ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဆီက စည်းလွတ်ဝါးလွတ် ထိုးနှက်တိုက်ခိုက်တဲ့ စကားတွေအတွက် စိတ်ပျက်မိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဖက်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ဖြစ်ပွားနေတဲ့ နယ်စပ်ရေးရာ တင်းမာမှုတွေကိုတော့ သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့က ပိုမိုအရေးကြီးကြောင်း ထိုင်းဖက်က ဆိုပါတယ်။
လက်ရှိမှာ ကမ္ဘေားဒီယား လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်းဟာ Facebookပေါ်မှာ ၃ နာရီကျော်ကြာတဲ့ Livestream ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ နယ်စပ်အရေး ကိုင်တွယ်ဖြေရှင်းပုံတွေကို လူသိရှင်ကြား ဆိုးဆိုးရွားရွား ပုတ်ခတ် ဝေဖန်ခဲ့ပါတယ်။
ကမ္ဘောဒီးယားကို ဆယ်စုနှစ် လေးခုနီးပါးလောက် အုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ သားဖြစ်သူ ဟွန်မာနတ်ကို ဝန်ကြီးချုပ်ရာထူး ပြောင်းလဲ အပ်နှင်းခဲ့တဲ့ ဟွန်ဆန်းဟာ ဖေထောင်ထန်ရဲ့ ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကိုလည်း အပြင်းအထန် ထိုးနှက်ခဲ့ပါသေးတယ်။ ဟွန်ဆန်းဟာ လက်ရှိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ စတင်မလာခင်ထိ ရှီနာဝတ်ထ် မိသားစုရဲ့ အရင်းနှီးဆုံးမိတ်ဆွေ၊ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ်အဖြစ် ရှိခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက ဟွန်ဆန်း လုပ်ကိုင် ပြောဆိုသမျှဟာ သံတမန်ရေးရာ သမားရိုးကျ လုပ်ထုံးလုပ်နည်းတွေနဲ့ အရမ်း ကင်းကွာနေတာကြောင့် အားလုံး အံ့ဩခဲ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement
သူက ထိုင်းဟာ တံခါးတွေ အများကြီးကို ဖွင့်ထားပေးကြောင်း၊ ဟွန်ဆန်းရဲ့ Livestream ဗီဒီယို ထွက်ပေါ်ခဲ့ပြီးတဲ့တိုင် ထိုင်းကတော့ အဲဒီ တံခါးတွေကို ဆက်ပြီး ဖွင့်ထားဦးမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဟွန်ဆန်းက ဖေထောင်ထန်ဟာ သူနဲ့ သူ့သား ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့ကို အထင်အမြင်သေးတဲ့ ပုံစံနဲ့ ဆက်ဆံခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး သက်ဆင်ဟာ ထောင်ဒဏ် ကျခံနေရချိန်မှာ အကျဉ်းထောင်အစား ဆေးရုံမှာ ဖြတ်သန်း အချိန်ကုန်ခွင့်ရဖို့ နာမကျန်း ဖြစ်နေကြောင်း ဟန်ဆောင်ခဲ့တယ်လို့လည်း ဟွန်ဆန်းက ပြောပါတယ်။ သက်ဆင်ဟာ နေမကောင်း ဖြစ်နေခဲ့တာ မဟုတ်ဘဲ ဟန်ဆောင်နေခဲ့ရုံသာ ဖြစ်တယ်လို့ သူက ဝေဖန်သွားပါတယ်။
ဟွန်ဆန်းဟာ လက်ရှိ အခြေအနေမှာ အသက် ၃၈ နှစ်အရွယ် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန်အတွက် ကြီးမားတဲ့ နိုင်ငံရေး ဖိအားတွေ ကြုံတွေ့နေစေတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ဟွန်ဆန်းနဲ့ ဖေထောင်ထန်တို့ဟာ နှစ်နိုင်ငံ နယ်စပ် ပြဿနာအတွက် အလွတ်သဘော ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး ဖေထောင်ထန်က ထိုင်းစစ်တပ်ကို သိက္ခာကျစေမယ့် စကားတချို့ ပြောမိခဲ့ပါတယ်။ အဲဒီ အသံဖိုင်က ပေါက်ကြားသွားတဲ့နောက် ဖေထောင်ထန်ဟာ ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခံရတာမျိုးထိ အကျပ်အတည်းတွေ ကြုံနေရပါတယ်။ ဟွန်ဆန်းကတော့ အသံဖိုင်ကို ဖွင့်ချခဲ့တာ သူမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
Livestream ဗီဒီယို မထုတ်လွှင့်ခင်တုန်းကလည်း ဟွန်ဆန်းဟာ သက်ဆင်ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားတွေ ပြောခဲ့ပြီး သူ့ကို သက်ဆင်က သစ္စာဖောက်မယ်ဆိုရင် ထိုင်းဘုရင်ရဲ့ မကောင်းကြောင်း သက်ဆင် ပြောဆိုဖူးတာတွေပါ ဖွင့်ချပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပြီး သက်ဆင်အနေနဲ့ ဝန်ကြီးချုပ် ဖြစ်နေတဲ့ ကိုယ့်သမီးကိုယ် ဆုံးမဖို့ လိုတယ်လို့လည်း ဟွန်ဆန်းက ပြောခဲ့ပါသေးတယ်။
နစ်ခွန်ဒက်ဂျ်ကတော့ လက်ရှိ အခြေအနေတွေမှာတောင် ထိုင်းဟာ နှစ်ဖက် နိုင်ငံခြားရေး ဝန်ကြီးတွေကြား တွေ့ဆုံဆွေးနွေးပြီး နယ်စပ်ပြဿနာကို အဖြေရှာဖို့ လိုလားနေဆဲလို့ ဆိုပါတယ်။ ထိုင်းဖက်ကတော့ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကနေ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ရှာတွေ့ဖို့ အပြည့်အဝ မျှော်လင့်နေဆဲလို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားဖက်က မျက်နှာစုံညီ ဆွေးနွေးမှုတွေကို လက်ခံလာအောင် ထိုင်းအနေနဲ့ အစွမ်းရှိသမျှ ကြိုးစား စည်းရုံးဖို့ ရည်ရွယ်ထားကြောင်းလည်း နစ်ခွန်ဒက်ဂျ်က ပြောဆိုသွားပါတယ်။
ကိုးကား: Reuters
