အိန္ဒိယဆီက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ့်အပြင် ရုရှားနဲ့ ကုန်သွယ်တဲ့အတွက် အရေးယူမှုအဖြစ် အပိုဆောင်း အခွန်တွေ သတ်မှတ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားရာမှာတော့ ဩဂုတ် ၁ ရက်နေ့ကစလို့ အမေရိကန်ဟာ အိန္ဒိယရဲ့ သွင်းကုန်တွေအပေါ် ကုန်စည်တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ် ကောက်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့ဟာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အမေရိကန်က အသစ်တိုးမြှင့် သတ်မှတ်မယ့် အခွန်နှုန်းထားသစ်တွေ စတင်အသက်ဝင်မယ့် ရက်စွဲလည်း ဖြစ်ပါတယ်။
ထရမ့်က အိန္ဒိယဟာ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်ပေမယ့် အမေရိကန်ရဲ့ ကုန်စည်တွေကို အခွန်စည်းကြပ်မှုက အရမ်းမြင့်မားနေပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံး နှုန်းထားတွေထဲမှာတောင် ပါဝင်နေခဲ့တယ်လို့ ပြောပါတယ်။
ထရမ့်က အိန္ဒိယ အစိုးရဟာ ရုရှားဆီက ရေနံနဲ့ လက်နက်တွေ ဆက်လက် ဝယ်ယူနေတာကိုလည်း ဝေဖန်ခဲ့ပြီး အဲဒီအတွက်လည်း ပမာဏ မဖော်ပြတဲ့ အခွန်နှုန်းထား တစ်ရပ်ကို တိုးမြှင့်သတ်မှတ်မယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ ရုရှားက ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်စေဖို့ တစ်ကမ္ဘာလုံးက လိုလားနေချိန်မှာ အိန္ဒိယက ရုရှားနဲ့ ကုန်သွယ်နေတယ်လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
အိန္ဒိယကတော့ အမေရိကန်နဲ့ ကုန်သွယ်မှုမှာ နှစ်ဖက် အပြန်အလှန် အကျိုးရှိပြီး မျှတတဲ့ သဘောတူညီမှု တစ်ခုခု ရှာဖွေနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ မနှစ်ကတော့ အိန္ဒိယနဲ့ ကုန်သွယ်ရာမှာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုဟာ ဒေါ်လာ ၄၅.၈ ဘီလီယံထိ များပြားခဲ့ပါတယ်။
ဧပြီလတုန်းက ထရမ့်ဟာ အိန္ဒိယရဲ့ သွင်းကုန်တွေအပေါ် ၂၇ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်မယ်လို့ ကြေညာခဲ့ပြီး နောက်တော့ အဲဒီ ဆုံးဖြတ်ချက်ကို ယာယီ ဆိုင်းငံ့ထားခဲ့ပါတယ်။ ထရမ့်က အိန္ဒိယဟာ အမေရိကန် အပါအဝင် ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် သွင်းကုန်အခွန် မြင့်မြင့်မားမား သတ်မှတ်ပြီး ကုန်သွယ်ရေး သဘောတူညီချက်တွေ ရယူရာမှာလည်း အနိုင်အထက် သဘောမျိုး လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။ အခုတော့ ဒီကိစ္စတွေရဲ့ အကြီးအမှူး နေရာကို သူရောက်လာပြီဖြစ်ပြီး အိန္ဒိယက ဒါမျိုး ဆက်လုပ်နေလို့ မရဘူးလို့ ထရမ့်က ဆိုပါတယ်။
အမေရိကန်ဟာ အိန္ဒိယရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးကာ ဒေါ်လာ ၁၉၀ ဘီလီယံထိ ရောက်ရှိခဲ့ပါတယ်။ ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့က နှစ်စဉ် နှစ်ဖက် ကုန်သွယ်ရေးကို စုစုပေါင်း ဒေါ်လာ ၅၀၀ ဘီလီယံထိ ရောက်ရှိအောင် မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။
အိန္ဒိယဟာ အမေရိကန်ရဲ့ ဝီစကီတွေ၊ မော်တော်ဆိုင်ကယ်တွေ အပါအဝင် သွင်းကုန်တချို့ကို အခွန်ကောက်ယူမှု လျှော့ပေါ့ပေးထားပြီး ဖြစ်ပေမယ့် ထရမ့်ကတော့ ကုန်သွယ်ရေး လိုငွေပြမှု ဒေါ်လာ ၄၅.၈ ဘီလီယံကို ဒီထက် ပိုပြီး လျော့နည်းစေဖို့ ဖိအားပေးနေပါတယ်။
ကိုးကား: BBC











































