close
Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICCက ဖမ်းဝရမ်းထုတ်ပေးရမည်ဟု SAC-M တောင်းဆို

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ပေးရမည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က တောင်းဆိုလိုက်သည်။

အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်
အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်

▪︎“အာရှရဲ့စစ်ခေါင်းဆောင်တွေထဲမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပထမဦးဆုံး ICC က ဖမ်းဝရမ်းထုတ်ခံရမယ့် လူဖြစ်လာပါပြီ” NUG လူ့အခွင့်အရေးဝန်ကြီး

အီယိုရီ/People’s Spring

ICC ၏ တရားလိုရှေ့နေက နိုဝင်ဘာ ၂၇ရက်တွင် မင်းအောင်လှိုင်ကို ICC မှ ဖမ်းဝရမ်းထုတ်ပေးရန် ရုံးတော်သို့ လျှောက်ထားမှုကို ကုလသမဂ္ဂကျွမ်းကျင်သူများနှင့်ဖွဲ့စည်းထားသော အထက်ပါအကြံပေးကောင်စီက ကြိုဆိုလိုက်ပြီး ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရန် ပိုမိုနီးကပ်လာခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“ကျွန်ုပ်တို့ဟာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကျင့်သုံးခဲ့တဲ့ ရှင်းလင်းပြီး စနစ်ကျတဲ့ အထောက်အထားပုံစံတွေကို သက်သေပြခဲ့ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ဖို့ အရေးပေါ်တောင်းဆိုခဲ့ပါတယ်” ဟု SAC-M က ဖော်ပြသည်။

ICC တရားသူကြီးများအနေဖြင့် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေ၏ လျှောက်ထားမှုကို မြန်မြန်ဆန်ဆန်ထောက်ခံအတည်ပြုကာ မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိများအပေါ် ဖမ်းဝရမ်းထုတ်ရန် နောက်ဆက်တွဲ လျှောက်ထားမှုများလုပ်ဆောင်ရန်လည်း SAC-M က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ICC တွင်ဖမ်းဝရမ်းထုတ်​ပေးရန် ​စတင်လျှောက်ထား​သောသတင်းကိုနိုင်ငံတကာမီဒီယာအချို့တွင်​ဖော်ပြထား​သော​ခေါင်းစီးများ
ICC တွင်ဖမ်းဝရမ်းထုတ်​ပေးရန် ​စတင်လျှောက်ထား​သောသတင်းကိုနိုင်ငံတကာမီဒီယာအချို့တွင်​ဖော်ပြထား​သော​ခေါင်းစီးများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ICC တရားလိုရှေ့နေကလည်း ယမန်နေ့ လျှောက်ထားခြင်းသည် ၎င်း၏ရုံးမှ ပထမဆုံးအကြိမ်ဖြစ်ပြီး ထပ်မံလျှောက်ထားမှုများ လာဦးမည်ဖြစ်ကြောင်း သတိပေးထားသည်။

လွတ်လပ်ကျယ်ပြန့်ပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် စစ်ခေါင်းဆောင်၊ စစ်ကောင်စီ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစိတ်တပိုင်းအားဖြင့် ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည့် ရိုဟင်ဂျာများအား အဓမ္မမောင်းထုတ်ခြင်းနှင့် ခွဲခြားဖိနှိပ်ခြင်းတို့ ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ယူဆရန် ခိုင်လုံသောအကြောင်းအရင်းများရှိသည်ဟု ICC တရားလိုရှေ့နေရုံးက ကောက်ချက်ချသည်။

ICC တရားလိုရှေ့နေရုံး၏ လျှောက်ထားချက်သည် အတွင်းလူသက်သေများစွာ၏ ထွက်ဆိုချက်များပါဝင်သော သက်သေထွက်ဆိုချက်များ၊ သတင်းမှတ်တမ်းဆိုင်ရာသက်သေ အထောက်အထားများနှင့် စစ်မှတ်ကြောင်း အတည်ပြုပြီးသော သိပ္ပံနည်းကျအချက်အလက်များ၊​ ဓာတ်ပုံနှင့် ဗီဒီယိုအချက်အလက်များကဲ့သို့သော မြောက်မြားလှသည့် အရင်းအမြစ်များထဲမှ ကျယ်ပြန့်စုံလင်သော သက်သေအထောက်အထားများကို အခြေခံထားခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်သည်။

ထိုသို့လျှောက်ထားခြင်းက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အသေးစိတ်လေ့လာစုံစမ်းပြီး တောင်းဆိုခြင်းဖြစ်၍ အဆိုပါအမှုများတွင် (စစ်အုပ်စုက) အမှန်တကယ်ကျူးလွန်ခဲ့သည်ဆိုသော တိကျခိုင်မာသည့် အချက်များကို တွေ့ရှိခဲ့ပြီဟုယူဆရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်သည်။

