close
Connect with us

Hi, what are you looking for?

သတင်း

အခွန်တိုးကောက်မယ့်စာပို့တဲ့ထရမ့်ကို မင်းအောင်လှိုင် ချီးကျူးမြှောက်ပင့်ပြီးကျေးဇူးတင်၊ ပိတ်ဆို့အရေးယူမှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် မိတ္ထီလာကို ဇူလိုင် ဒုတိယပါတ်ကသွား​ရောက်စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

ဇူလိုင်-၁၂၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဆီ မြန်မာက တင်ပို့တဲ့ ကုန်စည်တွေအပေါ် တန်ဖိုးရဲ့ အခွန် ၄၀ ရာခိုင်နှုန်း တိုးမြှင့် စည်းကြပ်မယ့်အကြောင်း ဇူလိုင် ၇ ရက်နေ့မှာ ထရမ့်က မင်းအောင်လှိုင်ဆီ စာရေးသား ပေးပို့ အသိပေးခဲ့တဲ့နောက် သူ့ရဲ့ ပြန်စာထဲမှာ မင်းအောင်လှိုင်က အခုလို တောင်းဆိုခဲ့တာလို့ Guardian သတင်းစာက ဖော်ပြခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့နောက် အဲဒီတုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက မြန်မာကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ခဲ့ပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီကို အမေရိကန်က သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားပြီး အသိအမှတ် ပြုတာမျိုးလည်းမရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထရမ့်က ကုန်သွယ်ခွန်တွေ တိုးမြှင့်ဖို့ စာပို့ခဲ့တဲ့ အခါမှာတော့ မင်းအောင်လှိုင်က အမေရိကန်ရဲ့ အရာသွင်း ဆက်ဆံမှု ခံရတယ်လို့ ယူဆပြီး ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအပေါ် အခွန်အများကြီး တိုးမြှင့်မယ်ဆိုတာ အသိပေးထားတဲ့ ထရမ့်ရဲ့ စာအတွက် အထူးတလည် ကျေးဇူးတင်ကြောင်းမင်းအောင်လှိုင်က တုံ့ပြန်ခဲ့ပြီးထရမ့်ကအမေရိကန်ကို စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ် အခြေပြုပြီး နိုင်ငံသာယာ ဝပြောအောင် အင်အားကောင်းကောင်း ဦးဆောင်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။

Gurdian သတင်းစာကတော့ မင်းအောင်လှိုင်ဟာ ထရမ့်က အခွန်တိုးကောက်မယ့်အကြောင်း သူ့ဆီ လိပ်မူပြီး စာပို့လိုက်တာကို တရားဝင် အသိအမှတ်ပြု ခံရမှုအဖြစ် လိုရာဆွဲ ယူဆပြီး ပျော်မြူးနေတာလို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အကျပ်အတည်းရေးရာအဖွဲ့ (ICG)ရဲ့ မြန်မာ့အရေး အကြံပေး တစ်ဦးဖြစ်တဲ့ ရစ်ချတ် ဟော်ဆေးကတော့ ထရမ့်ရဲ့ ပေးစာဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို အာဏာပိုင် အဖွဲ့အစည်း သဘောမျိုး အမေရိကန်ဖက်က ပထမဆုံး ပြောဆိုဆက်ဆံမှုလည်း ဖြစ်လာတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ဟာ အခြေအနေအရ စစ်ကောင်စီနဲ့ ဆက်ဆံမှုတွေ ရှိခဲ့မှာ ဖြစ်ပေမယ့် နောက်ကွယ်မှာပဲ သိုသိုသိပ်သိပ် လှုပ်ရှားခဲ့ပြီး အခုလို လူသိရှင်ကြား ပေးစာပို့တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ နောက်ပြီး စာထဲမှာ ထရမ့်နာမည်တပ်၊ ထရမ့်လက်မှတ်ထိုးထားပေမယ့် ထရမ့်ကိုယ်တိုင်က မင်းအောင်လှိုင်ဆီ စာပို့တာမျိုးတော့ မဟုတ်နိုင်ဘူးလို့လည်း ဟော်ဆေးက သုံးသပ်သွားပါတယ်။

