close
Connect with us

Hi, what are you looking for?

သတင်း

PDFများအား စစ်ကောင်စီ ဖိတ်ခေါ်ချက် သွေးခွဲရေးဗျူဟာဖြစ်ဟု တော်လှန်ရေးအင်အားစုများတုံ့ပြန်

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

စစ်တပ်၏ ​တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် အထူးစစ်ဆင်​ရေးတပ်ဖွဲ့ (SOF )၏ တိုက်ပွဲဝင်​နေပုံကို ဓါတ်ပုံသတင်း​ထောက် ကိုရဲ​အောင်သူက မှတ်တမ်းတင်ထား​ခြင်းဖြစ်သည်။ ကိုရဲ​အောင်သူသည် ယခုဓါတ်ပုံအပါအဝင် ​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်ပုံ ၊ကြိုးစားရုန်းကန်ပုံများကို မှတ်တမ်းတင်ထား​သောဓါတ်ပုံများဖြင့် ၂၀၂၅ ခုနှစ်တွင် ဂုဏ်သိက္ခာကြီးမား​သော World Press Photo ၏ ဆုရရှိခဲ့သည်။ ဓါတ်ပုံ-Ye Aung Thu

“နီးစပ်ရာတပ်စခန်းတွေကိုတော့ကျွန်တော်တို့က ဆက်သွယ်သတင်းပို့ပြီး အလင်းဝင်မှာတော့ မဟုတ်ဘူး။အဲဒီ့တပ်စခန်းတွေကို သိမ်းဖို့ပဲကြိုးစားနေတယ်ဆိုတာကို ဒီမှာအဓိက မက်ဆေ့ခ်ျပေးချင်ပါတယ်”

— ကို​အောင်စံရှား(PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး)

ဇူလိုင်-၇၊ ၂၀၂၅။ထားမြတ်၊သတိုး/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

စစ်​ကောင်စီ၏ ဇူလိုင် ၅ ရက်ထုတ် သတင်းစာများတွင်”PDF အမည်ခံများ”ဟုသုံးနှုန်း လက်နက်စွန့်ရန် စစ်ကောင်စီ၏ဖိတ်ခေါ်ချက်သည် တော်လှန်ရေး အရှိန်ကို လျော့ကျအောင် စစ်အုပ်စုကယခင်​ခေတ်အဆက်ဆက်လုပ်ခဲ့​သောနည်းအတိုင်းလုပ်ခြင်းပင်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် မိမိတို့ ယုံကြည်ချက်အပေါ် အခိုင်အမာ ရပ်တည်ရန်သာ အရေးကြီးကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ တာဝန်ရှိသူအချို့က မှတ်ချက်ပြုတိုက်တွန်းသည်။

PDF များကလည်း စစ်​ကောင်စီ၏ ရည်ရွယ်ချက်ကို​ကောင်စွာသိပြီး စစ်အာဏာရှင် အမြစ်ပြတ်​ရေးအထိ ​တော်လှန်မည်ဖြစ်​ကြောင်း​ပြောသည်။

Public Service Announcement

Public Service Announcement

“နီးစပ်ရာတပ်စခန်းတွေကိုတော့ကျွန်တော်တို့က ဆက်သွယ်သတင်းပို့ပြီး အလင်းဝင်မှာတော့ မဟုတ်ဘူး။အဲဒီ့တပ်စခန်းတွေကို သိမ်းဖို့ပဲကြိုးစားနေတယ်ဆိုတာကို ဒီမှာအဓိက မက်ဆေ့ခ်ျပေးချင်ပါတယ်”ဟု PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး ကို​အောင်စံရှားက စစ်​ကောင်စီက PDF များကို နီးစပ်ရာစခန်းများကိုဆက်သွယ်လက်နက်ချရန် ​​ကြေညာချက်အ​ပေါ်တုံ့ပြန်သည်။

စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အား ပုံဖျက်ထားသည့် အချက်များ ဖော်ပြပြီး NUG နှင့် CRPH ကနိုင်ငံ​တော်အာဏာကိုမတရားသဖြင့်ဆက်လက် ရယူလိုသဖြင့်ဟုလည်းစွပ်စွဲ​ရေးသားထားသည်။ ထိုအပြင်ကာ PDFနှင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ကောင်စီက ပြုလုပ်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အ၀ ပူးပေါင်းပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးရန်၊ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး စစ်ကောင်စီနှင့် လက်တွဲနိုင်ရေး ဆန္ဒရှိပါက နီးစပ်ရာ တပ်စခန်းများ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းရန် ဖိတ်ခေါ်သည်ဟုဆိုထားသည်။စစ်​ကောင်စီက ဖက်ဒရယ်ဒီမိုက​ရေစီကိုအ​ကောင်အထည်​ဖော်မည်ဟုလည်းဆိုထားသည်။

ထိုအချက်အ​ပေါ် ကို​အောင်စံရှားက
“CRPH ၊ NUG ဖြစ်လာတုန်းက ကျွန်တော်တို့မှာ လက်နက်တောင်မရှိပါဘူး။ နိုင်ငံတော်အာဏာကို ကျွန်တော်တို့ ဘယ်လိုသိမ်းမလဲ။ CRPH ၊ NUG ဖြစ်လာတာသည် ဒါ တကယ့် ဥပဒေကြောင်းအရ တရားဝင်မှုရှိတယ်။နောက်တစ်ခုကျတော့ ပြည်သူလူထုကပေးထားတဲ့ ပါဝါ အပြည့်ရှိတယ်။ ဒီဟာနဲ့ပဲ CRPH ၊ NUG ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထောက်ခံခဲ့တာဖြစ်တယ်။အဲဒီလိုပဲ ပြည်တွင်း ပြည်ပမှာရှိတဲ့ ပြည်သူလူထုအကုန်လုံးက ထောက်ခံခဲ့တာဖြစ်တယ်။ အဲဒီလိုထောက်ခံခဲ့လို့လည်း CRPH ၊ NUG ဆိုတာ ဖြစ်လာတာ။ အလကားနေရင်းနဲ့ နိုင်ငံတော်အာဏာကို သွားသိမ်းပြီးဖြစ်လာတာမဟုတ်ဘူး။ နိုင်ငံတော်အာ

ဏာကိုအတင်းအဓမ္မသိမ်းတာသည် လက်နက်အားကိုးပြီး သိမ်းတဲ့ အကြမ်းဖက်မင်းအောင်လှိုင် အုပ်စုဆိုတာကို အားလုံးသိပြီးသားဖြစ်တယ်”ဟုတုံ့ပြန်မှတ်ချက်ပြုသည်။

MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကလည်း
“ဒီပွဲက အမြစ်က လှန်ဖြတ်မှရမယ်။ စစ်ကောင်စီကို အမြစ်က လှန်ဖြတ်ပြီးတော့ ကျနော်တို့တတွေ ကောင်းမွန်တဲ့ နိုင်ငံသစ်တစ်ခု ဒီမိုကရေစီနိုင်ငံသစ်တစ်ခု သွားနိုင်မှရမယ်။ စစ်ကောင်စီကို အ​မြစ်က လှန်ဖြတ်မှရမယ်။ တစွန်းတစမှ ကျန်လို့မရဘူး။ အဲလိုသွားနိုင်ဖို့ လက်နက်ကိုင်လမ်းစဥ်ကသာ အကောင်းဆုံးဖြစ်တယ် ဒီအချိန်မှာ”ဟုပြတ်ပြတ်သားသား​ပြောသည်။