“ဒီအချက်က အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး ဖမ်းဝရမ်းထုတ်ဖို့လျှောက်ထားခြင်းက ရှေ့ဆက် တရားစီရင်မှုတွေ ပေါ်ပေါက်ဖို့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဒီကတဆင့်တရားစီရင်ဖို့အတွက် ကြားနာစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ရုံးတော်(ICC)သို့ လျှောက်ထားတောင်းဆိုမှုအပေါ် ကြိုဆိုကြောင်းနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံရရုံသာမက ကျူးလွန်ခံနေရသည့် ရိုဟင်ဂျာများအပါအဝင် ပြည်သူများအားလုံးအတွက် ထိုသို့ တရားမျှတမှု ဖော်ဆောင်နိုင်ရန် လမ်းကြောင်းပေါ်လာခြင်းက ဖြစ်သင့်ဖြစ်ထိုက်ကြောင်းလည်း ဝန်ကြီးဦးအောင်မျိုးမင်းက ၎င်း၏ဖေ့ဘုတ်လူမှုကွန်ရက်မှတဆင့် အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရNUGသည် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအားလုံးနှင့်ပတ်သက်၍ တရားမျှတမှု ဖော်ဆောင်နိုင်ရန် ICC တရားရုံးအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အတိအလင်းကြေညာထားပြီး ICC အဖွဲ့ဝင်နိုင်ငံဖြစ်ရေး Rome Statue(ရောမဥပဒေဿ)ကိုလည်း လက်မှတ်ရေးထိုးမည်ဟု အတိအလင်းကြေညာထားကြောင်း အထက်ပါလူ့အခွင့်အရေးဝန်ကြီးက ထပ်လောင်းအသိပေးသည်။

“အာရှရဲ့စစ်ခေါင်းဆောင်တွေထဲမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပထမဦးဆုံး ICC က ဖမ်းဝရမ်းထုတ်ခံရမယ့် လူဖြစ်လာပါပြီ။ အခုလိုမျိုး ဝရမ်းထုတ်ဖို့ ဦးတိုက်လျှောက်ထားခြင်းက အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်ကို စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ရုံမက ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်မယ့် လမ်းကြောင်းပဲဖြစ်ပါတယ်။ အခုဝရမ်းက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာလုခဲ့တဲ့ နောက်ပိုင်း အရပ်သားပြည်သူများ အားလုံးအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်လည်း တရားမျှတမှုဖော်ဆောင်နိုင်အောင် ဆက်လက် ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ၎င်း၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များမှတဆင့် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမျှ အသိအမှတ်ပြုခြင်းမရှိကြောင်း ဖြန့်ဝေထားသည်။

ထို့အပြင် စစ်​ကောင်စီ သည် စစ်​ကောင်စီ ရုံးများသို့ ပြစ်မှုဆိုင်ရာနိုင်ငံတကာ တရားရုံးနှင့် အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ် တရားရုံးတို့မှ စာများ​ရောက်လာပါက လက်မခံရန် ၂၀၂၁ ဒီဇင်ဘာလ ၂၇ ရက်တွင် စာထုတ်၍ ညွန်ကြားခဲ့​သေးသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင် နှင့် ICC တွင်ဖမ်းဝရမ်းထုတ်​ပေးရန် ​စတင်လျှောက်ထား​သောသတင်းကိုနိုင်ငံတကာမီဒီယာအချို့တွင်​ဖော်ပြထား​သော​ခေါင်းစီးများ။ ဓါတ်ပုံ-EPA )

ဆက်စပ်သတင်းများ

သတင်း

CNN သတင်းဌာနရဲ့ ခေါင်းစဉ်မှာတော့ ICCရဲ့ တရားလို ရှေ့နေဟာ မြန်မာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

သတင်း

မြန်မာစစ်ခေါင်းဆောင် မင်းအေင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လိုအပ်သောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိကို နိုင်ငံတကာရာဇဝတ်တရားရုံးတော်(ICC)၏ တရားသူကြီးများက ဆုံးဖြတ်မည်ဖြစ်သည်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် အစ္စရေး အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းနှင့်ဆက်ဆံမှုရှိသည့် ရုရှားနိုင်ငံ၏ ဘာသာစကားကိုလည်း ယမန်နှစ်လယ်ပိုင်းကစ၍ နေပြည်တော်တွင် သင်တန်းပို့ချမှုရှိခဲ့သည်။

Trending

Facebook