မင်းအောင်လှိုင်က ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ အခြေအနေကို သူအာဏာသိမ်းတဲ့ လုပ်ရပ်နဲ့လည်း မရမက နှိုင်းယှဉ်ပြထားခဲ့ပါသေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို ရှုံးခဲ့တဲ့နောက် ထရမ့်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံက ၂၀၂၀ ရွေးကောက်ပွဲမှာ အလားတူ မူမမှန်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ ပြန်စာထဲမှာ ရေးထားခဲ့ပါတယ်။ သူဟာ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ ခိုင်မာမှု မရှိတဲ့ စွပ်စွဲချက်ကို အခြေပြုပြီး အာဏာသိမ်းခဲ့တာပါ။

VoA၊ RFAစတဲ့ သတင်းဌာနတွေကို ထရမ့်က အမေရိကန် အစိုးရ ထောက်ပံ့ငွေတွေ ဖြတ်တောက်ပစ်ခဲ့တာကိုလည်း မင်းအောင်လှိုင်က ချီးကျူးခဲ့ပြီး အဲဒီ အေဂျင်စီတွေကို စည်းကမ်းကြပ်မတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး ဖြေလျှော့ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကိုလည်း အခွန်နှုန်းထား ၁၀ နဲ့ ၂၀ ရာခိုင်နှုန်းကြားသာ သတ်မှတ်ပေးဖို့၊ အပြန်အလှန်အဖြစ် အမေရိကန် သွင်းကုန်တွေကို မြန်မာဖက်က အခွန်ကင်းမဲ့၊ ဒါမှမဟုတ် တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းသာ ကောက်ယူတဲ့အထိ လျှော့ပေါ့ပေးဖို့ ဆိုတာတွေကို အဆိုပြုထားခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ စကားလုံးတွေကို ထရမ့်က နားဝင်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ဟော်ဆေးက ဆိုပါတယ်။ မင်းအောင်လှိုင်ဟာ ရွေးကောက်ခံ ခေါင်းဆောင် မဟုတ်သလို တရားဝင်မှုလည်း မရှိပေမယ့် နိုင်ငံခေါင်းဆောင် တစ်ယောက်က ကုန်သွယ်ရေးကဏ္ဍအတွက် ညှိနှိုင်းသလိုမျိုးတွေ ရေးသားထားတယ်လို့ သူက ပြောပါတယ်။

ထရမ့်က အမေရိကန်ရဲ့ အကျိုးစီးပွား နစ်နာမှုတွေကို ကုစားဖို့အတွက် ကုန်သွယ်ဖက် နိုင်ငံတွေကို မတူညီတဲ့ နှုန်းထားတွေနဲ့ သွင်းကုန်အခွန်တွေ တိုးမြှင့် စည်းကြပ်သွားမယ်လို့ ကြေညာထားပါတယ်။

ကိုးကား-Guardian

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးတုန်းက ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA)ဟာ အရေးတကြီး ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ အရေအတွက် ထောင်နဲ့ချီပြီ ပြန်မဖြေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတကာ

ဗုံးကြဲဖျက်ဆီးတာ ခံခဲ့ရတဲ့ သန့်စင်လက်စ ယူရေနီယမ် တချို့တလေကို အီရန်က ပြန်ရသွားပေမယ့် နျူကလီးယား သုတေသန လုပ်ငန်း လည်ပတ်မှုတွေ အားလုံးကတော့ ရပ်တန့်သွားပြီလို့ အစ္စရေးက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဆီယံရဲ့ ထောက်ခံမှုကိုရယူဖို့ မျှော်လင့်နေတဲ့ စစ်ကောင်စီအတွက် အထိနာစေမယ့်အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

သတင်း

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား ရန်လိုတိုက်ခိုက်နေမှုတွေကိုအရှေ့တောင်အာရှ ၊ တရုတ်၊ရုရှား နဲ့ အမေရိကန် သံအရာရှိတွေပူးပေါင်းပြီးရှုတ်ချသွားမယ်လို့သိရပါတယ်။