close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့မြေရှားသတ္တုကို အမေရိကန် စိတ်ဝင်စားလာနိုင်တယ်လို့ဆို

ဇူလိုင်၁၇ရက်​​နေ့မှာအမေရိကန်ဒုတိယဗန့်စ်ရဲ့ ရုံးအဖွဲ့ အစည်းအဝေးခန်းမှာ မြန်မာ့​မြေရှားနဲ့ပတ်သက်လို့ ​ဆွေး​နွေးမှု ရုံးအဖွဲ့ နား​ထောင်ခဲ့

ကချင်ပြည်နယ်ရှိ ​မြေရှားသတ္ထုတူး​ဖော်​ရေးလုပ်ငန်းခွင်တစ်ခု။ ဓါတ်ပုံ-Global Witness

ဇူလိုင်-၂၉၊၂၀၂၅။People’s Spring

မြေရှားသတ္တုတွေရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို လျှော့ချဖို့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံက သတ္တုသိုက်တွေကို စိတ်ဝင်စားလာနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြေရှားသတ္တုတွေဟာအမေရိကန်ရဲ့အဆင့်အမြင့်ဆုံးနည်းပညာပစ္စည်းတွေ၊ စစ်လက်နက်တွေ ထုတ်လုပ်မှုမှာ အခြေခံ အကျဆုံး လိုအပ်တဲ့ ကုန်ကြမ်းတွေ ဖြစ်ပါတယ်။ မြေရှားသတ္တုတွေကို တူးဖော် ထုတ်လုပ်မှုနဲ့ သန့်စင်မှုတွေအတွက် ကမ္ဘာ့စျေးကွက်ကို တရုတ်က အဓိက လွှမ်းမိုး ချုပ်ကိုင်ထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တရုတ်အပေါ် ကုန်သွယ်ခွန်တွေတိုးမြှင့် စည်းကြပ်ပြီး ဖိအားပေးဖို့ ကြိုးစားခဲ့ဖူးပေမယ့် မြေရှားသတ္တု လိုအပ်ချက်ကြောင့် တချို့ အခြေအနေတွေမှာ အလျှော့ပေးပြီး ပြန်ညှိနှိုင်းခဲ့ရပါတယ်။

မြန်မာဟာမြေရှားသတ္တုရိုင်းတွေထွက်ရှိမှုအများဆုံး စာရင်းဝင်ကမ္ဘာ့နိုင်ငံတစ်ခုဖြစ်ပြီး ထရမ့်ရဲ့ အစိုးရဟာ အဲဒီ အခြေအနေကို အထူးအာရုံကျနေတယ်လို့ ဆိုပါတယ်။ထရမ့်ဟာစျေးကွက်ထဲမှာ တရုတ်ရဲ့ မြေရှားသတ္တုကို မှီခိုရတဲ့ အခြေအနေကနေ လျှော့ချဖို့ အရင်းအမြစ် အသစ်တွေကို အပူတပြင်း ရှာဖွေနေပါတယ်။

Public Service Announcement

Public Service Announcement

Reutersရဲ့ အဆိုအရ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေဟာ မြေစမ်းခရမ်းပျိုး အဆင့်လောက်သာ ရှိသေးပေမယ့် တကယ်လို့ အမေရိကန်က ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ရင်တော့ မြေရှားသတ္တုသိုက်တွေကို အဓိကထိန်းချုပ်ထားရာကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ချိတ်ဆက် ဆွေးနွေးလာဖွယ် ရှိတယ်လို့ သိရပါတယ်။ဖြစ်နိုင်ခြေတွေထဲကတစ်ခုက အမေရိကန်ဟာ KIA နဲ့ အာဏာသိမ်းစစ်ကောင်စီကြားမှာ ငြိမ်းချမ်းရေး ရရှိအောင် ကြားဝင် စေ့စပ်ပေးပြီးနှစ်ဖက်စလုံးနဲ့ အလုပ်တွဲလုပ်တာမျိုးပါ။နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကောင်စီကို ရှောင်ပြီး KIAနဲ့ပဲ တိုက်ရိုက် အဆက်အသွယ် လုပ်ခြင်းမျိုး ဖြစ်ပါတယ်။

