သော်မွန်/People’s Spring
ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်နှစ်မွေးနေ့ဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှု ရက်ပေါင်း ၁,၆၀၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးကို တရားလက်လွတ် မတရားဖမ်းဆီးချုပ်နှောင်ထားတာရက်ပေါင်း ၁,၆၀၀ ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီးလိုက်တဲ့နေ့ရက်ကစလို့ ပြည်သူလူထုနဲ့ အဆက်ဖြတ်ခဲ့ပြီး လူမြင်ကွင်းကနေ လုံးလုံးအစဖျောက်ထားခဲ့တာပါ။
ဒါပေမဲ့လည်း ပြည်သူကို အလေးထားတဲ့၊ ပြည်သူ့အကျိုးကို ရှေးရှုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြီးကြားက မေတ္တာဆက်နွှယ်မှု၊ နက်ရှိုင်းစွာခံစားမှုတွေကို အာဏာရမ္မက်ကြီးတဲ့ စစ်ခေါင်းဆောင်တွေ ကန့်သတ်ထားလို့၊ ချုပ်နှောင်ထားလို့မရပါဘူး။ စစ်

Public Service Announcement
ဗိုလ်ချုပ်တွေဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ဆီက အာဏာနိုင်ငံရေးကို တခန်းရပ်အောင် လုပ်နိုင်ခဲ့ပေမယ့် နှစ်ပေါင်း ၄၀ နီးပါး ဖြစ်တည်လာခဲ့တဲ့လူထုခေါင်းဆောင်ရဲ့ သြဇာနိုင်ငံရေးကိုတော့ ဘယ်လိုမှမချိုးနှိမ်နိုင်ခဲ့ပါဘူး။
စကားပြောတတ်စကလေးငယ်တွေကစလို့ အဖိုးအဘွားအရွယ်တွေအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်နှစ် မွေးနေ့အကြို လှုပ်ရှားမှုတွေမှာ ပါဝင်နေတာက သက်သေခံချက်တွေပါပဲ။ စစ်ကောင်စီဟာ ဇွန်လ ၁၉ရက်မှာ လူမြင်ကွင်း ပန်းပန်သူ၊ ပန်းဝယ်သူ၊ ပန်းရောင်းသူတွေကို အကြမ်းဖက်ပြ၊ ဖမ်းဆီးရက်စက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ လူထု မပါဝင်ရဲအောင် လုပ်ဆောင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြတဲ့ လူထုကတော့ မရ ရတဲ့နည်းလမ်းတွေနဲ့ ဇွန်လ ၁၉ရက် မွေးနေ့ကို ဆုတောင်းမေတ္တာပို့ပြီး ဆင်နွှဲကြပါတယ်။ ဒီနှစ် အသက် ၈၀ ပြည့်အတွက်ဆိုရင် အွန်လိုင်းကနေ မွေးနေ့ဆုတောင်းဗွီဒီယို အခုရေ ၈၀,၀၀၀ ဖိတ်ခေါ်ခဲ့တာမှာ မွေးနေ့မတိုင်ခင် ၁ရက်အလိုမှာပဲ ပြည့်မြောက်သွားခဲ့ပါတယ်။
“မြန်မာ့နိုင်ငံရေးမှာဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေသရွေ့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းနေသရွေ့ သူ့ကို ချန်လှပ်ထားလို့ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လူထုထောက်ခံမှု အများဆုံးရတဲ့ခေါင်းဆောင်ဖြစ်တယ်။ ဒါကြောင့် သူ့အခန်းကဏ္ဍကို ဖယ်ဖို့ ကြိုးစားတဲ့သူ မှန်သမျှက ကျဆုံးမှာပဲ”လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က မှတ်ချက်ပြုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အသက် ၄၃နှစ်အရွယ်မှာ မြန်မာ့နိုင်ငံရေးထဲကို ပါဝင်လာပြီး ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုရရှိခဲ့ပြီး မြန်မာ့ဒီမိုကရေစီရဲ့ပြယုဂ်အဖြစ် ကမ္ဘာကြီးက အသိအမှတ်ပြုခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးကြောင့် မြန်မာပြည်ပြန်လာရင်း ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ပြည်ပသို့ ပြန်လည်မထွက်ခွာတော့ဘဲ ဖခင်ဖြစ်သူ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဦးဆောင်မှု၊ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပါဝင်အားဖြည့်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာခဲ့အပြီး ၁နှစ်ခန့်အကြာမှာပဲ စစ်အစိုးရရဲ့ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းတာကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ ၁၉၈၉ ကနေ ၂၀၁၀ အထိ ၂၁နှစ်အတွင်း နေအိမ်အကျယ်ချုပ် ၁၅နှစ်ခန့် ဖြတ်သန်းခဲ့ရပါတယ်။
