ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦးလို့ ကျော်ဇောတဲ့ ခုတ်အန်းနဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၁၉ ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပြီး ပိုင်ဆိုင်မှုတွေ၊ ဇိမ်ခံကားတွေနဲ့ ငွေသား ဘတ် ၂၇ သန်းကျော်လောက်ကို သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
ခုတ်အန်းဟာ ကမ္ဘောဒီးယား နယ်စပ်မြို့ တစ်ခုဖြစ်တဲ့ ပွိုင်ပက်မှာ အခြေစိုက်တဲ့ ကျားဖြန့်ကွန်ရက်ကြီး တစ်ခုရဲ့ အဓိက ခေါင်းကိုင်ဖခင် ဖြစ်တယ်လို့ ထိုင်းရဲတွေက ဇူလိုင် ၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ပြည်တွင်းက နေရာပေါင်း ၁၉ ခုကို စီးနင်းခဲ့ပြီး အဲဒီ ကွန်ရက်ကို ဖြိုခွင်းခဲ့သလို ဇိမ်ခံကား အများအပြားနဲ့ ဘတ်ငွေ ၂၇ သန်းကို သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။
ရဲတွေက ဘန်ကောက်၊ ဆမွတ် ပရာကန်နဲ့ ချောင်ဘူရီတို့က ပစ်မှတ် နေရာတွေကို အငိုက်ဖမ်း ပိတ်ဆို့ပြီး တပြိုင်တည်းလိုလို ဝင်စီးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး မသမာတဲ့ လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ဘဏ်စာရင်း တော်တော်များများကိုပါ ပိတ်ပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ထိုင်းရဲတွေ အဓိကထား ရှာဖွေခဲ့တဲ့ နေရာတစ်ခုကတော့ ဆမွတ်ဖရာကန်မှာရှိတဲ့ ဇိမ်ခံအိမ်တစ်လုံး ဖြစ်ပါတယ်။ ထိုင်းတရားရုံးက ခုတ်အန်းကို ရှာဖွေ ဖမ်းဆီးဖို့ ဖမ်းဝရမ်းကို ထုတ်ပေးခဲ့တဲ့နောက် ရဲတွေက အခုလို စီးနင်းမှုတွေကို အချိန်မဆိုင်းဘဲ စတင်ခဲ့တာပါ။

Public Service Announcement
ခုတ်အန်းဟာ ပွိုင်ပက်မှာ ကာစီနို အပန်းဖြေ စခန်းအဖြစ် တည်ဆောက်ထားတဲ့ Crown Casino Resort အထပ်မြင့်တိုက်ကြီးရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ပစ်မှတ်ထား ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေလည်း အခြေစိုက်နေတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။
ခုတ်အန်းဟာ နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့လည်း အဆက်အစပ်ရှိပြီး ငွေကြေးခဝါချမှု စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ထိုင်းရဲတွေရဲ့ အဆိုအရ ခုတ်အန်းနဲ့ အဆက်အစပ်ရှိတဲ့ ဒုစရိုက်ဂိုဏ်းဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ ခုတ်အန်းပိုင်ဆိုင်တဲ့ အဆောက်အအုံတွေကို အသုံးချပြီး လုပ်ငန်းတွေ လည်ပတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ်အငြင်းပွားမှုကို အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာနေချိန်၊ ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောတဲ့ အသံဖိုင် ပေါက်ကြားရာကနေ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်တစ်ယောက် ရာထူးက ဆိုင်းငံ့တာ ခံရတဲ့ထိ နောက်ဆက်တွဲ ပြဿနာတွေ တက်နေချိန်မှာ ဟွန်ဆန်ရဲ့ လက်ရုံးတစ်ဦးကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမျိုးကို ထိုင်းဖက်က အကောင်အထည် ဖော်လာတာပါ။
ထိုင်းရဲ့ ဆိုက်ဘာရဲတပ်ဖွဲ့က စီးနင်းမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဇူလိုင် ၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်မယ်လို့လည်း ပြောကြားထားပါတယ်။
ကိုးကား: Khaosod
