ရှိန်း/People’s Spring
လက်နက်ကြီး နဲ့ သေနတ်ပစ်ခတ်သံတွေကြားထဲ ကိုသူ တစ်ယောက် အရင်လိုမဟုတ်ပဲကြောက်လန့်စိတ်တွေဝင်လာပါတယ်။
၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းမှာကိုသူဟာမတ္တရာမြို့နယ်နဲ့အနီးတဝိုက်မြို့နယ်တွေမှာ ရှေ့တန်းကနေလက်နက်စွဲကိုင်တော်လှန်ခဲ့သူပါ။
“ဒီအသံတွေကိုကျွန်တော်ကြောက်လာတယ်။စစ်တိုက်ချင်စိတ်လုံးဝမရှိတော့ဘူး”လို့ကိုသူကပြောပါတယ်။

Public Service Announcement
စစ်အာဏာရှင်ကိုလက်နက်ဆွဲကိုင်ခုခံတော်လှန်ခဲ့တာ ၄ နှစ်ကျော်လာချိန်မှာ ရှေ့တန်းကိုသွားနေရတဲ့တော်လှန်ရေးရဲဘော်တချို့ဟာ မတူညီတဲ့စိတ်ဖိဆီးမှုတွေ ကိုယ်စီရှိနေကြပါတယ် ။စစ်တပ်အာဏာမသိမ်းခင်က ကျောင်းသားတွေ၊အင်
ဂျင်နီယာတွေ ၊ကျောင်းဆရာတွေ၊ ဆရာဝန်တွေ၊ ကာယလုပ်ငန်းလုပ်သူတွေ ၊ဂိမ်းကစားနေသူတွေစတဲ့ အလွှာမျိုးစုံက လူငယ်တွေ၊လူလတ်ပိုင်းအများစုဟာ စစ်အုပ်စုရဲ့အာဏာသိမ်းမှု နဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကိုစစ်တပ်ကရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့တာအခါမှာ ဒီမိုကရေစီ ၊လူ့အခွင့်အရေးနဲ့ မိမိတို့ရဲ့အခွင့်အရေးတွေပြန်ရဖို့ လက်နက်စွဲကိုင်ခုခံတော်လှန်ကြပါတယ်။ အလွှာမျိုးစုံ ၊ဘဝနောက်ခံမျိုးစုံ ၊ဘဝဖြတ်သန်းမှုမျိုးစုံက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာ တော်လှန်ရေးကာလ ရှည်ကြာလာတဲ့အခါ မတူညီတဲ့ဖိအားတွေရှိလာကြပါတယ်။ဒါပေမယ့် စိတ်ဖိစီးမှုတွေကိုအကောင်းဆုံးချေဖျက်ကျော်လွှားနိုင်တဲ့ရဲဘော်တွေလည်းအများကြီးရှိပါတယ်။
ကိုသူ ဟာတပ်ကိုပြောင်းရွေ့ခွင့်တင်ထားတာမို့ သူ့ရဲ့တပ်ရင်းနာမည်ကိုတော့ ရေးသားဖော်ပြခွင့်မပြုပါဘူး။အင်တာဗျူးဖြေတဲ့အချိန်အထိ ကိုသူဟာစစ်ပွဲဖြစ်နေတဲ့နေရာမှာပဲရှိနေပါသေးတယ်။တပ်ဖွဲ့မှာစိတ်ချရပြီး နေရာတခုရထားသူမို့ သူကဖုန်းသုံးခွင့်တော့ရထားပါတယ်။
၂၀၂၄ ဇွန်လကစတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းမှာ ကိုသူရဲ့နယ်မြေမှာစစ်ရေးပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲတွေမှာနှစ်ဖက်အထိခိုက်အကျဆုံးများသလို စစ်သားတွေရဲ့မိသားစုဝင်အများအပြားကိုပါဖမ်းဆီးမိခဲ့တာတွေလည်းရှိပါတယ်။
