DEE/People’s Spring
ရက်နှစ်ပတ်ကျော်ကြာတိတ်ဆိတ်ခဲ့ရတဲ့ မဲဆောကမြို့ရောက်မြန်မာတွေအတွက် ၁၇ရက်ကြာစစ်ဆေးဖမ်းဆီးရေးစီမံချက်ဟာ ဇူလိုင် ၄ရက်နေ့က ပြီးဆုံးသွားပါတယ်။
မဲဆောက်မှာ မြန်မာတွေအပါအဝင် ဒေသခံထိုင်းအချို့လည်း စီးနင်းကြတဲ့ အီးဗိုက်လို့ခေါ်တဲ့ ဘတ္ထရီတပ်စက်ဘီးတွေ ဖမ်းဆီးရေးစီမံချက်၊ ၂၀၂၁ စစ်တပ်အာဏာသိမ်းလို့ အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ကိုထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာတွေအများစု မောင်းကြတဲ့ ဆမ်လော့လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ် ဖမ်းဆီးရေးစီမံချက်နဲ့ တရားမဝင်နေထိုင်၊ဈေးရောင်းချသူတွေကို ဖမ်းဆီးတဲ့ စီမံချက်တွေကို ထိုင်းနိုင်ငံရဲ့စစ်တပ်၊ရဲတပ်ဖွဲ့၊လူဝင်မှုကြီးကြပ်ရေး(လဝက)စတဲ့ အားလုံးပါတဲ့အဖွဲ့က ၁၇ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အနောက်ဘက်စွန်းပိုင်းက နယ်စပ်မြို့ဖြစ်တဲ့မဲဆောက်မြို့မှာ မြန်မာတွေအတွက် သီးသန့်လုပ်ခဲ့တဲ့ ဇွန်လ ၁၈ရက်ကစတဲ့ ၁၇ရက်ကြာ စစ်ဆေးဖမ်းဆီးရေးစီမံချက်ပြည့်တဲ့ ဇူလိုင် ၄ရက်မှာဘဲ သတင်းတစ်ခု ထပ်မံထွက်ပေါ်လာပါတယ်။

Public Service Announcement
မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာတွေဆီက ငွေညှစ်ယူနေတဲ့ ထိုင်းရဲတွေကို နိုင်ငံတော်အကျင့်ပျက်ခြစားမှုနဲ့ဆက်စပ်တဲ့ အထူးအမှုအဖြစ် သတ်မှတ်စစ်ဆေးဖို့ ထိုင်းနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI)ကိုPeople’s Party ရဲ့မဲဆောက်အမတ်နှစ်ဦးက တောင်းဆိုလိုက်တဲ့ သတင်းဖြစ်ပါတယ်။
မတရားဖမ်းဆီးငွေညစ်နေတဲ့ ထိုင်းရဲတွေ တိုင်တန်းခံရတဲ့သတင်းဖြစ်ပေမယ့် မဲဆောက်ကမြန်မာတွေအတွက်တော့ အနေကြပ်မယ့် သတင်းဆိုးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက သုံးသပ်ပြောပါတယ်။
“ထိုင်းရဲတွေက မစားရတဲ့အမဲ သဲနဲ့ပတ်ပြီးတော့ ပိုမိုဖမ်းဆီးမှုတွေဖြစ်လာနိုင်တယ်”လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌဦးမိုးကြိုးက ပြောပါတယ်။