မုံရွာခရိုင်တပ်ရင်း ရဲ့ တပ်ရင်း တာ၀န်ခံ ကိုဘာဘိုဇာကလည်း “တောင်းယူလို့မရတာကို တိုက်ယူနေရတာဖြစ်တဲ့အတွက် တိုက်ပြီးတော့ပဲဆက်ပြီးယူရမှာပေါ့။ အမှန်အတိုင်းပြောရရင် စစ်ကောင်စီပြုတ်ကျမှပဲ တော်လှန်ရေးပြီးဆုံးတယ်လို့ပြောရမှာပေါ့။ စစ်ကောင်စီလို့ မသုံးချင်ဘူး။ အာဏာရှင်မရှိတော့မှ ကျွန်တော်တို့က ဒီဟာပြီးမြောက်တယ်လို့ ဖြစ်တဲ့အတွက် ဆက်လက်တိုက်ပွဲဝင်နေမယ်။ ဒီ သူတို့ရဲ့ ဖက်ဒရယ်သွားဖို့ဖိတ်ခေါ်နေတာလည်း ကျွန်တော်တို့က ယုံကြည်မှုမရှိဘူး။ ယုံကြည်စရာလည်းမရှိဘူး။ လက်ခံစရာလည်းမရှိဘူး။ သူတို့ဟာသူတို့လုပ်ဇာတ်တွေပဲဖန်တီးကောင်းဖန်တီးလိမ့်မယ်။ ကျွန်တော်တို့ကတော့ အဲဒီ့လုပ်ဇာတ်တွေထဲမှာ မပါဝင်ဘူး”ဟု​ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဘယ်သူနဲ့ ဆွေးနွေးမယ် ဘယ်သူနဲ့ မဆွေးနွေးနိုင်ဘူးဆိုတာ သူတို့လုပ်နေကျပဲ။ အခု PDF တွေနဲ့ဆွေးနွေးမယ်ဆိုတဲ့ဟာကလည်း အမှန်က ပြောရမယ်ဆိုရင် တော်လှန်ရေးရဲ့ အရှိန်အဟုန် ဘယ်လိုမှ မရင်ဆိုင်နိုင်တဲ့အနေအထားတခုရောက်လာတဲ့အခါတထစ်လျှော့တဲ့ သဘောပဲ။ ဒါပေမဲ့အဲဒါကလည်းလမ်းကြောင်းမှန် မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူလုပ်နေကျ နည်းတနည်းဖြစ်တဲ့ ထိုးခွဲပြီးတော့ ကျနော်တို့ လုံး၀ ခေါင်းတည်လို့မရအောင် သူတို့လုပ်တဲ့နည်းဗျူဟာတွေပဲ ဖြစ်နေတယ်ဆိုတာ အထင်အရှားတွေ့နေရတယ်”ဟုပြောသည်။

စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးလိုပါက စစ်တပ်နိုင်ငံရေးမှ ထွက်ခွာရန် အပါအဝင်အဓိကကျသည့်အချက်သုံးချက်လက်ခံရမည်ဖြစ်ပြီး ယင်းအချက်များ လက်မခံသရွေ့ ဆွေးနွေးရန် ခေါင်းထဲ ထည့်စရာမလိုဟု အသိပေးသည်။

“တစ်အချက်က စစ်တပ်နိုင်ငံရေးက အပြီးအပိုင်ဆုတ်ခွာရမယ်။ နံပတ်နှစ်အချက်က ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီအတွက်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို သူတို့လက်ခံရမယ်။ တတိယ အချက်ဖြစ်တဲ့ ကျူးလွန်ခဲ့သမျှကို အားလုံးတာဝန်ခံရမယ်ဆိုတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု ဆိုတဲ့အချက်အလက်တွေဟာ တကယ်ကိုအရေးကြီးတဲ့ အချက်တွေဖြစ်တယ်။ အဲဒီအချက်တွေ လက်မခံဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “ဒါက စကစအနေနဲ့ လုပ်နေကျ ဗျူဟာပါ။ မိမိဖက်က ကိုယ့်ယုံကြည်ချက်အပေါ် အခိုင်အမာ ရပ်တည်ဖို့ပါပဲ” ဟု စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် မှတ်ချက်ပြုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်ကလည်း ငြိမ်းချမ်းရေးဖိုရမ် ကျင်းပပြီး စစ်ကောင်စီနှင့် စစ်ကောင်စီ အလိုကျ ပူးပေါင်းဆောင်ရွက်နေသည့်နိုင်ငံရေးပါတီများကရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီး အတုအယောင် ရွေးကောက်ပွဲလုပ်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ချင်းဒေသကာကွယ်ရေး(CDF) -KKG(ကလေး-ကဘော်-ဂန့်ဂေါ) တပ်ဖွဲ့ ဗဟို ပြန်ကြားရေး တာဝန်ရှိသူ ကိုအားမှုန်ကစစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် PDFများ၊ တော်လှန်ရေးအင်အားစုများက လက်ခံမည်မဟုတ်ဟု ယူဆကြောင်းပြောသည်။

