ဇွန်-၂၅၊၂၀၂၅။ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကဒေသခံပြည်သူ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်ဒေသခံပြည်သူများကလူထုနွေဦးသို့ပြောသည်။
ငလှစမ်းကျေးရွာသည် ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်းခွက်မကျေးရွာအုပ်စုတွင်ပါဝင်ပြီးစစ်သားများက ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဟုအထက်ပါသတင်းရင်းမြစ်များကပြောသည်။
“ဇွန်၂၄ ရက် နံနက် ၁၀ နာရီမှာ ၂၃ ရက်နေ့က မီးရှို့တာမလောင်ဘဲ ကျန်နေတဲ့နေအိမ်တွေကိုစခတွေ ထပ်မီးရှို့ပါတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူက စုစုပေါင်း ၁၄ ဦးရှိပြီ”ဟု မင်းလှမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement
စစ်ကောင်စီတပ်က ဖမ်းဆီး၍ ငလှစမ်းရွာဘုန်း ကြီးကျောင်း၌ ထိန်းသိမ်းခံရသူများတွင် ဦးမြအေး၊ ကိုစိန်မြင့်ထွန်း၊ မခိုင်မိုး၊ ကိုဇော်ဝင်း၊ ဒေါ်ခင်ခင် အပါအဝင် စုစုပေါင်း ၁၄ ဦးဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ငလှစမ်းရွာမှ ကိုရဲမောင်နှင့်ညီမဖြစ်သူတို့ ထောက်ကြန့်အုပ်စု၊ ဘန့်ဘွေးပင်ရွာဘက်သို့ တိမ်းရှောင်လာစဥ် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုနှင့်တိုးကာရိုက်နှက်ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။
အလားတူဇွန်လ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် မင်းလှမြို့နယ်အတွင်းရှိကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်ဖြင့်မီးရှို့ဖျက်ဆီးနေသောစစ်တပ်ကပစ်ခတ်သည့် လက် နက်ကြီးဆများထိမှန်ကာ စမ်းဘုတ်ရွာမှ ကိုရေခဲဆိုသူ ပြင်းထန်ဒဏ်ရာရခဲ့သည့်အပြင် ဖားလေးကွင်း(မြောက်စု)ရွာမှ ဦးအောအာကြီး နှင့် သားဖြစ်သူ ကိုဖီဖိုးမင်းတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။
အဆိုပါစစ်ကြောင်းများသည်ဇွန်လ ၂၅ ရက်နံနက် ၇ နာရီ ၂၀ ခန့်တွင် ခွက်မကျေးရွာအုပ်စု၊ ခွက်မရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ထိခိုက်ပျက်စီးမှုအခြေအနေအပြည့်အစုံကို မသိရသေးပေ။
မင်းလှမြို့အတွင်းရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းများခွဲကာကျေးရွာများသို့ စစ်ကြောင်းထိုး အကြမ်းဖက်လျှက်ရှိရာ ဇွန်လ ၂၀ ရက်နေ့မှ ဇွန်လ ၂၅ ရက်နံနက် ၇ နာရီကျော်အထိတောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စု ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ ငလှစမ်းရွာနှင့် ခွက်မရွာအပါအဝင် ကျေးရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံထားရသည်။
ထို့အပြင်း မီးရှို့ဖျက်ဆီးခံရသောရွာများအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းစစ်ရှောင်ပြည်သူများအတွက် အမိုးအကာနှင့် အစားအသောက်များ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။