ဒီတိုက်ပွဲတွေမှာ ကိုသူဟာရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲအပြီးမှာ သူရဲ့စိတ်တွေဟာ အရင်လိုမဟုတ်ပဲ စိုးရိမ်ထိတ်လန့်စိတ်တွေဝင်လာတာပါ။
“ပြောရတာရဲဘော်တယောက်အနေနဲ့ရှက်စရာကောင်းတာပေါ့။ဒါပေမယ့်ကျွန်တော်ညတွေဘယ်လိုမှအိပ်မရဘူး။ကျွန်တော့်ကိုသတ်မှာကြောက်သလိုကျွန်တော်ကလူတွေသတ်ရမှာလည်းကြောက်လာတယ်”လို့ ကိုသူကသူကြုံနေရတဲ့ အခက်အခဲကိုပြောပါတယ်။
အဲဒီနောက် သူဟာညဆိုကယောင်တမ်းနဲ့ တပ်ဖွဲ့ဝင်အချင်းချင်းကိုသေနတ်နဲ့ချိန်တာမျိုး၊ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ခတ်ဖို့ လုပ်တာမျိုးတွေအထိပါလုပ်မိတယ်လို့ကိုသူကဖွင့်ဟပါတယ်။
အဆိုးဝါးဆုံးအနေအထားကိုကျူးလွန်မိတာကတော့ ၂၀၂၄ခုနှစ်စက်တင်ဘာလထဲကပါ။
အိပ်နေရင်း ရုတ်တရက်သေနတ်ကိုမောင်းထတင်ပြီး ကိုယ့်ကိုယ်ပစ်ဖို့လုပ်တာပါ။ဘေးနားမှာရှိနေတဲ့ရဲဘော်ကသေနတ်ကိုဆွဲယူနိုင်လိုက်တာမို့ အထိခိုက်မရှိ ကျည်ကဘေးကိုထွက်သွားတာလို့ဆိုပါတယ်။
“ရုတ်တရက် ကျွန်တော်ဘာဖြစ်သွားမှန်းကိုယ့်ကိုယ်မသိလိုက်ဘူး “လို့ကိုသူကပြောပါတယ်။
အဲဒီနောက်သူ့တပ်ဖွဲ့မှာတိုက်ခိုက်ရေးနေရာမဟုတ်ဘဲ သူ့ကိုတခြားနေရာမှာတာဝန်ချပေးဖို့ခွင့်တောင်းထားပါတယ်။အခုထိတော့ကိုသူဟာစစ်ပွဲထဲမှာရှိနေဆဲပါ။
သာမန်ရက်တွေမှာတောင်ကိုသူက ညဘက်အိပ်မပျော်တာ၊အသံတခုခုကြားရင်ထိတ်လန့်တာ၊ပျော်လာလိုက်၊ဝမ်းနည်းသွားလိုက်စတဲ့စိတ်အခြေအနေတွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။
“စိတ်ဓာတ်တခုထဲနဲ့ကျွန်တော်အခုထိတောင့်ခံနေခဲ့တာ။ညဘက်ဆိုရင် ကျဆုံးရဲဘော်တွေကိုယ့်ဆီရောက်လာတာမျိုး၊စစ်သားအသေတွေကထလာတာမျိုး အိပ်မက်တွေမက်တယ်။ကျွန်တော်ဘယ်လိုမှအဆင်မပြေဘူး”လို့ ကိုသူကပြောပါတယ်။
ကိုသူဒီလိုစိတ်အခြေအနေဖြစ်နေတာကိုသူ့တပ်ဖွဲ့ကခေါင်းဆောင်ပိုင်းတချို့က မယုံပဲ လုံးဝလက်မခံဘူးလို့လည်းပြောပါတယ်။
စစ်မတိုက်ချင်တော့ဘူးလို့ငြင်းတာကြောင့် ဘာစကားပြောတာလဲ။ယောကျာ်းမဟုတ်ဘူးလားဆိုပြီး ပြန်တုန့်ပြန်တာတွေလည်း ရှိတယ်လို့ကိုသူကပြောပါတယ်။