အဲဒီအချိန်တွေက ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ဒီပဲယင်းလုပ်ကြံမှုလို ရက်စက်ကြမ်းကြုတ်လှတဲ့ ထောင်ချောက်တွေကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့တိုင် အကြမ်းမဖက်အာဏာဖီဆန်ရေးလမ်းကြောင်းကို ရွေးချယ်ပြီး စစ်အာဏာရှင်တွေကို အာခံခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးအပ်ချီးမြှင့်ခဲ့ရပါတယ်။ အကြမ်းမဖက်ရေးမူကိုင်စွဲပြီး စစ်အာဏာရှင်တွေကို နှစ်ပေါင်းများစွာတော်လှန်ခဲ့တာဟာ ပြည်သူလူထု မနစ်နာစေမယ့် ဒါမှမဟုတ် ပြည်သူသက်သာစေမယ့် လမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ကမကြာခဏပြောဆိုခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့အကျိုးကို အင်မတန်မှလိုလားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီတော့ ဒီမေတ္တာတရားကို ပြည်သူက ခံစားမိတယ်။ ခံစားမိတဲ့အခါ ပြည်သူဆီကနေလည်း မေတ္တာတရားတွေက အပြန်အလှန် ကူးလူးစီးဆင်းတယ်ပေါ့။ ဒါကတော့ အော်ဂဲနစ်ဗျ။ ဘာမှလုပ်ယူထားတာလည်းမဟုတ်ဘူး။ ဘယ်သူမှ ဖန်တီးထားတာလည်းမဟုတ်ဘူး။ power သဘောမျိုးဖြစ်တယ်။ စွမ်းအားသဘောမျိုးဖြစ်တယ်။ ဖန်တီးလို့လည်းမရဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ အင်မတန်မှလေးနက်တယ်၊ အင်မတန်မှ နက်ရှိုင်းတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မှတ်ချက်ပြုပါတယ်။ ဦးနေဘုန်းလတ်ဟာ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ခဲ့တဲ့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးမှာ တာဝန်ယူခဲ့သလို ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းလည်း ဖြစ်ပါတယ်။
မြန်မာပြည်သူလူထု စစ်အာဏာရှင်တွေ လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် အကြမ်းမဖက်ရေးမူကိုင်စွဲပြီး ဒုတိယလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အရမ်းကြောက်တာမို့ နိုင်ငံရေး မလုပ်နိုင်အောင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားခဲ့ပါတယ်။
“စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်ကို အရမ်းကြောက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်မှု၊ စွန့်စားမှု၊ အနစ်နာခံမှု အထူးသဖြင့် အဲဒီလို အနစ်နာခံမှုတွေကြောင့် ပြည်သူရဲ့ယုံကြည်မှုတွေ ရတယ်။ အဲဒီပြည်သူရဲ့ ယုံကြည်မှု၊ ထောက်ခံမှုတွေကို စစ်အုပ်စုက အရမ်းကြောက်ပါတယ်”လို့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
