ဇွန်-၂၄၊၂၀၂၅။ရဲခေါင်/People’s Spring
မြန်မာနိုင်ငံကို တင်သွင်းနေသည့်တရုတ်နိုင်ငံထုတ် NETA EV လျှပ်စစ်ကား၏ မိခင်ကုမ္ပဏီ သည် တရုတ်တွင် ဒေဝါလီခံသွားပြီးနောက် ပြည်တွင်း၌ အဆိုပါကားကို ဝယ်ယူထားသူများက လျှော့စျေးဖြင့်ထုတ်ရောင်းလာကြသည်။
EV (လျှပ်စစ်)ကားများသည် စက်သုံးဆီအသုံးပြုမောင်းနှင်ရသည့် ကားများထက်ယာဥ်အတွင်းပိုင်းကို လစဥ် ထိန်းသိမ်းပြုပြင်မှု ပိုပြုလုပ်ရခြင်း နှင့် EV ကားအတွင်းပါရှိသော Software(ကားထိန်း ချုပ်မှု အစိတ်အပိုင်းများ)ကို ထုတ်လုပ်သည့်ကုမ္ပ ဏီ နှင့် သာသက်ဆိုင်သည့်အကျိုးဆက်ကြောင့် ဟု သိရ သည်။

“လစဥ် Software update တွေထပ်မလုပ်နိုင်ရင် ကားက၁နှစ်၊ ၂နှစ်အတွင်းအလုပ်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်လို့ (ဥပမာ- တရုတ်မှာ၂၀၂၄နှစ်ဆန်းပိုင်းမှာဒေဝါလီခံသွားတဲ့ ကားအမှတ်တံဆိပ်တစ်ခု (WELTMEISTER) ဆိုအခုကားရဲ့လုပ် ဆောင်ချက်တွေအလုပ်မလုပ်တော့လိုလုံးဝသုံးမရတော့သလိုဖြစ်နေပြီလို့သိရပါတယ်) ဒါကြောင့်မို့ NETA ကားတွေစျေးပေါတောင်မဝယ်သင့်တော့ဖူး” ဟု EV ယာဥ်အကြောင်းလေ့လာနေသူတစ်ဦးက အကြံပြုသည်။

Public Service Announcement
ဇွန်လ ၁၉ ရက်တွင် တရုတ်နိုင်ငံပိုင် မီဒီယာ CCTV ၏ဖော်ပြချက်အရ လျှပ်စစ်ကားအမှတ်တံဆိပ် NETA ၏ မိခင်ကုမ္ပဏီ Zhejiang Hozon New Energy Automobile သည် ကြွေးမြီး ယွမ် ၁၀ ဘီလီယံကျော် ရှိနေပြီး ကားထုတ်လုပ်မှုမှာလည်း ရပ်နားထားရသည့် အတွက် ဒေဝါလီခံကြောင်း ဖော်ပြခဲ့သည်။
NETA EV ကား၏မိခင်ကုမ္ပဏီ zhejiang hozon new energy automobile နှင့် မြန်မာပြည်တွင်းမှ Grand Sirius Limited (GSE) တို့သည် မြန်မာနိူင်ငံသို့ ကားများတင်သွင်းရောင်းချရန် ၂၀၂၂ ခုနှစ် ၊အောက်တိုဘာလက သဘော တူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“NETA ကားတွေ ပြည်တွင်းရောက်နေတာ အစီးရေ ၁၀၀၀ လောက်ရှိပြီ။သွင်းတာက GSE အော်စတင်ပါ။ရင်းနှီးတဲ့သူတွေကသူ့ကို မိုးစက်လို့လည်းခေါ်တယ်။သူ့မှာတခြားလုပ်ငန်းခွဲတွေလည်းအများကြီး ရှိသေးတယ်။နိုင်ဖြိုးကျော်(ဝတ်မှုန်ရွှေရည်၏ ခင်ပွန်း) တို့နဲ့ စီးပွားဖက်တွေပေါ့”ဟု မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးက လူထုနွေဦးသို့ GSE ကုမ္ပဏီ နှင့်ပတ်သက်၍ ရှင်းပြသည်။ နိုင်ဖြိုးကျော်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် နှင့် မိတ်ဆွေရင်းဖြစ်သလို စီးပွားဖက်လည်းဖြစ်ပြီး 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးအပါအဝင်လုပ်ငန်းများစွာတွင် တွဲလုပ်နေသူဖြစ်သည်။ ထို့အပြင် နိုင်ဖြိုးကျော်သည် စစ်တပ်အတွက် ဒရုန်းများကိုလည်း ဝယ်ယူတင်သွင်းပေးနေသူများထဲမှ တစ်ဦးဖြစ်ကြောင်း ၎င်းကိုသိသောလုပ်ငန်းရှင်တဦးကပြောသည်။
အော်စတင်(ခ)မိုးစက်သည် နေပြည်တော်တွင်ပါ EV Charging Station ကိုပါတည်ဆောက်လုပ်ကိုင်ခွင့်ရထားသူ ဖြစ်သည်။Grand Sirius Enterprise (GSE) ၏ လုပ်ငန်းများသည် NETA အပြင် RIDDARA နှင့် NEOMOR အမှတ်တံဆိပ် လျှပ်စစ်ကားများ (EV) ဖြန့်ဖြူးရောင်းချနေသည်။ထို့အပြင် နေပြည်တော်နှင့် မန္တလေးတို့တွင် ဟွန်ဒိုင်းကားအရောင်းပြခန်းများ ဖွင့်ထားသေးသည်။