ကိုသူက မတ္တရာမြို့နယ်ဇာတိပါ။အသက်၃၀ကျော်အရွယ်ဖြစ်ပြီး ဇနီးဖြစ်သူ နဲ့ ၁၀နှစ်အရွယ်သားတယောက်ရှိပါတယ်။သူ့ရဲ့လက်ရှိဆန္ဒကတော့မိသားစုဆီပြန်ချင်နေတာပါပဲ။
“အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်”လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။
ကိုသူလိုပါပဲ မုံရွာခရိုင်တပ်ရင်း (၄) ရဲ့ တပ်ရင်း တာ၀န်ခံ (ပြန်ကြားရေးတာ၀န်ခံ) ကိုဘာဘိုဆာ (Barbossa) ကလည်းကားသံတွေနဲ့အသံဆူတာတွေကြားရင်ကိုစိတ်မလုံခြုံဖြစ်ပြီး ညဖက်တွေအိပ်မပျော်ပဲဖြစ်နေတာ ၃နှစ်ကျော်နေပြီလို့ပြောပါတယ်။
“ညဆို ကျွန်တော့်ဘေးက လူတွေနိုးလာတဲ့အသံကြားမှပဲကျွန်တော်အိပ်ပျော်တာ။မဟုတ်ရင်ခဏခဏ လန့်နိုးတာ။သေချာအိပ်ရတဲ့ညကိုမရှိသေးဘူး”လို့ ကို ဘာဘိုဆာကပြောပါတယ်။
သူစိုးရိမ်စိတ်သိသိသာသာ ပိုလာတာရဲ့အကြောင်းရင်းကတော့ တော်လှန်ရေးကာလစတင်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကစပြီး ကိုပေတလူနေအိမ်အပါအဝင်စခန်းအများစုကို စစ်တပ်ကဝင်စီးတာခံရပါတယ်။
၂၀၂၂ခုနှစ်မှာ မုံရွာမြို့နယ်အရှေ့ခြမ်းမှာသူတို့စခန်းဝင်ရောက်စီးနင်းခံရပါတယ်။ ညကင်းနဲ့ရောက်လာတဲ့စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီအချိန်က ကိုဘာဘိုဆာ တို့ (Chindwin Attack Force) မှ တပ်ရင်း(၃)ရင်း နဲ့ တပ်ခွဲ ၁၂ ခွဲ ရှိပေမယ် လက်နက်အစစ် က (၆)လက်သာရှိတာမို့ ခံပစ်ဖို့ကလည်းမဖြစ်နိုင်ပါဘူး။ရှိသမျှပစ္စည်းအကုန်သယ်ပြီး ထပြေးကြရပါတယ်။

အဲဒါအပြင် ကိုဘာဘိုဆာ ရဲ့ ပြန်ကြားရေးလုပ်တဲ့ဖုန်းနံပါတ်ပေါက်ကြားပြီး GPS(တည်နေရာ)ထောက်လှမ်းခံရပါတယ်။ဒီလိုမျိုးကြောင့် ကို Barbossa မကြာခဏ အသက်လုပြေးခဲ့ရတာတွေပါ။
၂၀၂၃ခုနှစ်မှာ ဆားလင်းကြီးမြို့နယ်ကိုပြောင်းရွေ့ချိန်မှာလည်း နိုဝင်ဘာလလောက်မှာ ထပ်ပြီးစခန်းကိုဝင်စီးခံရတာမို့ မနက်အစောကြီးထပြေးရတာတွေလည်းကြုံတွေ့ခဲ့ရပြန်ပါတယ်။
“ကျွန်တော်ကအရင်အရမ်းအအိပ်မက်တဲ့လူ။ရုံးဝန်ထမ်းဘဝကဆိုရင်တနင်္ဂနွေပိတ်ရက်ဆို ကျွန်တော်အမြဲအိပ်နေတာ”လို့ကိုဘာဘိုဆာ ပြောပါတယ်။
ဒါပေမယ့် ၂၀၂၁ကနေ ၂၀၂၄ခုနှစ်အထိ ကိုဘာဘိုဆာ သေချာအိပ်ပျော်တဲ့ရက်မရှိသေးဘူးလို့ဆိုပါတယ်။
