ဇွန်-၁၀၊၂၀၂၅။ယောနသံ/People’s Spring
အာဏာသိမ်းခေါင်းဆောင်သည်၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ရောက်ရှိနေစဉ်မှာပင် ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း မူလအစီအစဉ်များ ဖျက်သိမ်းသွားကြောင်း သတင်းရရှိသည်။
ယနေ့ ဇွန်လ ၁၀ရက် နေ့လယ် ၁၂နာရီခန့်၌ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သို့ ဗုံးလာကြဲသည့် ဂျက်ဖိုက်တာကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ချခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် စစ်ကိုင်းမြို့သို့ရောက်ရှိနေသည်။
“သူရောက်နေတုန်း ပုလဲကလေယာဉ်သတင်းကြားတာပဲ။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ပဲ။ ဒါပေမယ့် မျက်စိမျက်နှာပျက်ပြီးပြန်သွားတယ်”ဟု စစ်ကောင်စီခေါင်းဆောင် သွားရောက်လည်ပတ်ခဲ့သည့် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ဂေါပကအဖွဲနှင့်နီးစပ်သူကပြောသည်။

Public Service Announcement
စစ်ကောင်စီခေါင်းဆောင်သည်ငလျင်ဘေးအကြောင်းပြ၍ စစ်ကိုင်းမြို့သို့လာရောက်ခြင်းဖြစ်သည်။ ဧပြီလ ၆ရက်ကတစ်ကြိမ် လာရောက်ပြီး ၂၀၂၅ ခုနှစ်အတွင်းဒုတိယကြိမ်မြောက်ရောက်ရှိလာခြင်းဖြစ်သည်။
လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ ၂၀၂၁ နောက်ပိုင်း အာဏာသိမ်းခေါင်းဆောင်က ၂၀၂၃ မတ်လတွင် တစ်ကြိမ်သွားရောက်ခဲ့ပြီး ယနေ့အထိ ၄နှစ်အတွင်း ၃ကြိမ်သာသွားရောက်နိုင်ခြင်းဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင်စစ်ကိုင်းတိုင်းသို့နေစဉ် အညာတော်လှန်ရေးအင်အားစုများက ဂျက်ဖိုက်တာကိုပစ်ချလိုက်ခြင်းကြောင့် နမိတ်မကောင်းဟု ယူဆသွားနိုင်ကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။
“သူက အတိတ်နမိတ်ကို ယုံတယ်လေ။သူလန့်နေမှာသေချာတယ်။ကျမတို့စစ်ကိုင်းကိုလာတာကတော့ နယ်မြေစိုးမိုးမှုရှိကြောင်း နိုင်ငံတကာကိုပြချင်လို့လည်းဖြစ်နိုင်တယ်။ အခုတော့ သူတော်တော်လေးစိတ်ဓာတ်ကျသွားတယ်”ဟုစစ်ကိုင်းမြို့မှလူငယ်တစ်ဦးကပြောသည်။
စစ်ကိုင်းမြို့မှပြန်လာပြီး မန္တလေးမြို့သို့ရောက်ရှိစဉ်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ရော မိန်းမဖြစ်သူပါမျက်နှာမကောင်း ဖြစ်နေသည်ကို ၎င်းတို့၏ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ယနေ့ည ထုတ်ပြန်သည့် ရုပ်သံသတင်းများတွင်တွေ့ရှိရသည်။
စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ယင်းမာပင်ခရိုင် ပကဖ၊ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်သော ULFတို့က အသီးသီးထုတ်ပြန်ထားသည်။စစ်ကောင်စီကမူ တပ်မတော်
(လေ)တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဟုထုတ်ပြန်ထားသည်။
(စစ်ကိုင်းမှအပြန် မန္တလေးမြို့သို့ရောက်နေစဉ် တွေ့ရသည့် အာဏာသိမ်းခေါင်းဆောင်။ ဓါတ်ပုံ-စစ်ကောင်စီ)
