ဇူလိုင်-၂၀၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒေသခံပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် နေအိမ်တွေဖောက် ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေပါ ခိုးယူနေတယ်လို့ ဒေသခံပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။
ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေထဲက ညောင်ပင်သာ၊ စမ်းဘုတ်၊ ငလှစမ်းစတဲ့ကျေးရွာတွေကို အင်အား ၅၀၀ဝန်း ကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၂၀ ရက်အထိ ပြည်သူရှစ်ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ အထက်ပါသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ကော်ပင်ရွာနဲ့ ချီပါတောင်ရွာဘက်ကိုရောက်နေပြီး ဇူလိုင် ၁၉ ရက်အထိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement
“ဂန့်ဂေါ်ပင်ရွာမှာ စခ ၅၀၀လောက်ရောက်နေတာ။ တဝက်က ချီပါတောင်ဘုန်းကြီးကျောင်းကိုတက်သွားတယ်။ညဘက်ဆိုဘုန်းကြီးကျောင်းမှာဘောက်စ်တွေဖွင့်ပြီး စခတွေသီ ချင်းဆိုနေကြတာ ဆူညံနေတာပဲ”လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှတာဝန်ရှိသူတစ်ဦးက People’s Springကို ပြောပါတယ်။
ကျေးရွာတွေကို စစ်ကြောင်းထိုးချိန် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးငယ်တချို့လည်းပါဝင်ပြီး စစ်ဘေးရှောင်ရင်း စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့ မင်းလှ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။
စစ်ကောင်တပ်ဟာ ဇွန်လ ၂၀ ရက်ကစပြီး မင်းလှမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး တောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စု ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ ငလှစမ်းရွာနှင့် ခွက်မရွာ၊ ကျွဲမကိုင်းရွာ အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာထက် မနည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၁၆ရက်ကမင်းလှမြို့နယ်၊ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့တာကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်တပ်အရာရှိအချို့သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်စစ် ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာလည်း ဖြစ်ပါတယ်။