ခေတ်အဆက်ဆက် မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့အကျိုးရလဒ်အဖြစ် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နိုင်ငံရေးထွက်ပေါက်ရဖို့ ၂၀၁၀ မှာ စစ်အုပ်စုက စိတ်ကြိုက်စီမံခဲ့တဲ့ လွတ်လပ် ပွင့်လင်းမြင်သာမှုမရှိဘဲ စစ်တပ်စိတ်ကြိုက်ရလဒ်ထွက်စေတဲ့ ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရက နိုင်ငံတကာ ထောက်ခံမှုနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ သရုပ်အမှန်ဟာ ၂၀၁၇ ရိုဟင်ဂျာ ပဋိပက္ခထောင်ချောက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲနိုင် အရပ်သားအစိုးရကို အကြပ်ရိုက်အောင်ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု တခဲနက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ပြည်သူတွေက ရွေးချယ်လိုက်တဲ့အခါ စစ်အုပ်စုဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ တကျော့ပြန် အာဏာသိမ်းပြီး နိုင်ငံတော်ပုံကန်မှုကို ကျူးလွန်ခဲ့ပါတယ်။ ဒီတကြိမ်စစ်အာဏာသိမ်းမှုမှာ စစ်တပ်က ပြည်သူလူထုအပေါ် တုန့်ပြန်မှုဟာ စီနီယာစစ်အာဏာရှင်တွေထက် ပိုမိုရက်စက်ကြမ်းကြုတ်ခဲ့သလို ပြည်သူလူထုရဲ့ ခုခံတွန်းလှန်မှုကလည်း မြန်မာ့သမိုင်းမှာဘယ်တုန်းကနဲ့မှ မတူအောင် အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အသက် ၇၅နှစ်ကျော် အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉မှု စွဲဆိုကာ ထောင်ဒဏ် ၃၃နှစ်အထိ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် စွဲဆိုထားတဲ့အမှုအားလုံးကို အပြီးသတ်အမိန့်ချပြီးချိန် ၂၀၂၂ ဇွန်လမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကို ပို့ခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၇၆နှစ်ပြည့်ပြီးဖြစ်တဲ့ လူထုခေါင်းဆောင်ဟာ အသက်အရွယ်နဲ့မမျှတဲ့ ရာသီဥတုပူပြင်းဆိုးရွားမှု၊ အခြားသော ကိုယ်ဆင်းရဲဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ မတိုင်ခင် ၁ရက်အလိုမှာ ဗြိတိန်အခြေစိုက် The Guardian သတင်းစာက သူတို့ရရှိထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့ တရားခွင် CCTV မှတ်တမ်းအတိုလေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်းနေ့စဥ်မှတ်တမ်းအချို့ကို ဖော်ပြလာပါတယ်။
The Guardian ရဲ့ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၄နာရီခွဲမှာ အိပ်ရာထပြီး ည ၈ နာရီခွဲမှာ တနေ့တာ ပြီးဆုံးတယ်လို့ ဆိုပါတယ်။ နေ့စဥ် ဘုရားရှိခိုးတာ၊ တရားထိုင်တာ၊ လမ်းလျှောက်တာ၊ စာဖတ်တာတွေ လုပ်ဆောင်ပြီး အထီးကျန်စွာ အကျဥ်းထောင်နေ့ရက်တွေကို ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လည်စာအဖြစ် ထမင်းနှစ်ဇွန်း၊ ကြက်သား၊ ငါးလုံးဟင်းချို၊ ချောကလက်နှစ်တောင့်၊ နဂါးမောက်သီးတစိတ်တို့ကို စားသုံးပြီး အဲဒါဟာ တစ်နေ့တာ အများဆုံးစားသောက်မှုလို့ သိရပါတယ်။
ခန္ဓာကိုယ်ပိန်ပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကတည်းက အစားအသောက်၊ အနေအထိုင် ခြိုးခြံပြီး မျှတအောင်နေထိုင်သူဖြစ်တယ်လို့ နီးစပ်သူတွေက မှတ်တမ်းတင်ရေးသားပြောဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံနဲ့ လမ်းလျှောက်တဲ့ပုံစံက အရင်အတိုင်း မပြောင်းလဲဘူးလို့ သတင်းရင်းမြစ်က The Guardian ကို ပြောပါတယ်။ ဒါပေမဲ့ အရင်အချိန်က ဦးခေါင်းထက်က ပန်းတွေနဲ့ တွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပန်းပန်တာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်မှာ စစ်ကောင်စီက လူထုခေါင်းဆောင်ကို ဘယ်နေရာမှာ၊ ဘယ်လိုပုံစံထားရှိသလဲဆိုတာ တိတိကျကျ မသိရပါဘူး။
