ရုရှားနိုင်ငံ အရှေ့ဖက် ကမ်းလွန် ဒေသက အင်အားပြင်း ရေအောက် ငလျင်ကြီးကြောင့် ပစိဖိတ် သမုဒ္ဒရာနဲ့ ထိစပ်ရာ နိုင်ငံ တော်တော်များများမှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာတွေ၊ အရေးပေါ် ရွှေ့ပြောင်းတာတွေနဲ့ အလုပ်များခဲ့ရတဲ့ ရှည်လျားတဲ့ တစ်နေ့တာ အပြီးမှာတော့ သတိပေးချက်တွေကို အဆင့်လျှော့ချတာ၊ ရုပ်သိမ်းတာတွေ ကြေညာနေပါပြီ။ နိုင်ငံတချို့ဆီ တကယ်ပဲ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပေမယ့် ကံအားလျော်စွာပဲ ဆိုးရွားလှတဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မဖြစ်ခဲ့ပါဘူး။
ဇူလိုင် ၃၀ မနက်ပိုင်းက ရုရှားနိုင်ငံ အရှေ့ဖျားမှာရှိတဲ့ ကမ်ချတ်ကာ ကျွန်းဆွယ်ရဲ့ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်မှာ မဂ္ဂနီကျု ၈.၈ အဆင့် ဧရာမ ငလျင်ကြီး လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သိပ္ပံနည်းကျ တိုင်းတာမှုတွေ ပေါ်ထွန်းလာချိန်နောက်ပိုင်း လူ့သမိုင်းမှာ ဆဋ္ဌမ အပြင်းထန်ဆုံး ငလျင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ငလျင်လှုပ်ပြီး မကြာခင်မှာပဲ ရုရှား၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် အသီးသီး ထုတ်ပြန်ခဲ့ပြီး ပစိဖိတ် တလွှားက နိုင်ငံတွေမှာလည်း ဆူနာမီ အန္တရာယ် ကြေညာချက်တွေကို မတူညီတဲ့ အဆင့်မျိုးတွေနဲ့ ကြေညာခဲ့ကြပါတယ်။
ပြင်းထန်တဲ့ ရေအောက်ငလျင်ကြီးတွေ၊ ရေအောက် မီးတောင်ပေါက်ကွဲမှုတွေက ဆူနာမီ လှိုင်းတွေကို ဖြစ်ပေါ်စေပြီး ကမ်းရိုးတန်း ဒေသတွေဆီ ဖျက်ဆီးအား ပြင်းထန်တဲ့ အရှိန်မျိုးနဲ့ တွန်းလွှတ်တဲ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့တာကြောင့် အခုလို အရေးပေါ် ထုတ်ပြန်ချက်တွေနဲ့ အသင့်ပြင်ခဲ့ကြရတာပါ။

Public Service Announcement
ရုရှားကမ်းလွန် ငလျင်ကြီး အပြီး အဲဒီဧရိယာ တဝိုက်မှာ နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လှုပ်နေဆဲပါ။ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို အတိအကျ သိနိုင်ဖို့ စောလွန်းနေသေးပေမယ့် ယေဘုယျ အနေနဲ့ အဆိုးဆုံး အဆင့်မျိုးထိ မရောက်ခဲ့ဘဲ အတော်လေး သက်သာခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အရွယ်အစား အကြီးမားဆုံး ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့တဲ့ နေရာကတော့ ရုရှားရဲ့ ကမ်ချတ်ကာမှာ ရှိနေတဲ့ လူ ၂၀၀၀ လောက် နေထိုင်ရာ ဆီဗီရို ကူရီလစ်ခ် မြို့ငယ်လေး ဖြစ်ပါတယ်။ ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲ မြို့ထဲကို ဆူနာမီလှိုင်းတွေ ဝင်ရောက်လာတာကြောင့် အိမ်တွေ၊ လမ်းတွေ ရေဖုံးသွားခဲ့ပေမယ့် မြို့ခံတွေကတော့ ရွှေ့ပြောင်းထားနိုင်ခဲ့ပါတယ်။ အဲဒီမြို့ကို ရိုက်ခတ်ခဲ့တဲ့ လှိုင်းလုံးတွေဟာ ၁၀ ပေကနေ ၁၃ ပေထိ အမြင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ငလျင်လှုပ်ပြီးတဲ့နောက် ဆူနာမီ အန္တရာယ် သတိပေး စနစ်တွေဟာ မှန်မှန်ကန်ကန် အသက်ဝင် အလုပ်လုပ်ခဲ့ပြီး ဒေသခံတွေ အချိန်မီ ရွှေ့ပြောင်းစေဖို့ နှိုးဆော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဂျပန်မှာတော့ မြောက်ပိုင်း ကမ်းခြေတွေက ဆူနာမီ အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံး အဆင့်ကနေ သာမန် သတိထားသင့်တယ်ဆိုတဲ့ အဆင့်ထိ ဇူလိုင် ၃၀ ညပိုင်းမှာ နှိမ့်ချ သတ်မှတ်လိုက်ပါတယ်။ အစောပိုင်းကတော့ ငလျင်ကြီး လှုပ်ပြီး သိပ်မကြာခင်မှာပဲ ၁၀ ပေလောက်ထိမြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်နိုင်ကြောင်း သတိပေး