GSE ကုမ္ပဏီအောက်ရှိ NETA Auto Myanmar ကမူ NETA ကားများအတွက် လိုအပ်သော အပိုပစ္စည်းများကိုအလုံအလောက် In stock ထားရှိသည့် အပြင် ကားအတွက် warranty claim များကိုလည်း တာဝန်အပြည့်အဝယူ၍ စဥ်ဆက်မပြတ် လုပ်ဆောင်ပေးနေကာ NETA ကားအသုံးပြု နေသော ပြည်သူများစိုးရိမ်ပူပန်ရန်မလိုဘဲ ဆက်လက်အသုံးပြုရန် ထုတ်ပြန်ထားသည်။
“Software update ဘယ်လောက်အထိရမှာလဲ။ မြန်မာပြည်ကလူတွေက ကားတစ်စီးကို အနည်းဆုံး ၁၀ နှစ်လောက်စီးချင်ကြတဲ့လူတွေလေ။ အမှန်တော့ လဲစီးချင်ပေမဲ့ စျေးကြောင့် မလဲနိုင်ကြဘူး။ ကားမှာ Motor Control Unit အတွက် update မရတော့ရင် အတော် ဒုက္ခရောက်မှာ။ ၅ နှစ်လောက်ကတော့ သိသာမယ်မထင်သေးဘူး။ ဒီ ၅ နှစ်နောက်ပိုင်းအတွက်သိချင်ပါတယ်။ ဖုန်းတွေတောင် update မရတော့ရင် hang တာတွေ app အသစ်သုံးမရတာတွေဖြစ်လာတာဘဲ”ဟု EV ကားသုံးစွဲနေသူတစ်ဦးက NETA Auto Myanmar ၏ ထုတ်ပြန်ချက်ကို တုံ့ပြန်သည်။
ဈေးကွက်တွင်ကျပ်သိန်း ၁၃၀၀ အထက်ရှိသည့် NETA ကားစျေး သည် ဇွန်လ ဒုတိယပတ်ကစ၍ ကျပ်သိန်း ၁၀၀၀ အောက်သို့ ရောက်ရှိခဲ့သည်။
“သိန်း ၇၅၀ နဲ့တောင် ရောင်းနေကြတာတွေ့တယ်။အရင်ကတည်းက EV ကိုသိပ်မကြိုက်တဲ့ဝယ်ရောင်းစျေးကွက်မှာတော့ ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး။စျေးကျလို့ စျေးတန်လို့ဆိုပြီး ဝယ်မယ့်သူတွေလည်း တကယ် EV အကြောင်း နားလည်တဲ့သူတက်ကျွမ်းတဲ့သူတွေနဲ့တိုင်ပင်ကြပါ”ဟု မော်တော်ယာဥ် ဝယ်ရောင်းလုပ်ကိုင်နေသူတစ်ဦးက တိုက်တွန်းသည်။
တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိသော မြန်မာနိုင်ငံ EV ကား မူဝါဒကြောင့် သုံးစွဲသူများအတွက် ဆုံးရှုံးမှု များကိုအကာအကွယ်ပေးရန် မည်သည့်ပြဌာန်းချက်မှရှိမနေဟုလည်း ၎င်းက ဆက်ပြောသည်။
“ငွေကြးယူပြီးပရိုမိုးရှင်းလုပ်ပေးနေတဲ့ ဘလော့လ်ဂါတွေအပြောကောင်းတိုင်းစိတ်မယိုင်မိဖို့အတွက်အသိ၊သတိရှိကြပါ”ဟု မော်တော်ယာဥ်နည်းပညာ အကြောင်းမျှဝေပေးနေသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံတွင်လည်း အာမခံပေးထားသည့် အပိုပစ္စည်းများရရှိရန် ကြန့် ကြာနေခြင်း၊ ပြတ်လပ်ခြင်း၊ကားပြုပြင်သည့် စင်တာများပိတ်သိမ်းသွားခြင်း နှင့် သုံးစွဲသူများ၏ အာမခံ အတွက် တောင်းဆိုမှုများကို ငြင်းပယ်မှုကြောင့် ထိုင်းနိုင်ငံရှိEV ကားသုံးစွဲသူများက NETA ကုမ္ပဏီကို အရေးယူရန် ထိုင်းနိုင်ငံသုံးစွဲသူများကောင်စီ (TCC)ကို တိုင်ကြားထားသည်။
“ကောင်စီအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဥပဒေအရ အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်သလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း စာပို့အကြောင်းကြားသွားမှာပါ”ဟုTCC ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်ရေးဌာန အကြီးအကဲဖြစ်သူ ဆိုဖွန် နူးရတ်က The Nation သတင်းဌာနသို့ဖြေကြားထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က EV ကားများကိုသာ တင်သွင်းန် အစဥ်တစိုက်ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်း၏ သားနှင့်သမီးက EV ကားများတင်သွင်းခွင့် ကုမ္ပဏီ တည်ထောင်ခဲ့သည်။
စီးပွား/ကူးသန်း စာရင်းအရ ၂၀၂၄ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံသို့ EV ယာဥ် အစီးရေ ၆၄၀၀ ကျော်တင်သွင်းခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံထုတ် EV ကားများဖြစ်သည်။