မဲဆောက်မြို့မှာ တာဝန်ကြနေတဲ့ ထိုင်းရဲတွေအပါအဝင် အစိုးရဝန်ထမ်းတွေဟာ ရွှေ့ပြောင်းမြန်မာတွေဆီက ရယူခဲ့တဲ့ လာဘ်ငွေပမာဏာဟာ တစ်နှစ်ကို ဘတ် ၁၀ ဘီလီယံခန့်ရှိတယ်လို့ People’s Party ပါတီရဲ့ မဲဆောက်မြို့ကအမတ် ဝီလို့က DSIထံ တိုင်တန်းတဲ့ထဲမှာ ပါရှိတယ်လို့ Thai Enquirer သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီငွေတွေဟာ ရဲကတ်ခ၊ ဈေးဆိုင်၊ အလှပြင်ဆိုင်နဲ့ စားသောက်ဆိုင် စတဲ့ တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တရားမဝင်နေထိုင်သူ မြန်မာတွေဆီက ရရှိခဲ့တာလို့ ထိုင်းအမတ် ဝီလို့က ဆိုပါတယ်။

People’s Party ပါတီရဲ့ မဲဆောက်မြို့ကအမတ် ဝီလို့ နဲ့ တာ့ချ်ခရိုင်အမတ် ဆူဝမ်တို့က မဲဆောက်မှာဖြစ်ပျက်နေတဲ့အရာတွေကို ၆လကြာ လေ့လာစစ်တမ်းလုပ်ပြီး DSIဆီ ပေးပို့ခဲ့တာလို့ ဦးမိုးကြိုးက ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီးအကြောင်းအမျိုးမျိုးကြောင့် မဲဆောက်မြို့ကိုရောက်လာကြတဲ့ မြန်မာတွေဟာ ထိုင်းဥပဒေအရတော့ တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာကြတဲ့သူတွေပါ ။ဒါ့ကြောင့် အများစုဟာ သွားလာရေးအဆင်ပြေဖို့၊ ရဲအဖမ်းမခံရဖို့ ရဲကတ်လုပ်ကြပါတယ်။ မဲဆောက်မှာ ရဲကတ်အပါအဝင် ကတ်အမျိုးမျိုးရှိပါတယ်။ ရဲကတ်ကြေး တစ်လ ဘတ် ၃၀၀ ပေးရပါတယ်။
ရဲကတ်သမားတွေဟာ မနက်မိုးလင်းကနေ ည ၈နာရီအထိသွားလာလို့ရပါတယ်။အဲဒီအချိန်အတောအတွင်းရဲနဲ့တွေ့လို့အစစ်ခံရရင်ရဲကတ်သမားဆိုတာသက်သေပြနိုင်ရင်အဆင်ပြေပါတယ်။ည၈နာရီနောက်ပိုင်း စစ်ဆေးခံရရင်တော့ ရဲကတ်လည်း မသုံးမဝင်တော့ပါဘူး။ ထိုင်းရဲတောင်းတဲ့ ပိုက်ဆံ ပေးရတော့မှာပါ။
ရဲကတ်ဆိုတာ မဲဆောက်မှာ တရားမဝင်နေထိုင်တဲ့သူ တကိုယ်စာအတွက်ပဲ ဖြစ်ပါတယ်။ ရဲကတ်သမားက ဆိုင်ကယ်စီးနေတုန်း စစ်ဆေးခံရရင် ရဲကတ်ကြောင့် တရားမဝင်နေထိုင်မှုနဲ့ ကင်းလွတ်ခွင့်ရပေမယ့် လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုနဲ့တော့ ဖမ်းဆီးခံရမှာပါ။ ဒါကြောင့် ဆိုင်ကယ်အတွက် ဆိုင်ကယ်ကတ်လုပ်ရပါတယ်။ဆိုင်ကယ်ကတ်အတွက်က တစ်လ ဘတ် ၁၅၀၀ပါ။ အဲလိုပဲကားမောင်းမယ့်သူက ကားကတ် လုပ်ရပြန်ပါတယ်။
မဲဆောက်မှာဈေးရောင်းချတဲ့သူတွေလည်းရဲကတ်ပုံစံမျိုးမဟုတ်ပေမယ့် ထိုင်းရဲတွေကို ပုံစံအမျိုးမျိုးနဲ့ ပိုက်ဆံပေးဆောင်ရပါတယ်။
ပုံစံအမျိုးမျိုးလုပ်ကြတဲ့ ရဲကတ်တွေကို မဲဆောက်မြို့ကနယ်မြေခံရဲတွေဆီမှာလုပ်ကြတာပါ။ ဘန်ကောက်မြို့ကဆင်းလာတဲ့အဖွဲ့တွေ စစ်ဆေးခံရရင်တော့ ရဲကတ်လည်း အသုံးမဝင်တော့ပါဘူး။