ကိုသူ ၊ကိုဘာဘိုဆာ တို့ကြုံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီးဆရာဝန်နဲ့ဆွေးနွေးကြည့်လားလို့ မေးကြည့်တဲ့အခါမှာ ကိုသူရော၊ကိုဘာဘိုဆာရောက သူတို့အခြေအနေက ဆရာဝန်နဲ့ဆွေးနွေးဖို့မလိုအပ်ဘဲ စိတ်ဖိဆီးမှုတခုကြောင့် ဖြစ်တာလို့ပဲပြန်ပြောကြပါတယ်။
“ဒီတော်လှန်ရေးပြီးမှ ဒီအခြေအနေက ပျောက်သွားမှာပဲ”လို့ ကိုဘာဘိုဆာကပြောပါတယ်။
လက်ရှိစိတ်ကျန်းမာရေးကို ဆွေးနွေးပေးနေသူ ဆရာမ လီလီကတော့ ကိုသူ ၊ကိုဘာဘိုဆာ နဲ့PDF တွေ အနေနဲ့ ကာလရှည်ကြာ စိတ်ဖိစီးမှုမျိုး ခံစားနေရနိုင်ကြောင်း ယူဆခဲ့ပြီး တိုက်ပွဲဝင်ရဲဘော်တွေအတွက် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့သင်တန်းတွေကို သက်ဆိုင်ရာ တပ်ရင်း၊တပ်ဖွဲ့တွေအလိုက်လုပ်ပေးစေချင်တယ်လို့ အကြံပြုပါတယ်။
“ဒီမှာတော့ အခြေအနေအရ သင်တန်းတွေပေးတယ်၊ စိတ်နဲ့ပတ်သက်တဲ့ သင်တန်းတစ်ခုမှ မပါပဲ တိုက်ပွဲဝင်ခိုင်းလိုက်တာ၊အဲဒီမှာစမှားခဲ့တာပါပဲ။
မှားတယ်လို့တော့ မပြောချင်တောဘပါဘူး၊ နှောင်းလည်းနှောင်းခဲ့ပြီဆိုတော့”လို့ ဆရာမ လီလီကဆိုပါတယ် ။
အမေရိကန်၊ ရုရှားနဲ့ တခြားစစ်အင်အားအခြေခိုင်တဲ့ နိုင်ငံတွေမှာ စစ်သည်တွေကိုတိုက်ပွဲအတွင်းစိတ်ဓါတ်ခိုင်မာစေဖို့ စစ်မြေပြင်ကိုမထွက်ခင် စိတ်ပိုင်းဆိုင်ရာသင်တန်းအရင်ပေးပြီးမှသာ စစ်မြေပြင်ကို စေလွှတ်ကြောင်း ရှင်းပြပါတယ်။
စိတ်ဒဏ်ရာကြောင့် အိပ်မပျော်တာ တစ်လနဲ့အထက်ရှိလာသူတွေဟာရက်ရှည်စိတ်ဒဏ်ရာ(PDSD)ရနေတာတွေဖြစ်ပြီး ဒါကို စောစောကုသင့်တယ်လို့လည်း ဆရာမလီလီက အကြံပေးထားပါတယ်။
တကယ်လို့သာကုသမှုမပေးရင် “သူတို့ဟာ လက်နက်ကိုင်ထားတဲ့သူတွေဖြစ်ကြတော့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ချင်စိတ်လည်းရှိနေတယ်ပြောတော့ သေနတ်ရှိနေချိန်မှာကိုယ့်ဟာကိုယ်လုပ်လိုက်နိုင်တယ်။ဒါကိုမဖြစ်စေချင်ဘူး Suicide ဆိုတာကာကွယ်လို့ရတယ်”လို့ ဆရာမ လီလီကပြောပါတယ်။
ညဘက်အိပ်မပျော်တဲ့ရက်တွေကြာလာရင်အရက်စွဲတာ၊မူးယစ်ဆေးစွဲတာကနေ စိတ်ကျရောဂါရောက်တဲ့အထိဖြစ်လာနိုင်တာမို့ ကြိုတင်ကုသဖို့လည်းသူကအကြံပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ စစ်ကြောင်းမှူးတချို့ကို People’s Spring ကမေးကြည့်တဲ့အခါတပ်ဖွဲ့တွေမှာရဲဘော်တွေအနေနဲ့ စိတ်ဓာတ်ကျတာမျိုးမရှိသလို၊စစ်သားတွေဖြစ်နေတဲ့အတွက် ကျရာတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စိတ်ကျတာမျိုးတွေကို သူတို့လက်မခံဘူးလို့ အများစုကပြောကြပါတယ်။