စစ်ကောင်စီဟာ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့နောက်အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေမှုကြောင့်ရော၊ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေ အတွက်ပါ အကြီးအကျယ် အပုပ်နံ့ ထွက်နေတဲ့ အဖွဲ့အစည်းပါ။

စစ်ကောင်စီ မပါဘဲ KIAနဲ့ ညှိနှိုင်းသင့်တယ်ဆိုတဲ့ တိုက်တွန်း အကြံပြုချက်တွေဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လော်ဘီတွေ၊ လက်ရှိအကျဉ်းချ ခံနေရသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဟောင်းတစ်ဦး နဲ့ ပြင်ပ ကျွမ်းကျင်သူ တချို့ဆီက ထွက်ပေါ်လာတယ်လို့ Reutersက ဆိုပါတယ်။အဲဒီအကြောင်းအရာမျိုးတွေကို အရင်က သတင်းဖော်ပြတာမျိုး မရှိခဲ့ဖူးပါဘူး။

သတ္တု အမျိုးအစား ၁၇ ခုကို စုပေါင်း ခေါ်ဝေါ်တဲ့ မြေရှားသတ္တုတွေရဲ့လက်ရှိကမ္ဘာ့စျေးကွက် ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်က ချုပ်ကိုင်ထားပါတယ်။ကချင်ပြည်နယ်ကထွက်ရှိတဲ့မြေရှားသတ္တုရိုင်းတွေဟာလည်း တရုတ်ဆီ အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

မြေရှားသတ္တုလိုအပ်ချက်ကိုဖြည့်တင်းနိုင်ရေးအတွက်အမေရိကန်အစိုးရဆီရောက်ရှိနေတဲ့ အကြံပြုချက်တွေထဲမှာ စစ်ကောင်စီနဲ့ တိုက်ရိုက် ဆွေးနွေးတာ၊ စစ်ကောင်စီအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ အခွန်စည်းကြပ်မှုကို လျှော့ချပေးတာမျိုးအပေးအယူတွေ အကြောင်းလည်း ပါဝင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို အိန္ဒိယဆီ ပို့ဆောင်ပြီးသန့်စင်စေတာမျိုးပါရှိခဲ့ပါတယ်။

ဇူလိုင်၁၇ရက်နေ့တုန်းကအမေရိကန်ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ရဲ့ ရုံးအဖွဲ့ အစည်းအဝေးတစ်ခုမှာ ဂျိမ်းစ်ကက်စ်တီလိုက အမေရိကန် အနေနဲ့ စစ်တပ်နဲ့ KIAကြား ငြိမ်းချမ်းရေး ဆွေးနွေးပေးတာမျိုး လုပ်သင့်တယ်လို့ အကြံပြု တိုက်တွန်းခဲ့ပါတယ်။သူဟာမြန်မာနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာမူဝါဒအရာရှိဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာလုံခြုံရေးလုပ်ငန်းတစ်ခုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဗန့်စ်ရဲ့ ရုံးအဖွဲ့နဲ့လည်း ရင်းနှီး ဆက်စပ်မှု ရှိပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ အစည်းအဝေးမှာဗန့်စ်ကိုယ်တိုင်တော့ မတက်ရောက်ခဲ့ပါဘူး။

ကက်စ်တီလိုက KIA ထိန်းချုပ် နယ်မြေတွေထဲက ထွက်ရှိသမျှ မြေရှားသတ္တုတွေဟာ တရုတ်အတွက် အလုပ်အကျွေး ပြုပေးသလို ဖြစ်နေတယ်လို့ Reutersဆီ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစု တချို့က အဲဒီအခြေအနေကို သ​ဘောမကျတော့ဘဲ အမေရိကန်နဲ့ တွဲပြီး အလုပ်လုပ်မယ့် အပြောင်းအလဲမျိုးကို လိုလားနေတယ်လို့ သူက ဆိုပါတယ်။

