ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့အနီးတွင် ယနေ့ညနေပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းဒေသခံ အချို့က ပြောသည်။
ဖားကန့်မြို့အနီး အင်မာယာန်ဒေသသို့ စစ်တပ်က စစ်ရေးလှုပ်ရှားလာ၍ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ဖားကန့် တိုက်ပွဲပြင်းထန်နေတယ်။အမှိုက်ပုံ(ရတနာမြေစာ)နဲ့ အင်မာယာန်သုဿာန် ကြား။ စစ်ကြောင်းက အင်မာယာန်ဘက်စထိုးလာလို့ထိတွေ့မှု ဖြစ်တာ။ တွေနေတုန်း။ ဖားကန့်မြို့နဲ့နီးတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ဖားကန့်မြို့ခံတဦးကလည်း အင်မာယာန်ဘက်၌ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဇွန် ၂၅ ရက်ညပိုင်း၌ ပြောသည်။
စစ်ကောင်စီတပ် ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် အင်မာယာန်ဒေသနေပြည်သူများ ဂရုစိုက်ကြရန် ကချင်သတင်းရင်းမြစ်အချို့ကဇွန် ၂၄ ရက်ကတည်းက သတိပေးထားသည်။
စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များကဖားကန့်ဒေသပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးနေ၍ လုံးခင်း၊မှော်စီစာ အပါအဝင် ဖားကန့်မြို့အနီးတ၀ိုက်နေရာဒေသများ၌ မေလကုန်ပိုင်းမှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ဖားကန့်မြို့နယ်ကာမိုင်း-ဖားကန့်လမ်းတွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ယခုရက်ပိုင်းအတွင်း KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။