ကြေညာထားခဲ့ပါတယ်။ မြောက်ပိုင်း ကမ်းခြေတွေမှာ တကယ်လည်း ဆူနာမီ လှိုင်းတွေ ရိုက်ခတ်ခဲ့ပေမယ့် ကူဂျီဆိပ်ကမ်းကို ရောက်လာတဲ့ လှိုင်းလုံးတွေက အမြင့် ၄ ပေခွဲလောက်သာ ရှိခဲ့ပါတယ်။ ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းမှာရှိတဲ့ ကျွန်းတချို့ကလည်း အမြင့် ၁ ပေလောက်ရှိတဲ့ လှိုင်းတွေ ရောက်ရှိလာတာကို တိုင်းတာ ရရှိခဲ့ပါတယ်။ ကနဦး ရရှိထားတဲ့ သတင်း အချက်အလက်တွေအရ ဂျပန်မှာ ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးတာတော့ မရှိပါဘူး။
အမေရိကန်မှာတော့ အလာစကာ၊ ကယ်လီဖိုးနီးယားနဲ့ ဟာဝိုင်ယီ ပြည်နယ်တွေမှာ ဆူနာမီလှိုင်း ရိုက်ခတ်မှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ အလာစကာမှာ အမ်ချစ်ကာ၊ အဒက်ခ်နဲ့ စိန့်ပေါလ် မြို့တွေရဲ့ ကမ်းရိုးတန်းတွေဆီ လှိုင်းတွေ ရိုက်ခတ်ခဲ့ပေမယ့် အမြင့်က ၁ ပေ မပြည့်ခဲ့ပါဘူး။ ကယ်လီဖိုးနီးယားမှာတော့ မြောက်ပိုင်းက ခရက်ဆန့်စီးတီးမှာ ပင်လယ်ရေ မျက်နှာပြင် ၁ ပေခွဲလောက် ရုတ်တရက် မြင့်တက်တာကို တိုင်းတာမိခဲ့သလို ဆန်ဖရန်ဆစ္စကို တဝိုက်မှာလည်း ဆူနာမီ လှိုင်းငယ်တွေ ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြိုတင် မျှော်လင့်ထားသလို နေရာအနှံ့ ရေလွှမ်းတာတွေ ဖြစ်သွားနိုင်တဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူးလို့ အမေရိကန် မိုးလေဝသ ဌာနက အတည်ပြုခဲ့ပါတယ်။ ပစိဖိတ် သမုဒ္ဒရာထဲက အမေရိကန်ပိုင် ဂူအမ်ကျွန်းမှာတော့ တစ်ပေလောက် အမြင့်ရှိတဲ့ ဆူနာမီလှိုင်း ရိုက်ခတ်မှုတွေ ကြုံခဲ့တယ်လို့ ကျွန်းအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဟာဝိုင်အီမှာတော့ ၆ ပေနီးပါးထိ မြင့်မားတဲ့ ဆူနာမီ လှိုင်းလုံးမျိုးတွေက ကျွန်းစုတွေ ကြားထဲ ဖြတ်သန်းသွားတာကို တွေ့ရှိခဲ့ပေမယ့် အပျက်အစီးတွေ မရှိခဲ့ပါဘူး။ အဲဒီလှိုင်းတွေဟာ ကမ်းရိုးတန်းဆီ ရောက်ရှိချိန်မှာ အရွယ်အစား သေးငယ်သွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ လှိုင်းရိုက်ခတ်မှုတွေအပြီး နာရီအတော်ကြာမှာတော့ ဟာဝိုင်ယီမှာ အရေးပေါ် ရွှေ့ပြောင်းဖို့ သတိပေးချက်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။
အီကွေဒေါမှာတော့ ဇီဝမျိုးကွဲတွေ စုံလင်ပေါများရာ ဂါလာပါဂိုစ် ကျွန်းစုမှာ အမြင့် ၄ ပေကျော်ထိရှိတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်ခဲ့တယ်လို့ ရေတပ်ရဲ့ သမုဒ္ဒရာဗေဒ ဌာနက ဆိုပါတယ်။ အီကွေဒေါမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်ကို ညနေပိုင်းထိ ဆက်ပြီး ထုတ်ပြန်ထားပေမယ့် လှိုင်းလုံးတွေကြောင့် ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။
ပြင်သစ် ပိုလီနေးရှား ကျွန်းမှာလည်း အမြင့် ၁၃ ပေထိရှိတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်နိုင်ကြောင်း ကြိုတင် ခန့်မှန်းထားပေမယ့် လက်တွေ့မှာတော့ နူကူဟီဗာမြို့ကို ၄ ပေ ဝန်းကျင်လောက် လှိုင်းလုံးတွေပဲ ရောက်ရှိခဲ့ပါတယ်။
ပစိဖိတ် သမုဒ္ဒရာနဲ့ ထိစပ်ရာ တခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ချီလီ၊ ကော်စတာရီကာ၊ ဩစတြေးလျ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ နယူးဇီလန်နဲ့ တွန်ဂါတို့မှာလည်း ဒီဂရီ ကွဲပြားတဲ့ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး တရုတ်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ကတော့ အဲဒီ သတိပေးချက်တွေကို ခပ်စောစော ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Time











