“တချို့အဖွဲ့တွေ ဆွေးနွေးတာမျိုးဆိုရင် ကျနော့်အမြင်နဲ့ဆိုရင် သစ္စာဖောက်လို့ ပြောလို့ရမှာပေါ့နော်။ အဲဒီလို အနေအထားတွေ ရှိလာခဲ့မယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးက တော်တော်လေး ရှည်ကြာအုံးမယ်။ ကျနော်ကတော့ ဘာပဲပြောပြော ကျနော်တို့ နိုင်အောင် တိုက်မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ ဖိတ်ကြားဆွေးနွေးတာတွေ မတက်ရောက်စေချင်ဘူး။ တက်ရောက်မယ်လို့တော့ ကျနော်ကတော့ မထင်ပါဘူး”ဟု ကိုအားမှုန်က ပြောသည်။

စစ်ကောင်စီ၏ အဓိကရည်ရွယ်ချက်မှာ NUGနှင့် CRPH တို့အား ပုံဖျက်သွေးခွဲမှုသည့် နိုင်ငံရေးလှည့်ကွက်သာဖြစ်သည်ဟု ၎င်းကဆိုသည်။

“သူလည်း ဒါပဲလုပ်စရာရှိတာကိုး။ သူကတော့ အယုတ်မာဆုံး သူ့ဘက် အာဏာတည်မြဲရေး သူနိုင်မယ့်အကွက် အမြဲတမ်းရွှေ့နေမှာပဲ အမြဲတမ်းလုပ်နေမှာပဲဆိုတော့ ကျနော်တို့ဘက်ကနေ သတိဝိရိယ အားကောင်းစွာနဲ့ လုပ်ဖို့လိုတာပေါ့နော်”ဟု ကိုအားမှုန်က ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများ၌ စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့တခုဖြစ်သော Spring Warriors Column ပြောရေးဆိုခွင့်ရှိသူကလည်း “ဘယ်လိုပဲ ပုံဖျက်တာ၊ ဘယ်လိုပဲ သွေးခွဲတာ လုပ်ပါစေ ကျနော်တို့ ရင်ထဲ၊ ကျနော်တို့ စိတ်ထဲမှာ ဒီကောင်တွေ(စစ်အာဏာရှင်တွေ) လုံး၀ မျိုးပြုတ်မှ ရမယ်ဆိုတာ သိထားပြီးသားပါ” ဟု ပြောသည်။

လက်ရှိ စိုးမိုးနယ်မြေများတွင် စစ်ကောင်စီတပ်များ ထပ်မံ ရန်မရှာနိုင်ရေး အကောင်းဆုံးကာကွယ်ထားဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ကြေညာချက်မှာ တစ်ကြိမ်၊ နှစ်ကြိမ်မကတော့ဘဲ လုပ်နေကျ ဖြစ်ပြီး အများအမြင်၊ နိုင်ငံတကာအမြင်တွင် စေတနာရှိသယောင်ယောင်ဖြင့် အများအာရုံစိုက်မှုရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုရန်ကြီးအောင်က သုံးသပ်သည်။ “မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေတာ”ဟု ၎င်းက ဆိုသည်။

