ဇူလိုင်-၂၂၊ ၂၀၂၅။ People’s Spring
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နောက်ဆုံးချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ကြိုဆိုကြောင်း ဇူလိုင် ၇ရက်တွင် ထုတ်ပြန်သည်။
ယခုလဆန်းတွင် ကုလလူ့အခွင့်အရေးကောင်စီက မဲမခွဲဘဲ တညီတညွတ်တည်း သဘောတူချမှတ်လိုက်သော အဆိုပါဆုံးဖြတ်ချက်သည် မြန်မာစစ်အုပ်စုအပေါ် နောက်ထပ်ဖိအားတစ်ခု ဖြစ်စေကြောင်းလည်း SAC-M က ဆိုသည်။
ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့်လည်း အရှိန်ရနေစဉ် အခွင့်အရေးကိုဖမ်းဆုပ်ကာ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်ပေးရန်နှင့် ရိုဟင်ဂျာနှင့် အခြားမြန်မာလူနည်းစုများအရေးအတွက် ပိုမိုအားကောင်းသော နှစ်ပတ်လည်ဆုံးဖြတ်ချက် တစ်ခုချမှတ်ပေးရန် SAC-M က တောင်းဆိုသည်။

Public Service Announcement
“အတော်လေးစိုးရိမ်ဖွယ်ကောင်းတာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထွေထွေညီလာခံက နောက်ဆုံး မျက်နှာစုံညီဆုံးဖြတ်ချက် ချမှတ်ခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကပါ။ အဲ့ဒီနောက်ပိုင်း ထပ်ပြီး ဆုံးဖြတ်ချက်ချထားတာ မရှိတော့ပါဘူး” ဟု SAC-M က ယန်ဟီးလီက ဆိုသည်။ SAC-M ကို ကုလသမဂ္ဂအရာရှိဟောင်းများနှင့် ဖွဲ့စည်းထားပြီး ယန်ဟီးလီမှာ ယင်းအဖွဲ့ပူးတွဲတည်ထောင်သူဖြစ်သည်။
ဆက်လက်ပြီး ယန်ဟီးလီက ““ဒီကာလအတွင်းမှာ မြန်မာနိုင်ငံ အခြေအနေဟာ အဘက်ဘက်က ချွတ်ခြုံကျသွားခဲ့ပြီး လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးတစ်ခုထဲ ကျရောက်သွားခဲ့ပါတယ်။”ဟု ပြောသည်။
လုံခြုံရေးကောင်စီတွင် တစ်ဆို့မှုဖြစ်နေချိန် အထွေထွေညီလာခံသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ပိုမိုလွှမ်းခြုံမှုရှိသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်အောင် မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ်ကြောင်း SAC-M က ထောက်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ တင်ပြချက် အစီရင်ခံစာကို မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ လက်ခံအတည်ပြုခြင်းအား ကြိုဆိုကြောင်း ဇူလိုင် ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အသစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ‘ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အပေါ် မူဝါဒထုတ်ပြန်ချက်’ ကိုလည်း အသိအမှတ်ပြုထားပြီး ရိုဟင်ဂျာများသည် နိုင်ငံသားအဖြစ် သတ်မှတ်ခွင့်ရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည့် ခွဲခြားဆက်ဆံမှု ဥပဒေ စနစ်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ကတိပြုထားကြောင်း သိရသည်။
ယင်းနောက် အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာပြည်သူများနှင့် အခြားလူနည်းစုများအပေါ် အလွန်ရက်စက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ နှင့် ကျယ်ပြန့်စွာ ကျူးလွန်ခဲ့မှုများ နှင့် ကျေးရွာများကို ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း၊ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ အတင်း အဓမ္မ စစ်မှုထမ်းရန် ခိုင်းစေခြင်း နှင့် တရားလက်လွတ် အကျဉ်းချခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်၌ ဖော်ပြသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တရားလို ရှေ့နေကြီး၏ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဆီးရေးအမိန့်တောင်းဆိုမှုကို အသိအမှတ်ပြုကြောင်း၊ ရိုဟင်ဂျာများအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သော အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း နှင့် နှိပ်စက်ညှင်းပန်းခြင်းများ အတွက် ဥပဒေရေးရာအရ အကြမ်းဖက်စစ်အုပ်စုတွင် တာဝန်ရှိသည်မှာ ခိုင်မာမှန်ကန်ကြောင်း အထက်ပါဆုံးဖြတ်ချက်၌ ဆက်လက်ဖော်ပြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အလွန်ပြင်းထန်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး၍ တရားစွဲစစ်ဆေးသည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကိုလည်း အသိအမှတ်ပြုကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးမှု ယန္တရား (IIMM)တို့ကိုလည်း အကြမ်းဖက်စစ်အုပ်စု၏ ဆက်လက် ကျူးလွန်နေဆဲ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ကောင်စီ၏ဆုံးဖြတ်ချက်၌ ပါရှိသည်။
နိုင်ငံတကာအဖွဲ့အစည်းများအား မိမိနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ပြန်ပို့ခြင်းမပြုရန် (non-refoulement) ကိုလည်း လေးစားစွာ ဆောင်ရွက်ရန် ကောင်စီ၏ ဆုံးဖြတ်ချက်၌ တိုက်တွန်းထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီကမူ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီခြင်းမရှိဘဲ နိုင်ငံရေးအရ လိုရာဆွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက်အဆိုတို့ကို မြန်မာအစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆွေးနွေးအတည်ပြုခဲ့ကြောင်း ဇူလိုင် ၁၀ရက် တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ လုပ်ရပ်များကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အသိအမှတ်မပြု လျစ်လျူရှုခြင်းမှာ ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်မလိုက်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးကို လေးစားမှုနှင့် ပွင့်လင်းမြင်သာမှုစသည့် စံနှုန်းများကို သွေဖီ ဆန့်ကျင်လျက်ရှိကြောင်း ဖော်ပြသည်။
ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် နိုင်ငံ့အရေး ကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆောင်ရွက်မှုများအား အသိအမှတ်ပြု၍ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီက တိုက်တွန်းခဲ့သည်။
