close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတွင် ​တော်လှန်​ရေးတပ်များရဲ့ တန်ပြန်ထိုးစစ်စတင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်​ကောင်စီတပ်အ​ပေါ် တန်ပြန်ထိုးစစ် ဒီကနေ့ (ဇွန်လ ၂၄ရက်) မနက်မှာ စတင်ခဲ့လိုက်ပြီလို့လူထုနွေဦးကစုံစမ်းသိရပါတယ်။

နောင်ချိုတိုက်ပွဲအတွင်း တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ − TNLA

ဇွန်-၂၄၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်​ကောင်စီတပ်အ​ပေါ် တန်ပြန်ထိုးစစ် ဒီကနေ့ (ဇွန်လ ၂၄ရက်) မနက်မှာ စတင်ခဲ့လိုက်ပြီလို့လူထုနွေဦးကစုံစမ်းသိရပါတယ်။

“တန်ပြန်ထိုးစစ်ဒီမနက်စတာပါ”လို့ နောင်ချိုဒေသက စစ်မြေပြင်မှာရှိနေတဲ့ အမည်မဖော်လိုတဲ့ PDF တဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့နေ့ ရဲ့ ၁ နှစ်ပြည့် နှစ်ပါတ်လည်​နေ့ မရောက်မီ တစ်ရက်အလိုမှာ နောင်ချိုမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာစတင်ခဲ့ပြီး အဲဒီနေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

TNLA ၊ မန္တ​လေးPDF ၊DPLA ၊အညာက PDF ​တွေ အပါအဝင် ပူး​ပေါင်းတပ်​တွေဟာ ၁၀၂၇ ဒုတိယလှိုင်း စတင်ပြီး​တော့ အချိန်တိုအတွင်းနောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပေမယ့်မြို့နယ်အတွင်းမှာရှိတဲ့ ​တောင်းခမ်းက အ​မြောက်တပ်ရင်း​တွေကို စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်မသိမ်းနိုင်ခဲ့ပါဘူး ။ဒါ​ကြောင့် တစ်နှစ်ပတ်တာလုံးတိုက်ပွဲတွေဖြစ်ပွားပြီး ဒီကနေ့မှာ တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ် စတင်ခဲ့တာပါ။

စစ်​ကောင်စီကလည်း ​တောင်းခမ်းက အ​မြောက်တပ်ရင်း​တွေက​နေ ​နောင်ချိုမြို့ကိုပါ ပြန်သိမ်းနိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်လာတာ​ကြောင့် ဇွန်လလယ်ကစပြီးနောင်ချိုမြို့နယ်မှာအနည်းဆုံးကျေးရွာ ခုနစ်ရွာမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်​ကောင်စီတပ်က ​နောင်ချိုမြို့နဲ့ပိုနီးလာတာနဲ့အမျှ အင်အားအများအပြားတိုးထိုးစစ်ဆင်လာတဲ့အတွက် ​​ဒေသခံပြည်သူ​တွေက ​နောင်ချို မြို့ကိုစစ်​တပ် ပြန်သိမ်းပိုက်ထိန်းချုပ်နိုင်မှာကို စိုးရိမ်ခဲ့ကြပါတယ် ။

TNLA သတင်းနဲ့ပြန်ကြား​ရေတာဝန်ခံ ​လွေး​ယေဦးက​ဇွန် ၅ ရက်​က သတင်းစာရှင်းလင်းပွဲမှာ

“နောင်ချို၊တောင်းခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

နောင်ချိုမြို့ဟာ စစ်ရေးဗျူဟာအရ အလွန်အရေးပါနေလို့ စစ်တပ်အတွက် ​နောင်ချိုရရင် အဲ​ဒေသကို အ​ခြေပြုပြီး ရှမ်း​မြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အ​ရေးပါ​နေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

တောင်းခမ်းကစစ်တပ်ဟာ နောင်ချိုမြို့ဆီကို စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေသလိုမန္တလေး−လားရှိုးလမ်းပိုင်းက ပြင်ဦးလွင် − ဝက်ဝံ − ဘန့်ဘွေးဘက်က​နေလည်း စစ်ကြောင်းတစ်​ကြောင်းတစ်​ကြောင်း ထိုး​နေတာပါ။

တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းနဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီး တောလမ်းပိုင်းကနေလည်း စစ်ကြောင်းထိုးနေပါတယ်။

တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းဟာ လမ်းတကြောက ကျေးရွာတွေကို စစ်ကြောင်းထိုးဆက်တိုက်သိမ်းပိုက်လာပြီး ကံကြီးရွာအထိရောက်လာပါတယ်။လက်တလောမှာတော့ ကံကြီးရွာနားက သရက်ချို၊ လုံဝယ်၊လုံစံ၊နောင်တော စတဲ့ကျေးရွာတွေနားမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

ကံကြီးရွာရဲ့ အရှေ့ဘက်က လာနေတဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီးတောလမ်းပိုင်းကစစ်ကြောင်းကတော့ ​ရှေ့ကိုပိုရောက်​နေပါတယ်။ ရွှေသွန်းရွာ ၊ ပိန္နဲကုန်းရွာနဲ့ ဉာဏ်တောရွာတွေမှာ စစ်ကောင်စီတပ်ရောက်လာပြီး အခုရက်ပိုင်းအတွင် တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အဲဒီရွာတွေဟာ ကံကြီးရွာအရှေ့ဘက်မှာရှိပြီး နောင်ချိုမြို့နဲ့ ပိုနီးနေပါတယ်။ တောင်းခမ်းကနေ နောင်ချိုကိုသွားရင် ကံကြီးရွာရဲ့အရှေ့ဘက်ကနေ ကျော်သွားတဲ့ သဘောပါ။

တောင်းခမ်းက စစ်ကြောင်းတွေဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် မန္တလေး−လားရှိုးလမ်းပိုင်းကပြင်ဦးလွင်−ဝက်ဝံ−ဘန့်ဘွေးစစ်ကြောင်းကတော့​ ​ရှေ့အနည်းငယ်သာ တိုးလာနိုင်ပါတယ်။ ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီး၊ဆမ္မဆယ်နဲ့ ရေမောင်းတန်းရွာတွေကို ရောက်လာပြီး အဲဒီကျေးရွာတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဇွန်လ ၂၃ရက်နဲ့ ဒီကနေ့ ဇွန်လ ၂၄ရက်မှာကံကြီးကျေးရွာနားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ နေရာတစ်ခုလက်လွှတ်လိုက်ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။

အဲဒီနေရာတွေမှာ ဇွန်လ ၂၄ရက်မိုးလင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီး၊ Y-12 တစ်စီးနဲ့ လေကြောင်းကနေ လာရောက်ပစ်ခတ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

ဇွန် ၂၃ရက်​နေ့ကလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာတစ်ခု လက်လွှတ်ပေးလိုက်ရတယ်လို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီက ဇွန် ၂၄ ရက် မနက်၉နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးလာကြဲတယ်လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

“အခုကြဲတာက နောင်သြဘက်မှာ။ မနေ့ညကလည်း မြို့ပေါ်ကို လေယာဉ်လာတဲသေးတယ်။ ဂျက်ဖိုက်တာနဲ့ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ”လို့ နောင်ချိုမြို့ခံက ပြောပါတယ်။

ဇွန် ၂၃ ၊ ၂၄ ရက်​တွေမှာတော်လှန်​ရေးတပ်​တွေက ​နေရာ ၂ ​နေရာ လက်လွှတ်ခဲ့ပြီး​နောက်မှာ ​တန်ပြန် ထိုးစစ် စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့သိ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်တောင်ဘက် ကံကြီးကျေးရွာနားမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ နေရာတစ်ခုလက်လွှတ်လိုက်ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )နှင့် ​တော်လှန်​ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်များကို စစ်​ကောင်စီက ယခုရက်ပိုင်းအတွင်းလေကြောင်းဗုံးကြဲမှုများဆက်တိုက်ပြုလုပ်​နေပြီးဇွန်၂၂ ရက်နံနက်ပိုင်းတွင်လည်း PDFများသိမ်းပိုက်ထားသည့် အင်းတော်မြို့ကိုဗုံးကြဲခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။