ့ တစ်လပိုင်း တစ်ရက်နေ့က ဖြစ်တာ။ ကောင်လေးက ရှက်လို့မပြောတာပေါ့။ အခုမှလုပ်တဲ့ကောင်က သူတို့ ဒီမှာကမ္ဘောဒီးယားနဲ့ ပြဿနာဖြစ်တဲ့ အချိတ် ခမင်တစ်ယောက်ကို ထိုးကြိတ်လိုက်တယ်ဆိုပြီး ဂုဏ်ဆာပြီးကြွားပြီးတော့ တင်တော့မှလိုင်းပေါ်မှာ တအားဟော့ပြီး ဒီဘက်ကကောင်လေး မိန်းမရော၊ ဆွေမျိုးတွေရော မခံမရပ်နိုင်ဖြစ်ပြီးတော့ ကိုရဲမင်းတို့ MHACအဖွဲ့ကို အကူအညီလာတောင်းလို့ လိုက်ပါဆောင်ရွက်ပေးနေတာဖြစ်ပါတယ်”ဟု ကိုရဲမင်းက ပြောသည်။
ရိုက်နှက်ခံရသူသည်၂၀၂၅ ဇန်နဝါရီ ၁ရက် ညက အသက်(၂၄)နှစ်အရွယ် ကိုသားညီသည် ၎င်း၏ သမီးနေမကောင်းသောကြောင့် ဆေးထွက်ဝယ်ရာမှ ဆိုင်ကယ်ဘီးပေါက်သွားသောကြောင့် ဆိုင်ကယ်ပြင်ဆိုင်၌ ပြင်ရာ ပြင်ခ ဘတ် ၁၄၀ပေးရန် အကြွေမပါသောကြောင့် ညီမဖြစ်သူထံ ပိုက်ဆံအကြွေ ပြန်ယူချိန်၌ ထွက်ပြေးသည်ဟု နားလည်မှုလွဲကာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က အင်တာဗျူးတွင် ဖြေကြားထားသည်။။

Public Service Announcement
“ကျွန်တော့်ကို လိုင်းပေါ်မှာ လူလိမ်ဆိုပြီးတင်တာကြောင့် တရားစွဲချင်တာပါ” ဟု ကိုသားညီက ပြောသည်။
ယင်းဖြစ်စဉ် ဖြစ်ခဲ့သည့်အချိန်က သမီးဖြစ်သူဆေးရုံမှ ဆင်းလာသည့်ကာလဖြစ်သောကြောင့် မိသားစု စိတ်ဆင်းရဲမည်စိုး၍ မပြောခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း – ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာမှ စစ်ထဖြစ်ပြီးနောက် ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားလုပ်သားများအား ရန်ရှာချိန်တွင် မြန်မာလုပ်သားအား ရိုက်နှက်သူက ကမ္ဘောဒီယားလုပ်သားအထင်ဖြင့် လူမှုရက်ကွန်ရက်ပေါ် တင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရိုက်နှက်ခံရသည့် မြန်မာလုပ်သား၏ အလုပ်ရှင်နှင့်အတူ အမှုဖွင့်ရမည့်ကိစ္စကို ပြင်ဆင်ဆောင်ရွက်နေပြီး တရားစွဲဆိုမည့်ကိစ္စအတွက်လည်း စနစ်တကျဆောင်ရွက်နေကြောင်း ကိုရဲမင်းကဆိုသည်။
“အခုကလည်းထင်ရှားတယ်။ပိုက်ဆံခိုးသွားတာလည်း မဟုတ်ဘူး။ ပစ္စည်းခိုးသွားတာလည်းမဟုတ်ဘူး။ ပိုက်ဆံသွားလဲတဲ့ကိစ္စကို နားလည်မှုလွဲပြီးတော့ ဒီပိုက်ဆံကို ပြန်ပေးနေတဲ့ကြားက ထိုင်ကန်တော့ ရှိခိုးတောင်း ပန်နေတဲ့ကြားက အနိုင်ကျင့် ထိုးကြိတ်သွားတာ”ဟု ကိုရဲမင်းက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောသည်။











































