close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား ကမ်းလွန်ငလျင်ကြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းငယ်တွေ ဂျပန်မှာ စတင်ရိုက်ခတ်

အမေရိကန်ရဲ့ ပြည်နယ်နှစ်ခုမှာလည်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထား

AP

ရုရှားနိုင်ငံ ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၈.၈ အဆင့် ငလျင်ကြီးရဲ့ နောက်ဆက်တွဲအဖြစ် ဂျပန် ကမ်းရိုးတန်း နေရာတချို့ဆီ ဆူနာမီ ရေလှိုင်းငယ်တွေ စတင် ရိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းတွေဆီကို တစ်ပေကနေ တစ်ပေခွဲနီးပါးလောက် မြင့်မားတဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ၊ သေကြေမှုတွေတော့ လုံးဝ မရှိဘူးလို့ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီမာဆာ ဟာယာရှီက ပြောပါတယ်။

ဂျပန် အာဏာပိုင်တွေကတော့ ဇူလိုင် ၃၀ မနက်ပိုင်းက ငလျင်ကြီးကြောင့် နောက်ထပ် ပိုပြီး ထုထည်ကြီးမားတဲ့ ဆူနာမီ ရေလှိုင်းတွေ ထပ်မံ ရိုက်ခတ်လာနိုင်ခြေ ရှိနေဆဲဖြစ်ပြီး အရေးပေါ် သတိပေးချက်ကို မရုပ်သိမ်းသေးပါဘူး။

ရုရှားနိုင်ငံ အရှေ့ဖက်ဖျားက ကမ်ချတ်တာ ကျွန်းဆွယ် ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ရုရှားမှာ လူ ၂၀၀၀ လောက်သာ နေထိုင်တဲ့ ကမ်းခြေမြို့ငယ်လေး ဆီဗီရို ကူရီလစ်ခ်ကိုလည်း ဆူနာမီလှိုင်းတွေ ဝင်ရောက် ရိုက်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တချို့မှာတော့ မြို့ရဲ့ အတွင်းပိုင်း ဧရိယာတွေထိ ပင်လယ်ရေတွေ ဝင်ရောက်လာတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံရဲ့ ဟာဝိုင်ယီ ပြည်နယ်ထဲမှာလည်း ဆူနာမီ အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး မြို့တော် ဟိုနိုလူလူမှာ ဆူနာမီ အချက်ပေး ဥဩသံတွေ နေရာအနှံ့ မြည်ဟည်းနေခဲ့ပါတယ်။ အာဏာပိုင်တွေက ကမ်းရိုးတန်း ဒေသတွေမှာ ရှိနေသူတွေကို ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြဖို့ ဆော်ဩထားပါတယ်။ အလာစကာ ပြည်နယ် ကမ်းရိုးတန်းတွေမှာလည်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ လက်ရှိ အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ထားတဲ့ နေရာတွေက လူထုအားလုံးကို အားပေးစကားပြောပြီး အန္တရာယ်ကင်းကြဖို့ ဆန္ဒပြုပေးခဲ့ပါတယ်။

ဂျပန်မှာတော့ ၂၀၁၁ ခုနှစ်တုန်းက မဂ္ဂနီကျု ၉.၀ အဆင့် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် ဓာတ်ပေါင်းဖိုတွေ ပျက်စီးပြီး ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံထဲက ရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေလည်း အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။ လက်ရှိ အချိန်ထိ စက်ရုံမှာ မူမမှန်တဲ့ ကိစ္စမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုးတွေ မရှိသေးပေမယ့် ဆူနာမီ သတိပေးချက်ကို နိုးနိုးကြားကြား ဆက်လက် စောင့်ကြည့် နားစွင့်နေမယ်လို့ ဓာတ်အားပေး စက်ရုံကို ပိုင်ဆိုင်တဲ့ Tepco ကုမ္ပဏီက ပြောပါတယ်။

ငလျင်ကြောင့် ရုရှားမှာ ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် ဘယ်လောက်ရှိသလဲ ဆိုတာကို လောလောဆယ် မသိရသေးပေမယ့်လည်း လူမှုကွန်ရက်တွေပေါ်မှာတော့ အဆောက်အအုံ အပျက်အစီး ဓာတ်ပုံတွေ ဝေမျှထားတာကို စတင် တွေ့မြင်လာရကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား၊ ဂျပန်နဲ့ အမေရိကန်မှာ ဆူနာမီလှိုင်းတချို့ ရိုက်ခတ်ထား

နိုင်ငံတကာ

မဂ္ဂနီကျု ၈.၈ အဆင့် ပြင်းထန်တဲ့ ကမ်းလွန် ငလျင်ကြီးတစ်ခု ရုရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့နောက် အမေရိကန်နဲ့ ဂျပန်က ကမ်းရိုးတန်း ဧရိယာ တချို့မှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

သတင်း

ဇူလိုင်၁၇ရက်​​နေ့မှာအမေရိကန်ဒုတိယဗန့်စ်ရဲ့ ရုံးအဖွဲ့ အစည်းအဝေးခန်းမှာ မြန်မာ့​မြေရှားနဲ့ပတ်သက်လို့ ​ဆွေး​နွေးမှု ရုံးအဖွဲ့ နား​ထောင်ခဲ့

သတင်း

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန် အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။