မေ-၁၅၊၂၀၂၅။ကဖေး/People’s Spring
ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံ၏စစ်ရေးအထောက်အပံ့ပေးမှု နှင့် မျက်နှာပြောင်တိုက်ကြားဝင်စွက်ဖက်နေမှုသည်လွဲမှားစွာလောင်းကြေးထပ်ခြင်းဖြစ်ပြီး စစ်အုပ်စုကျဆုံးသည့်အခါတွင် မြန်မာပြည်သူများသည် တရုတ်နိုင်ငံ၏ လုပ်ရပ်များအပေါ် အမှတ်ရနေလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံရေးတွင်ပါဝင်ပတ်သက်နေပြီးစစ်ကောင်စီအားအထောက်အပံ့ပေးနေမှု ၊ လားရှိုးမြို့မှ MNDAA ပြန်လည်ဆုတ်ခွာအောင် ဖိအားပေးခဲ့မှုများနှင့်ပတ်သက်၍ SAC-Mက တရုတ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်သည့် ထုတ်ပြန်ချက်တစ်စောင်ကိုမေလ၁၅ရက်၌ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံသည်ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကိုထပ်ခါတလဲလဲအခိုင်အမာဆိုလေ့ရှိသော်လည်းမြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ကြားဝင်စွက်ဖက်မှုများသည်မိမိအကျိုးစီးပွားကိုသာရှေးရှုနေပြီး ထိုလုပ်ရပ်များသည် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုထိခိုက်စေသည်ဟုဖော်ပြထားသည်။

Public Service Announcement
တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် လားရှိုးမြို့မှ ဆုတ်ခွာရန် သဘောတူခဲ့သည်ဟု ဒေသတွင်းမီဒီယာများကို ကိုးကား၍ဖော်ပြထားသည်။ MNDAAသည် လားရှိူးမြို့ကို ၂၀၂၄ ဩဂုတ်လက တိုက်ခိုက်သိမ်းယူပြီးနောက် တရုတ်အစိုးရ၏ဖိအားကြောင့် ပြီးခဲ့သည့်ဧပြီလတွင် ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်သည်။
MNDAA ဦးဆောင်သည့် လားရှိုးမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀ ဦး ကျဆုံးခဲ့ပြီး ၁၀၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ MNDAA က လားရှိုးမြို့ကို မြန်မာစစ်အုပ်စုထံ ပြန်လွှဲအပ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် မြို့လွတ်မြောက်ရေးအတွက်အသက်ပေးခဲ့ကြသော တော်လှန်ရေးသမား ရာပေါင်းများစွာ၏ ပေးဆပ်စွန့်လွှတ်မှုများကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်ဟု SAC-Mက ဖော်ပြထားသည်။
MNDAA ၏ တော်လှန်ရေးတိုက်ပွဲ နှင့် စစ်အုပ်စုအပေါ် လုံးဝအောင်ပွဲခံရေးဟူသော ပြည်သူလူထုအပေါ်မှ ကတိကဝတ်ကို ထိခိုက်စေသည်ဟုလည်း ထောက်ပြထားသည်။လားရှိုးမြို့ခံများသည် စစ်အုပ်စု၏ လက်တုံ့ပြန်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ၏ ပိုမိုကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ရနိုင်ခြေရှိလာသည်ဟု သတိပေးထားသည်။
MNDAA အနေဖြင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်မှုများ ရပ်တန့်ကာ လားရှိုးမြို့မှ ဆုတ်ခွာစေရန်တရုတ်နိုင်ငံက အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း၊ ဖိအားပေးရာတွင် တရုတ်အာဏာပိုင်များကနယ်စပ်ဂိတ်များပိတ်ခြင်း၊MNDAA ထိန်းချုပ်နယ်မြေများသို့ လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး တဖက်တွင်လည်း တရုတ်နိုင်ငံသည် စစ်အုပ်စုအား တိုက်လေယာဉ်များ ထောက်ပံ့ပေးခဲ့ပြီး၊ ၎င်းလေယာဉ်များဖြင့် စစ်အုပ်စုကလားရှိုးမြို့ နှင့် MNDAA ထိန်းချုပ်မှုအောက်ရှိ အခြားနေရာများအပါအဝင် မြန်မာနိုင်ငံတဝန်းလုံးကို မရပ်မနား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း SAC-Mက ဖော်ပြထားသည်။