၁၀၂၇ဒုတိယလှိုင်းမှာပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း-၁၈ရဲ့ပြန်ကြားရေးတာဝန်ခံကတော့”စစ်တိုက်တာဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်တာတွေ၊ဒရမ်မာခင်းတာမျိုးတွေမရှိဘူး။ရှိလို့လည်းအဆင်မပြေပါဘူး”လို့ ပြောပါတယ်။

စစ်ဆင်ရေးထဲရောက်နေကျတဲ့ရဲဘော်တွေထဲမှာအိမ်ပြန်ချင်တဲ့ရဲဘော်တချို့သာရှိပြီး စိတ်ကျတာမျိုး ၊အိပ်မပျော်တာမျိုးဖြစ်တဲ့ရဲဘော်မျိုးမရှိဘူးလို့ စစ်ကြောင်းမှူးတွေကဆိုကြပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်က စစ်မြေပြင်မှာရှိနေတဲ့ GZတပ်တော်က စစ်ကြောင်းမှူးက”ကျွန်တော့်စစ်ကြောင်းထဲမှာ ညအိပ်မပျော်တဲ့ရဲဘော်ကရှားတယ်ဗျ။ကျွန်တော်နဲ့စစ်တိုက်ခဲ့ကြတဲ့ရဲဘော်တွေဆိုကြာတယ်ဗျာ။တပွဲက သုံးလကြာတယ်။တပွဲကငါးလကြာတယ်။ကြာတော့စစ်ပန်းတဲ့အခါကြအိပ်တာပဲ”လို့ပြောပါတယ်။
ရဲဘော်တွေကစစ်ပန်းလာတဲ့အချိန်အိမ်ပြန်ချင်တာနဲ့အိပ်ချင်တဲ့ရဲဘော်တွေပဲရှိတယ်လို့GZတပ်တော်က စစ်ကြောင်းမှူးကဆိုပါတယ်။
စိတ်ရောဂါကုသပေးနေတဲ့ ဆရာမ လီလီကတော့စစ်သားတွေဟာ စိတ်နဲ့ပတ်သက်ရင် သန်မာနေရမယ်၊စိတ်ကျလို့မရဘူးဆိုတဲ့ အယူအဆဟာမှန်မနေကြောင်းကိုထောက်ပြခဲ့ပါတယ်။
တိုက်ပွဲဝင်စိတ်ဓါတ်ခိုင်မာဖို့သင်တန်းတွေပေးတယ်ဆိုတာဟာ စိတ်ဓါတ်တွေ မာကျောခတ်ထန်လာအောင်သင်တန်းပေးတာမဟုတ်ဘူးလို့လည်းသူကရှင်းပြပါတယ်။
“တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဆိုင်ရာသင်တန်းပေးတယ်ဆိုတာ ကြောက်တက်ဖို့သင်ပေးတာ၊ စစ်ဆိုတာကြောက်ဖို့ကောင်းတယ်ဆိုတာကိုသိမှ ကိုယ့်အသက်မသေအောင် ကာကွယ်ဖို့ကြောက်တက်မှရတာ၊ ကြောက်တက်မှ အသက်မသေအောင် တဖက်ရန်သူကို ရင်ဆိုင်နိုင်မှာ ၊ ကြောက်တာနဲ့ရဲတာဆိုရင် လူတွေက ရဲတာကိုလိုချင်ကြတာပေါ့နော်၊ စစ်သားတစ်ယောက်ဖြစ်ဆိုရင် မပျော့ညံ့ရဘူး၊ မကြောက်ရဘူး၊ မငိုရဘူး ဆိုတဲ့ အယူအဆကြီးက လုံးဝမှားတယ်ပေါ့နော်”ဆရာမလီလီကပြောပါတယ်။