KIA နဲ့ မ​ဟာမိတ်​တွေက ကချင်ပြည်နယ်မှာ​မြေရှားသတ္ထုအဓိကထွက်တဲ့ ပန်ဝါ​အပါအဝင် ကချင်အထူး​ဒေသ (၁)တစ်ခုလုံးကို ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး အရာရှိဟောင်း ဩစတြေးလျ စီးပွားရေး ပညာရှင် ရှောင်တာနဲလ်ကလည်း အမေရိကန် အနေနဲ့ မြန်မာရဲ့ဒီမိုကရေစီရေးလိုလားတဲ့တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက် အလုပ်လုပ်တာမျိုး ဖြစ်သင့်တယ်လို့ ထောက်ခံထားပါတယ်။ အပြန်အလှန် အနေနဲ့ အမေရိကန်ဟာ KIA ထိန်းချုပ် နယ်မြေတွေထဲက မြေရှားသတ္တုတွေကို ရရှိနိုင်ပြီး တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ တာနဲလ်က အကြံပြုထားပါတယ်။

ဒါပေမဲ့လက်တွေ့မှာတော့မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုတွေကိုပြည်ပဆီအမေရိကန်က ထုတ်ယူဖို့ဆိုတာဟာ အရမ်းခက်ခဲနိုင်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ အဲဒီ သတ္တုတွင်းတွေရဲ့ တည်နေရာဟာ ဝေးလံသီခေါင်ပြီး တရုတ်နယ်စပ်နဲ့ နီးကပ်တဲ့ ကုန်းမြင့်တောင်တန်း ဒေသတွေမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တရုတ်ဟာ အဲဒီ မြေရှားသတ္တုတွေကို နယ်စပ်နဲ့ဝေးရာဖက်ဆီသယ်ထုတ်မယ့်ဘယ်လိုအစီအစဉ်ကိုမဆို ကြားဝင် ဟန့်တားနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထရမ့်ရဲ့ အမေရိကန် အစိုးရဆီက မျက်နှာသာပေးမှုကို အထူးတလည် အလိုရှိနေပါတယ်။ လဆန်းပိုင်းတုန်းက ထရမ့်ဟာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအပေါ် အခွန် ၄၀ ရာခိုင်နှုန်း သတ်မှတ် စည်းကြပ်မယ့်အကြောင်း မင်းအောင်လှိုင်ဆီအကြောင်းကြားစာပေးပို့ခဲ့ပြီး မင်းအောင်လှိုင်ကထရမ့်ရဲ့ခေါင်းဆောင်မှု စွမ်းရည်ကိုမြှောက်ပင့်ချီးကျူးတဲ့ စာမျိုး ပြန်ကြား ပေးပို့ခဲ့ပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီရဲ့လက်နက်ပွဲစားတချို့ကို အမေရိကန်က အရေးယူ ပိတ်ဆို့မှု နာမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒပိုင်း အပြောင်းအလဲ လုပ်တာမျိုးတော့ မဟုတ်ဘူးလို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ မြန်မာ့ မြေရှားသတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အစီရင်ခံချက်တွေကို ဘယ်လို သဘောထားသလဲ ဆိုတာကို မသိရသေးပါဘူး။ KIAနဲ့ စစ်ကောင်စီကလည်း Reutersက အခုကိစ္စအကြောင်းဆက်သွယ်မေးမြန်းမှုကိုဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု ၈.၈ အဆင့် ပြင်းထန်တဲ့ ကမ်းလွန် ငလျင်ကြီးတစ်ခု ရုရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့နောက် အမေရိကန်နဲ့ ဂျပန်က ကမ်းရိုးတန်း ဧရိယာ တချို့မှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ဥရောပ သမဂ္ဂ (EU)တို့ကြားမှာ ကုန်သွယ်ရေး အခွန်စည်းကြပ်မှုဆိုင်ရာ သဘောတူညီမှုတစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့က ကြားဝင် စေ့စပ်ပေးဖို့ စကားကမ်းလှမ်းမှုတွေ ရခဲ့ကြောင်း ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အတည်ပြုခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အရှေ့တောင်အာရှ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကြားကနယ်စပ်ဒေသ တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ကြဖို့ အမေရိကန် သမ္မတ ထရမ့်က ကြားဝင်စေ့စပ်ပေးနေပါတယ်။