အဆိုပါလုပ်ရပ်များသည်အခြားနိုင်ငံများ၏ ပြည်တွင်းရေး၌ မစွက်ဖက်ဟူ၍ တရုတ်နိုင်ငံကပုံမှန်ထုတ်ဖော်ပြောဆိုလေ့ရှိသောအခြေခံမူနှင့် ဆန့်ကျင် နေပြီး လိမ်ညာမှုသာဖြစ်ကြောင်း ပြစ်တင်ဝေဖန်ထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအရေး၌ နှစ်ဖက်မျှသောမူဝါဒကို ကျင့်သုံးနေသည်ဟုရှုမြင်နိုင်သော်လည်း၊ စစ်အုပ်စုကို ကျောထောက်နောက်ခံပြုခြင်းမှာ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အကျိုးစီးပွားကိုပင် ဆန့်ကျင်ထိခိုက်စေလျက်ရှိသည်ဟု သတိပေးထားသည်။
စစ်အုပ်စုသည် မြန်မာနိုင်ငံကို ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေသည့် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကြပ်အတည်းအတွင်းသို့ ကျရောက်စေခဲ့သည့် အကြပ်အတည်းများကြောင့် မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းများနှင့်စီးပွားရေးအကျိုးစီးပွားများမှာလည်းလမ်းလွဲခဲ့ရသည်ဟု ဆိုသည်။
စစ်အုပ်စုသည် တရုတ်နယ်စပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကိုထပ်ခါတလဲလဲပြုလုပ်ခဲ့ရာ အချို့မှာ တရုတ်ပိုင်နက်ကိုပင်ထိခိုက်ခဲ့ခြင်း၊ ပြီးခဲ့သည့်ဧပြီလကရှမ်းပြည်နယ်တွင်ငလျင်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တရုတ်ကြက်ခြေနီ ယာဉ်တန်းတစ်ခုကို စစ်အုပ်စုတပ်များက ပစ်ခတ်ခဲ့ခြင်းတို့သည် ပေါ့လျော့စွာဖြင့် တွေ့လျှင်တွေ့ချင်း ပစ်ခတ်သည့် (shoot-first) မူဝါဒအားကျင့်သုံးခြင်းဟုလည်းထောက်ပြထားသည်။
မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော တရုတ်ကြက် ခြေနီယာဉ်တန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့တွင် စစ်ကောင်စီကဧပြီလ ၁ရက်နေ့၌ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ကြိုတင်အသိမပေးသောကြောင့် သေနတ်မိုးပေါ်ထောင်၍ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက် တရုတ်နိုင်ငံ၏ စစ်ရေးအထောက်အပံ့ပေးမှု နှင့် မြန်မာနိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုမှာ လွဲမှားစွာ လောင်းကြေးထပ်ခြင်းဖြစ်ပြီး ဤသို့လောင်းကြေးမှားထပ်ခြင်းက စစ်အုပ်စုကို ကယ်တင်နိုင်မည် မဟုတ်သည့်အပြင် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ရှည်ကြာစေရုံသာမက စစ်မှန်သော ငြိမ်းချမ်းရေး ရောက်ရှိလာမှုကိုလည်းနှောင့်နှေးကြန့်ကြာစေမည်သာဖြစ်သညဟုSAC-Mက ဖော်ပြထားသည်။
စစ်အုပ်စု မလွဲမသွေကျဆုံးသည့်အခါတွင်မူ မြန်မာပြည်သူများသည် တရုတ်နိုင်ငံ မည်သည့်ဘက်က ရပ်တည်ခဲ့သည်ကို အသေအချာ မှတ်မိနေကြမည်ဟု သတိပေးထားသည်။
SAC-M ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စယန်ဟီးလီအပါအဝင် ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံရေးတွင် တရုတ်နိုင်ငံကပါဝင်ပတ်သက်နေမှုကို SAC-Mက ပြင်းပြင်းထန်ထန်ဝေဖန်ထားသလို နိုင်ငံတကာအနေဖြင့်လည်းပြည်သူများရွေးကောက်တင်မြှောက်ထားသောအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက််ဆံကြရန်တိုက်တွန်းထားသည်။