“ဒီတိုင်းမြို့ပေါ်သွားလာရင် ရဲကတ်က အဖမ်းမခံရဘူး။ သွားလာလို့ ရသေးတာပေါ့။ အဖွဲ့စုံနဲ့စစ်ခံရရင် ရဲကတ်လည်း သုံးမရတော့ဘူး”လို့ မဲဆောက်မြို့မှာ ရဲကတ်လုပ်ထားသူတစ်ဦးက ပြောပါတယ်။
မဲဆောက်မှာ မြန်မာတွေ တနည်းနည်းနဲ့ အဖမ်းခံရရင်ထိုင်းရဲက ပြစ်မှုအရေအတွက် အလိုက်အနည်းဆုံး ဘတ် တစ်သောင်းက စတောင်းပါတယ်။ တချို့ဆို ဘတ် ငါးသောင်းအထိ တောင်းခံရတာတွေရှိပါတယ်။ ပြောဆိုဖြေရှင်းတက်မှသာ အနည်းဆုံး ဘတ်ငါးထောင်လောက်နဲ့ အမှုပြတ်တာပါ။
မဲဆောက်မြို့မှာ ပျမ်းမျှမြန်မာတစ်ဦးရဲ့ ဝင်ငွေဟာ ဘတ် တစ်သောင်းခွဲလောက်ပဲ ရှိပါတယ်။ တချို့သူတွေဆို တစ်လတည်း နှစ်ခါဖမ်းဆီးခံရတာမျိုးထိ ကြုံပါတယ်။ တခါဖြေရှင်း ဘတ်ငါးထောင်အကြမ်းဖျင်း တွက်ရင် တစ်လ ဘတ်တစ်သောင်းကုန်နေပါပြီ။
မဲဆောက်မြို့မှာ ရွှေ့ပြောင်းလာတဲ့မြန်မာတွေ နှစ်သိန်းခန့်ရှိတယ်လို့ Thai Enquirer သတင်းဌာနက ဆိုပါတယ်။ အဲထဲက ခြောက်သောင်းလောက်သာ တရားဝင်အထောက်အထားနဲ့ နေထိုင်တာလို့လည်း ဆိုပါတယ်။
ထိုင်းအဖွဲ့အစည်းတွေရဲ့သုံးသပ်ချက်အရမဲဆောက်က ရဲတွေဟာ လစဉ် အနည်းဆုံးမြန်မာငါးသောင်းဆီကနေ ငွေကြေးတွေ ကောက်ခံရရှိနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)အမှုဆောင်ဒါရိုက်တာဦးထူးချစ်ကပြောပါတယ်။
“အဲလိုတွေကြောင့်သူတို့ပြောတဲ့ဘတ်၁၀ ဘီလီယံဆိုတာ ရနေတာ”လို့ ဦးထူးချစ်က ပြောပါတယ်။
မဲဆောက်မြို့ကို ရဲတစ်ယောက် ဒါမှမဟုတ် မြို့ပိုင်တစ်ယောက်ပြောင်းရွှေ့ရဖို့ရင် အနည်းဆုံး ဘတ် ၁၀သန်းလောက်လာဘ်ထိုးရတယ်လို့လည်း မြန်မာအဖွဲ့အစည်းတွေကြား ပြောဆိုမှုရှိပါတယ်။ ထိုင်းနိုင်ငံမှာရဲတွေပြောင်းရွှေ့ချင်ဆုံးဒေသက မဲဆောက်နဲ့ ဘန်ကောက်မြို့နားက မဟာချိုင်လို့ ဆိုပါတယ်။အကြောင်းကအဲဒေသတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မြန်မာတွေ အများအပြားရှိနေလို့ပါ။
ရွှေ့ပြောင်းမြန်မာတွေအပေါ် ပိုက်ဆံတောင်း ငွေညှစ်နေတဲ့ ထိုင်းရဲတွေအကြောင်းကို ဝေဖန်ပြောဆိုမှုများနေပေမယ့် အချက်အလက်နဲ့ ဖော်ထုတ်ခဲ့တာက မဲဆောက်က အမတ်နှစ်ဦးပါ။ ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်က ထိုင်းအမတ်နှစ်ဦးဟာ မဲဆောက်က ဒေသခံထိုင်းတွေနဲ့ တွေ့ဆုံပြီး စီမံချက် သုံးချက် လုပ်ဆောင်မယ်လို့ ကတိပေးခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