စစ်ကောင်စီပြုတ်ကျရေး၊ ဖယ်ရှားရှင်းလင်းရေးအတွက် နိုင်ငံတဝန်းပြည်သူလူထုတွေ တော်လှန်နေချိန်မှာ လူထုခေါင်းဆောင်ကို ဘယ်မှာထားရှိမှန်းမသိ ဖမ်းဆီးထိန်းသိမ်းခံထားရ၊ အဆက်အသွယ် မရှိတာကိုကပဲ လက်ရှိ နွေဦးတော်လှန်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်မှုပဲလို့ NLD ပါတီဝင်ဖြစ်ခဲ့သူ၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်လေးက သုံးသပ်ပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့ အထူးအစီအစဥ်’ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲမှာ နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဒေါ်ခင်လေးက ဆွေးနွေးသွားတာပါ။
“အာဏာရှင်တွေရဲ့ ပုံစံအတိုင်း ညှိနှိုင်းပြီးတော့ အပေးအယူ အလျှော့အတင်းတွေ လုပ်တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်အထိလက်မခံလို့သာ မိသားစုနဲ့လည်း အဆက်အသွယ်မရ၊ ဘယ်မှာနေလို့ နေမှန်းမသိ၊ တကယ့်အသက် ၈၀ အရွယ် အမျိုးသမီးကြီးတစ်ယောက်က ပင်ပင်ပန်းပန်း ဒုက္ခခံနေရတာဖြစ်ပါတယ်။ အကယ်၍သာ စစ်အာဏာရှင်တွေရဲ့၊ စကစရဲ့ ညှိနှိုင်းမှုကို လက်ခံမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်လည်း ဖြစ်နိုင်တယ်။ အခြားမှာတစ်နေရာရာမှာ အကျယ်ချုပ်ဆိုတာ ဖြစ်နိုင်တယ်”လို့ ဒေါ်ခင်လေးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ်တွေ့ပြီး အသုံးချဖို့၊ နွေဦးတော်လှန်းရေးကို ဖြိုဖျက်ဖို့ အမြဲကြံစည်နေပေမယ့် စစ်အုပ်စုရဲ့ထောင်ချောက်တွေကို အကျဥ်းထောင်ထဲရောက်နေတာတောင် ဒေါ်အောင်ဆန်းစုကြည်က အခါခါကျော်ဖြတ်ပြနေပါတယ်။ ၈၈ မျိုးဆက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်ခဲ့ဖူးပေမယ့် အခုအခါ စစ်အုပ်စုနဲ့ နီးစပ်နေပြီဖြစ်တဲ့ ဒေါ်စန္ဒာမင်း နဲ့ ဒီချုပ်ပါတီဝင်တချို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ပြီး NLD ပါတီကို စစ်ကောင်စီထံမှာ မှတ်ပုံပြန်တင်ဖို့ စည်းရုံမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သိမ်သိမ်မွေ့မွေ့ပယ်ချခဲ့ပါတယ် ။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု အစပိုင်းမှာ လူငယ်တွေအပါအဝင်ပြည်သူလူထုဟာ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီကို နှုတ်ကသာ ရေရွတ်ပြီး လက်တွေ့ ကျင့်သုံးမှုမရှိတဲ့ စစ်တပ်ဟာ လက်နက်မဲ့ပြည်သူတွေကို ဦးခေါင်းတည့်တည့်ကို ချိန်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီလို လက်နက်သုံး အကြမ်းနည်းနဲ့ ဖိနှိပ်ရက်စက်တဲ့ စစ်တပ်ကို ဖယ်ရှားဖို့အတွက် လူငယ်တွေအပါအဝင် ပြည်သူလူထုက လက်နက်ကိုင် ခုခံတော်လှန်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြရပါတယ်။
ဒါကို စစ်တပ်က တဖန်ပြန်ပြီးအကြမ်းဖက်သောင်းကျန်းမှု ကျူးလွန်သူတွေလို့ စွပ်စွဲတံဆိပ်ကပ်ပါတယ်။ တဖက်မှာလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တချိန်လုံးစွဲကိုင်လာခဲ့တဲ့ အကြမ်းမဖက်ရေးမူ၊ ငြိမ်းချမ်းရေးလမ်းစဥ်နဲ့ သွေဖည်ပြီး ပြည်သူလူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သပ်လျှိုဖို့ စစ်အုပ်စုက အသံထုတ်ခဲ့ပါတယ်။
သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံကို ပြည်သူလူထုကြီးက စစ်အာဏာသိမ်းမှု ၄နှစ် ၄လနီးပါးအထိတိုက်ရိုက်ကြားခွင့်မရခဲ့ကြရပါဘူး။ လက်ရှိ ပြည်သူလူထုအများစုကြီး ပါဝင် ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေး တနည်းအားဖြင့် လက်နက်ကိုင်တိုက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ‘ထောက်ခံ၏၊ မထောက်ခံ၏’ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာမှသာ အတိအလင်းသိကြရမှာပါ။
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့်ကတော့ NUG ပြန်ကြားရေးစာမျက်နှာကတဆင့် ‘ဒေါ်အောင်ဆန်းစုကြည်နှင့် လက်နက်ကိုင်တော်လှန်ရေး’ ခေါင်းစဥ်နဲ့ ဆောင်းပါးတစ်ပုဒ် ဇွန်လ ၁၇ ရက်မှာ ရေးသားလာပါတယ်။ ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်ခြင်းမူဝါဒကို မပြောင်းလဲဘဲ ကိုင်စွဲမယ်လို့ အတည်မပြုထားကြောင်း၊ NUG၊ NUCC တို့လို အဖွဲ့တွေဟာ မဖွဲ့မဖြစ်လို့ ဖွဲ့စည်းရပြီး အဲဒီလုပ်ဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နားလည်သဘောပေါက် ထောက်ခံလိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ဦးဟံသာမြင့်က ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း “ကျွန်တော့်အယူအဆကို ပြောရမယ်ဆိုရင် လက်ရှိတော်လှန်ရေးကိုသာ အန်တီအနေနဲ့ မထောက်ခံဘူးဆိုရင် ဒါအကြမ်းဖက်စစ်အုပ်စုလိုချင်နေတဲ့ ကိစ္စပဲလေ။ အန်တီကသာရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ ဒီတော်လှန်ရေးအပေါ်မှာ တစုံတရာထောက်ခံမှု ရှိနေတယ်လို့ သုံးသပ်တယ်။ ဒါကြောင့်မို့ စစ်အုပ်စုက အခုအချိန် လူထုနဲ့ အန်တီကြားကို အဆက်အသွယ်ဖြတ်ပြီး လူထုမြင်ကွင်းကနေ အန်တီကို ပျောက်ကွယ်နေအောင် လုပ်ထားတာပေါ့နော်” လို့ ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၆ရက်မှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေအတွင်း ရက်ပေါင်း ၆၅၀ ကြာ ချုပ်နှောင်ခံခဲ့ရသူ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ်ဟာ နေပြည်တော်တရားခွင်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းခဏတွေ့ဆုံခဲ့တယ်လို့ ‘An Unlikely Prisoner’ အမည်ရှိ စာအုပ်မှာ ရေးသားပါတယ်။ မစ္စတာရှောင်တာနဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၂၂ စက်တင်ဘာရုံးချိန်းတစ်ခုမှာ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။
ရှောင်ရဲ့အဆိုအရ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက်အာဏာသိမ်းစစ်ကောင်စီကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခုခံနေတဲ့လူငယ်တွေ၊ ပြည်သူသူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ယူကြောင်း နဲ့ ပြည်သူတွေကို မျှော်လင့်ချက် ဆက်ထားဖို့၊ အရှုံးမပေးကြဖို့ ပြောကြားတယ်လို့ သိရပါတယ်။
စီးပွားရေးပညာရှင်၊ ပါမောက္ခတစ်ဦးဖြစ်တဲ့ မစ္စတာရှောင်တာနဲလ်က ဒေါ်အောင်ဆန်းစုကြည် မပြောတာကို လိမ်လည်ပြီး ရေးသားမယ်လို့ မထင်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကို အလေးထားပြီးသားဖြစ်ပြီး ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ပြဿနာမရှိဘူးလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က သုံးသပ်ပါတယ်။
“သေချာတာက ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို ယုံတယ်။ ပြည်သူ့ဆန္ဒနဲ့ ကင်းကွာပြီးတော့ အလုပ် လုပ်မှာမဟုတ်ဘူး” လို့ ဦးဘိုကြည်က အခိုင်အမာ ဆိုလိုက်ပါတယ်။ ။