ဒါပေမယ့် PDF တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၃(ဒေါနတပ်ရင်း) ရဲ့ စစ်ဆင်ရေးမှူးရဲဘော်စောဒါးကိုကတော့ စိတ်ကျန်းမာရေးပြသာနာကိုသူကိုယ်တိုင်တခါတရံကြုံရတယ်လို့ပြောပါတယ်။
တော်လှန်ရေးလေးနှစ်အတွင်းမှာ ရှေ့တန်းမှာကြမ်းတမ်းတဲ့တိုက်ပွဲတွေကို အချိန်အကြာကြီးရင်ဆိုင်ဖြတ်သန်းလာရတဲ့အခါ စိတ်ကျန်းမာရေးပြသာနာကြုံရတက်တယ်လို့ရှင်းပြပါတယ်။
“ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း ပြန်ကုစားတာပေါ့”လို့သူကဆက်ပြောပါတယ် ။
သူကဆက်ပြီးတော့ “ကျနော်တို့ ရဲဘော်တွေမှာလည်း counselling(နှစိသိမ့်ဆွေးနွေးပေးတာ) လိုမျိုး လုပ်ပေးနိုင်ရင်ကောင်းတာပေါ့။ တချို့ရဲဘော်တွေက တိုက်ပွဲမှာ ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေက တချို့ ကျနော်တို့မှာ ကိုယ့်ကိုယ်ကိုယ် တကယ့်Suicide (သေကြောင်းကြံစည်မှု)လုပ်လိုက်တဲ့ ရဲဘော်တွေလည်း ကြုံတွေ့ရတာပေါ့။ သူတို့ရဲ့ အဓိက စိတ်အားငယ်မှုတွေပေါ့နော်။ အဲဒီမှာ ကျနော်တို့ ရဲဘော်တယောက်ဆိုရင် ခြေဖြတ်ရတဲ့အပေါ်မှာ ရဲဘော်က သူစိတ်အားငယ်တာပေါ့။ အဲဒီမှာ သူ့ကောင်မလေးကလည်း သူ့ကိုပစ်ထားတယ်ဆိုပြီးစိတ်ခံစားမှုနဲ့ကိုယ့်ကိုယ်ကိုယ် Suicideလုပ်လိုက်တဲ့ဟာလည်းကြုံတွေ့ရတပေါ့”လို့ရဲဘော်စောဒါးကိုက အတွေ့အကြုံကိုမျှဝေပါတယ်။

နွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အစီစဥ်နဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နိုင်တဲ့ တယ်လီကျန်းမာလိုမျိုးအဖွဲ့အစည်းတွေရှိလာပါတယ်။
တယ်လီကျန်းမာဟာ ကျန်းမာရေးပြသနာမျိုးစုံကို ကျွမ်းကျင်ဆရာဝန်တွေနဲ့ပြသနိုင်သလို စိတ်ကျန်းမာရေးအတွက်အခမဲ့ Counseling ပြုလုပ်လို့ရနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် အမေရီကန်နဲ့ ဗြိတိန်တို့ကစိတ်ကျန်းမာရေး နဲ့ပတ်သက်တဲ့ ဌာနတွေကအိပ်မရတာ ၊စိတ်ဓါတ်ကျတာ ၊ စိုးရိမိထိတ်လန့်စိတ်တွေရှိတာ၊ ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာတဲ့အခြေအနေ တွေဆိုရင် အခုလိုအကြံပေးပါတယ်။