“ခေတ်အဆက်ဆက်ကသုံးလာတဲ့ စစ်အာဏာရှင်အဆက်ဆက် သုံးလာတဲ့ ဗျူဟာဖြစ်ပါတယ်။ တိုင်းရင်းသား ၅ ဖွဲ့နဲ့ စစ်ဖြစ်မယ်ဆိုရင် ၃ ဖွဲ့ကို အပစ်အခတ်ရပ်စဲတယ်။ ကျန်တဲ့ ၂ ဖွဲ့ကို တိုက်မယ်။ ပြီးရင် ကျန်တဲ့ ၂ ဖွဲ့ကို အပစ်အခတ် ရပ်စဲမယ်။ ၃ ဖွဲ့ကို တိုက်မယ်။ ဒီလိုမျိုး စစ်ကောင်စီရဲ့ အာဏာရှင် အဆက်ဆက် သုံးလာတဲ့ စစ်ဗျူဟာတွေပါပဲ။ စစ်ပရိယာယ်၊ နိုင်ငံရေးပရိယာယ်တွေပေါ့။ အခုလည်း ကျနော်တို့က စစ်ကောင်စီကို ယုံကြည်လို့ မရဘူးဗျ။ ယုံကြည်လို့မရတဲ့ထဲမှာ ဘယ်သူက ထိပ်ဆုံးကလဲဆိုရင် စစ်ကောင်စီက ထိပ်ဆုံးကလို့ ပြောရမှာပါ”ဟုMBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက​ပြောသည်။

စစ်ကာင်စီက လုပ်မည့်​ရွေး​ကောက်ပွဲ ၊လွှတ်​တော်ကတဆင့် ဖက်ဒရယ် ဒီမိုက​ရေစီရရှိ​ရေး​ဆောင်ရွက်မည်ဆို​သော အာဏာသိမ်းစစ်အုပ်စုကိုPDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး ကို​အောင်စံရှားက​ ယခုကဲ့သို့မေးခွန်းတစ်ခု​မေးလိုက်သည်။

“စစ်ကောင်စီက ဒီမိုကရေစီ ဖက်ဒရယ်ဆိုတာကို အသုံးပြုလာတယ်။ အားလုံးက ဒီအတွက်ပဲသွားနေတယ်။ဒီအပေါ်မှာ သူတို့နဲ့ပူးပေါင်းပါ ဆိုတဲ့ဟာပေါ့။ အားလုံးသိပြီးသားပဲပေါ့။ သူတို့ပဲပြန်မေးရမှာပေါ့။ စစ်တပ် သူတို့ပြောတဲ့ တပ်မတော်ဟာ နှစ်ပေါင်းရာစုနှစ်တစ်ခုနီးပါးရှိပြီ။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်လို့ ဖက်ဒရယ်ရော ဒီမိုကရေစီရော ဘယ်တုန်းကရဖူးလို့လဲ။ဒီ ဖက်ဒရယ်ဒီမိုကရေစီရရှိအောင်သွားမယ် ဆိုတဲ့ သူတို့ရဲ့ စကားက ဘယ်လောက်အထိ ယုံကြည်စရာ ကောင်းလဲ ၊ မကောင်းလဲဆိုတာကို ဒီ PDF ရဲဘော်တွေအပါအဝင် ပြည်တွင်း ပြည်ပ ပြည်သူလူထု နိုင်ငံတကာ အဖွဲ့အစည်း အားလုံး ခန့်မှန်းလို့ သုံးသပ်လို့ရပါတယ်။” ။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမှာ စစ်ကောင်စီတ​ပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးတွင် စစ်တပ်ကိုခုခံတိုက်ခိုက်​နေ​​​သော ​တော်လှန်​ရေးအဖွဲ့များ တစ်ဖွဲ့ မှ မတက်​ရောက်ဘဲ စစ်တပ်ကိုမတိုက်သည့် လက်နက်ကိုင်အဖွဲ့များသာတက်​ခဲ့​သောနေပြည်တော်မှငြိမ်းချမ်းရေးဖိုရမ်သည် အမှန်တကယ် ငြိမ်းချမ်းရေးအတွက်ထိရောက်ခြင်းမရှိဘဲ စစ်ကောင်စီ ရပ်တည်နိုင်ရေး၊ အာဏာရယူရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှတာဝန်ရှိသူများက ပြောကြားသည်။

သတင်း

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း(၂၂)ဦးနှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