close
Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်က ဇိမ်ခံအိမ် တစ်လုံးကို ကျားဖြန့်နှိမ်နင်းရေး ထိုင်းရဲတပ်ဖွဲ့ စီးနင်း၊ မြန်မာနဲ့ တရုတ် စုစုပေါင်း ၁၇ ဦးကိုဖမ်းဆီး

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Thailand Government PRD

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းမိုင်ရဲ့ ဟန်ဒေါင်ခရိုင်မှာရှိပြီး ရေကူးကန်ပါတဲ့ ဇိမ်ခံ စံအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့တဲ့နောက် မြန်မာ ၂ ဦးနဲ့ တရုတ် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲ့ အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့က Facebookပေါ်မှာ ဇူလိုင် ၁ ရက်နေ့တုန်းက ကြေညာထားခဲ့ပါတယ်။ အမှတ် ၅ ဒေသထဲမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ဧရိယာတွေ အကျုံးဝင်ပါတယ်။

အဖမ်းခံရသူတွေဟာ အဲဒီ ဇိမ်ခံအိမ်ကို သူတို့ရဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့် လှုပ်ရှားမှုတွေမှာ ဌာနချုပ်အဖြစ် အသုံးပြုနေတာလို့ ရဲတွေက ဆိုပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံသား ၁ သိန်းလောက်စီကနေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ သန်းဖိုး ငွေကြေးတွေကို နည်းလမ်းမျိုးစုံနဲ့ လိမ်လည် ရယူခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အိမ်ကိုတော့ ထိုင်းနိုင်ငံသားတွေကို အယောင်ပြ နာမည်ခံစေပြီး ဝယ်ယူထားခဲ့တာလို့ သိရပါတယ်။

အမှတ် ၅ နယ်မြေ ရဲတပ်ဖွဲ့ အကြီးအကဲ ခရစ်တာပေါင် ယီဆာကွန်က ထိုင်းရဲ့ ဆိုက်ဘာ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး အရာရှိတွေ အပါအဝင် ကွဲပြားတဲ့ ဌာနတွေဆီက အင်အားစုတွေ ပူးပေါင်းထားတဲ့ အထူးအဖွဲ့ တစ်ခုကို ဦးဆောင်ပြီး ပစ်မှတ်နေရာကို စီးနင်းစေခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇိမ်ခံအိမ်ထဲမှာ ဖြန့်ကျက် ရှာဖွေတဲ့ အခါမှာတော့ ကျားဖြန့် လုပ်ငန်းသုံး ကွန်ပျူတာ ၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၆ လုံးကိုလည်း သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ၁၇ ဦးထဲမှာ တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာလှည့် ခရီးသွား၊ ဒါမှမဟုတ် ကျောင်းသားဗီဇာတွေ ကိုင်ပြီး ထိုင်းကို ရောက်နေပေမယ့် မြန်မာ ၂ ဦးမှာတော့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဘယ်လို တရားဝင် စာရွက်စာတမ်းမျိုးမှ ရှိမနေဘူးလို့ ဆိုပါတယ်။

Thailand Government PRD

ဖမ်းဆီးရမိသူ အားလုံးကို လိမ်လည်မှု၊ အစုအဖွဲ့နဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ကနဦး အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ နောက်ခံ အခြေအနေတွေကို ခြေရာခံ စုံစမ်းရင်း အဲဒီ ဒုစရိုက် ကွန်ရက်တွေဟာ ပြည်တွင်းမှာ အိမ်တွေ၊ ဟိုတယ်ခန်းတွေ၊ ကွန်ဒို တိုက်ခန်းတွေကို ငှားရမ်းတာ၊ ဝယ်ယူတာတွေလုပ်ပြီး လူအများကြား ပုန်းကွယ် လှုပ်ရှားနေတယ် ဆိုတာကို သတိပြုမိလာကြောင်းလည်း သိရပါတယ်။

အခု ဖမ်းဆီးရမိမှု နောက်ဆက်တွဲအဖြစ် ကြံရာပါတွေ ရှိသေးသလား ဆိုတာကို ထိုင်းရဲတွေက စုံစမ်းနေပြီး ချင်းမိုင်က တရုတ် ကောင်စစ်ဝန်ရုံးနဲ့လည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ချင်းမိုင်မှာတော့ အဲဒီလို ပုံစံတူ ဖမ်းဆီးရမိတာတွေ အရင်ကလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ရဲတွေဟာ ထိုင်းနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ဘန်ကလန်ဒွိုင် အပန်းဖြေစခန်း ဧရိယာမှာ အခြေစိုက်တဲ့ တရုတ် ကျားဖြန့်ဂိုဏ်း တစ်ခုကို ဖော်ထုတ် ဖြိုခွင်းနိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာလည်း ထိုင်းရဲတွေဟာ မွမ်၊ ဆန်ဆိုင်နဲ့ ဆန်ကမ်ဖန် ခရိုင်တွေမှာ အိမ်ပေါင်း ၁၁ လုံးကို ကျားဖြန့် နှိမ်နင်းရေးနဲ့ ဆက်နွှယ်တဲ့ စစ်ဆင်ရေး တစ်ခုအဖြစ် ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အတိအလင်း ပြဿနာ တက်နေတဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က အမေရိကန်မှာ ပါတီသစ် ထောင်မယ်လို့ ကြုံးဝါးထားတဲ့အပေါ် တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေက ထောက်ခံ အားပေးနေကြပါတယ်။

အတွေးအမြင်

၂၀၂၅ ခုအတွက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်း(Global Peace Index-2025) ကို ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်ကထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြိုတော်မှာ လူတူစက်ရုပ်တွေချည်း သီးသန့် ယှဉ်ပြိုင်တဲ့ ဘောလုံးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။