ကိုယ်ယုံကြည်ရသူနဲ့ စကားပြောပေးပါ။မိသားစု၊ မိတ်ဆွေ၊ ဆရာ စတဲ့ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့စကားပြောပါ။စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင် ၊ဆရာဝန်တစ်ဦးနဲ့ တွေ့ပြီး ဆွေးနွေးတိုင်ပင်လမ်းညွှန်မှုခံယူပါ။
ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့မကြာခဏပေါ်လာရင် အရေးပေါ်အကူအညီလိုအပ်နေပါတယ် ။စိတ်ကျန်းမာရေးနဲ့ ကျန်းမာရေးကိုကုစားပေးနိုင်တဲ့ဆေးရုံ၊ဆေးခန်းကိုဆက်သွယ်အကူအညီတောင်းဖို့လိုပါတယ် ။
ဒီလိုစိတ်အခြေအနေဖြစ်လာရင် ကိုယ်စိတ်ကို ပိုဂရုစိုက်ပေးပါ။ ကောင်းကောင်းအိပ်စက်တာ၊ အစာကောင်းကောင်းစားတာ၊ လမ်းလျှောက်တာ၊အားရှိအောင်နေတာစတာတွေလုပ်ပေးပါ။
ကိုယ့်ကိုပူပန်စေတဲအရာတွေကိုစိတ်ထဲကထုတ်ပြီး ကိုယ်ဝါသနာပါတာစာရေးတာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ဘောလုံးကန်တာစတာမျိုးတွေလုပ်ပါ။
အင်တာနက်နဲ့ ဖေစ်ဘွခ်အပါအဝင်လူမှုကွန်ယက်မီဒီယာတွေသုံးတာ လျှော့ချတာ၊သတင်းတွေဖတ်တာလျှော့တာ မျိုးလုပ်သင့်ပါတယ်။ဒါအပြင် စိတ်ညစ်စရာတွေ၊ မုန်းတီးစကားတွေ၊ မကောင်းတာတွေပြောတဲ့ လူတွေနဲ့ ပတ်ဝန်းကျင်ကို ရှောင့်ကျဥ်တာမျိုးလုပ်သင့်ပါတယ် ။
စိတ်ကျန်းမာရေးပြသာနာဟာအချိန်တိုအတွင်းသက်သာပျောက်ကင်းတာမျိုးမဟုတ်တဲ့အတွက်အကောင်းမြင်ပြီး စိတ်ရှည်သည်းခံပြီးအထက်ပါအကြံပြုချက်တွေလုပ်ရင် သိသိသာသာတိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ အကြံပြုထားကြပါတယ်။
ရဲဘော်တွေရဲ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗျူဟာ ၃၃(ဒေါနတပ်ရင်း) ရဲ့ စစ်ဆင်ရေးမှူးကလည်းအခုလို အကြံပြုပါတယ် ။
“ဘာပဲဖြစ်ဖြစ် အဲဒါမျိုးတွေက တော်လှန်ရေးရဲ့ ဆိုးမွေပေါ့။ ကျနော်တို့ ဒီဆိုးမွေတွေက တချိန်ကျရင် အများကြီး လုပ်ရမယ်ဆိုတာ ကျနော်မြင်တယ်။ အခုလည်းပဲ အဆင်ပြေရင် ပြေနိုင်သလို ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေကို သွားရောက်ပြီး အဲဒီလိုမျိုးလုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ အဲဒီလိုမျိုး မလုပ်ပေးနိုင်ရင်လည်းကျန်းမာရေးစင်တာလိုမျိုးပေါ့နော် Counselling လုပ်နိုင်တဲ့နေရာလိုမျိုး ရှိရင်တော့ ပိုအဆင်ပြေတယ်။ အဲဒီလိုမျိုးကျနော်တို့က အကြံပြုပါတယ်” ။ ။