” စီမံချက် ၃ခု အဆင့်၃ခုနဲ့ လုပ်မယ်။ပထမအဆင့်ကို ကန့်သတ်အလုပ် ၂၇မျိုးကို နိုင်ငံခြားသားတွေ ဖမ်းဆီးစစ်ဆေးရေး၊ ဒုတိယအဆင့်က မြေကွက်တွေကို နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားအမည်ခံပြီး ဝယ်ယူရောင်းချနေတာကို ဖော်ထုတ်မယ်။ တတိယအဆင့်ကတော့ ထိုင်းဝန်ထမ်းအကျင့်ပျက်တွေကို ဖော်ထုတ်အရေးယူဖို့ DSIနဲ့ ပူးပေါင်းမယ်။ အဲဒါတွေကို မီဒီယာတွေကို ရှင်းလင်းခဲ့တယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။
လွှတ်တော်အမတ်နှစ်ဦး လုပ်ဆောင်နေတဲ့ စီမံချက် သုံးခုဟာ ထိုင်းအစိုးရအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေဆိုပေမယ့် မဲဆောက်က မြန်မာတွေအတွက်တော့ အနေအစားကြပ်မယ့် စီမံချက်တွေလို့ ဦးထူးချစ်က သုံးသပ်ပါတယ်။
“အပြင်မှာရဲကိုပေးရတဲ့တရားမဝင်ကြေးကလည်း ပိုများလာလိမ့်မယ်”လို့ ဦးထူးချစ်ကပြောပါတယ်။
ဒါပေမယ့် လက်ရှိ ပြည်တွင်းစစ် အခြေအနေ၊ မြေငလျင်ကိစ္စ၊ ILO ပုဒ်မ(၃၃)အရေးယူမှုနဲ့ မြန်မာကို စီးပွားရေးအရ ပိတ်ဆို့မယ့်ကိစ္စတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲဆောက်ကို မဖြစ်မနေရွေးချယ်ရမယ့်သူတွေ ပိုများလာနိုင်တယ်လို့လည်း ဦးထူးချစ်က ထောက်ပြပါတယ်။
၁၇ရက်ကြာလုပ်ခဲ့တဲ့ စီမံချက်ကြောင့် မဲဆောက်မြို့က လမ်းမတွေပေါ်နဲ့ မက်ခရိုအပါအဝင် ဈေးတွေမှာ လူအလွန်နည်းပါးသွားတယ်လို့ မဲဆောက်မြို့ရောက် မြန်မာတစ်ဦးက ပြောပါတယ်။ ၁၇ရက်တာအတွင်း မြန်မာတစ်ရာလောက်ဖမ်းဆီးခံရတယ်လို့လည်း မြန်မာအဖွဲ့အစည်းတွေက ဆိုပါတယ်။ ဖမ်းဆီးရေးစီမံချက်ကြမ်းလို့ မြန်မာတွေအပြင်မထွက်ရဲတာကြောင့် ဒေသခံထိုင်းတွေကတောင် အာဏာပိုင်တွေအပေါ် အပြစ်မြင်လာတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းလို့ နိုင်ငံရေးကြောင့်မဲဆောက်ကိုထွက်ပြေးတိမ်းရှောင်လာပြီး ရဲကတ်လုပ်ကာ ဆိုင်ကယ်တစ်စီးနဲ့ ဈေးဝယ်၊အကြိုအပို့ ကယ်ရီဆွဲနေတဲ့ ကိုကျော်ကြီး(အမည်လွှဲ)ကတော့ လက်တလောမှာ အလုပ်ကို ရပ်နားထားရပါပြီ။ ပြီးခဲ့တဲ့ စီမံချက်တွေကြောင့် ရပ်နားထားရာကနေ ရှေ့မှာစောင့်နေတဲ့ စီမံချက်ကြောင့် အပြီးတိုင်နားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ဆက်လုပ်လည်း လိုင်းကြေးတွေမြင့်လာမယ်။ စိတ်ချရလားဆိုတော့ စိတ်မချရဘူး။အပြီးနားပြီး တခြားပြောင်းလုပ်တော့မယ်” ။ ။
