ထိုင်းမှာ တရားဝင် ကာစီနို လောင်းကစားရုံတွေ ထောင်ခွင့်ပေးမယ့် ဥပဒေမူကြမ်းကို လက်လျှော့ဖို့ ထိုင်းဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က သတိပေးခဲ့ကြောင်း ထိုင်းအစိုးရ ဝန်ကြီးဟောင်း တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ကမ္ဘာလှည့် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်ရေးနဲ့ ပြည်ပဝင်ငွေ တိုးပွားရရှိစေရေးတို့အတွက် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရဟာ ပြည်တွင်းမှာ ကာစီနို လောင်းကစားဝိုင်းတွေကို နေရာသတ်သတ်မှတ်မှတ် ခွင့်ပြုပေးထားမယ့် ဖျော်ဖြေရေးဇုန်တွေ တည်ထောင်ခွင့်ပြုရေး ဥပဒေ မူကြမ်းတစ်ရပ်ကို လွှတ်တော်ဆီ အဆိုပြုခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်သမ္မတ ရှီကတော့ အဲဒီကိစ္စအပေါ် တူးတူးခါးခါး သဘောထားမျိုး ရှိခဲ့ပြီး ဥပဒေ မူကြမ်းကို လက်လျှော့ပြီး စွန့်လွှတ်လိုက်ဖို့ ဖေထောင်ထန်ကို သတိပေးခဲ့တာ ဖြစ်တယ်လို့ ထိုင်းပြည်ထဲရေး ဝန်ကြီးဟောင်း အနူတင် ချန်ဗာကူလ်က ပြောကြားခဲ့ပါတယ်။ တကယ်လို့ ဖေထောင်ထန်က သူ့စကားကို ငြင်းပယ်တယ်ဆိုရင် ကုန်သွယ်ရေးနဲ့ ကမ္ဘာလှည့် ခရီးသွားကဏ္ဍတွေမှာ တရုတ်နဲ့ ပတ်သက်ပြီး ခါးသီးတဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့လည်း ရှီက ဖေထောင်ထန်ကို ခြိမ်းခြောက်မှုဆန်ဆန် အသိပေးခဲ့တယ်လို့ အနူတင်က ဆိုပါတယ်။
သူကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့ဖူးတဲ့ ဘေဂျင်းက ထိပ်သီးအစည်းအဝေး တစ်ခုမှာ ရှီဟာ ထိုင်းအစိုးရရဲ့ ကာစီနို တရားဝင် ခွင့်ပြုရေး ဥပဒေကြမ်း အကောင်အထည် ဖော်မှုကို ရှေ့ဆက်မတိုးဖို့ သုံးကြိမ်သုံးခါလောက် ပြောခဲ့တယ်လို့ အနူတင်က မှတ်ချက်ပေးခဲ့ပါတယ်။ သူ့တောင်းဆိုမှု မျက်ကွယ်ပြုတာ ခံရမယ်ဆိုရင် ထိုင်းကို ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ အထိနာအောင် တုံ့ပြန်မယ် ဆိုတာမျိုး ရှီက ပြောခဲ့ကြောင်းလည်း အနူတင်က ပြောကြားသွားပါတယ်။

Public Service Announcement
အနူတင်က ထိုင်းအစိုးရ အနေနဲ့ ပြဿနာ ရှိနိုင်တဲ့ အဲဒီ ဥပဒေ မူကြမ်းကို ခေါင်းမာမာနဲ့ ဆက်လက် အကောင်အထည်ဖော်ပြီး တရုတ်ရဲ့ စိုးရိမ်မှုကို ဥပေက္ခာ ပြုခဲ့တဲ့အပေါ်လည်း ဝေဖန်ခဲ့ပါတယ်။ အဲဒီ ဥပဒေ မူကြမ်းကြောင့် ထိုင်းကို တရုတ် ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတဲ့ နစ်နာဆုံးရှုံးမှုမျိုးလည်း ကြုံခဲ့ပြီးပြီလို့ အနူတင်က ဆိုပါတယ်။
အဲဒီတော့ တရုတ်ခရီးသွား ဧည့်သည်တွေကို မျှော်ပြီး လုပ်ငန်း လည်ပတ်ရတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေ အများအပြားဟာ စီးပွားရေး ထိခိုက်ကုန်ပြီး တချို့က အကြွေးနွံ နစ်ကုန်တယ်လို့လည်း အနူတင်က ဆက်ပြောပါတယ်။
အနူတင်ဟာ သူ့ရဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး အင်အားစုဖြစ်တဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီက ညွန့်ပေါင်း အစိုးရကနေ နုတ်ထွက်ပြီး မကြာခင်မှာ အခုကိစ္စကို ထုတ်ပြောလာခဲ့တာပါ။ ဖေထောင်ထန်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောချိန်မှာ ထိုင်းစစ်တပ်ကို ဝေဖန်ပုတ်ခတ်တဲ့ စကားတွေ ပြောထားတဲ့ အသံဖိုင် ပေါက်ကြားခဲ့ပြီးတဲ့နောက် ထိုင်းစစ်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ကွန်ဆာဗေးတစ်တွေက ညွန့်ပေါင်းအစိုးရကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ထိုင်းညွန့်ပေါင်း အစိုးရက ကာစီနိုတွေ တရားဝင် ခွင့်ပြုခြင်းဟာ လူ့အဖွဲ့အစည်းအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ အချိန်ယူရဦးမယ်လို့ အကြောင်းပြပြီး လွှတ်တော်မှာ တင်သွင်းထားတဲ့ အဆိုကြမ်းကို ပြန်ရုပ်သိမ်းထားလိုက်ပါတယ်။ အနူတင်ကတော့ အခုအချိန်မှ ရုပ်သိမ်းတာဟာ အတော်လေး နောက်ကျတဲ့ အခြေအနေ ဖြစ်နေပြီလို့ ပြောကြားခဲ့ပြီး တရုတ်နဲ့ အားကောင်းတဲ့ ဆက်ဆံရေးမျိုး ပြန်တည်ဆောက်ဖို့ အစိုးရ အနေနဲ့ ကြိုးစားသင့်နေပြီလို့လည်း သုံးသပ်ပြခဲ့ပါတယ်။
ဥပဒေမူကြမ်းကို အပြီးတိုင် လက်လျှော့ ရုပ်သိမ်းလိုက်လို့ တရုတ် ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိုင်းဆီ ပြန်ရောက်လာမယ်ဆိုရင် ထိုင်းကလည်း လုပ်သင့်လုပ်ထိုက်တာကို သေချာပေါက် လုပ်ဖို့လိုတယ်လို့ အနူတင်က ဆိုပါတယ်။ ထိုင်းနဲ့ တရုတ်ရဲ့ ဆက်ဆံရေးဟာ ညီရင်းအစ်ကိုဆန်ပြီး ဒါကို မမေ့ဖို့လိုကြောင်းလည်း သူက ဆက်ပြောသွားပါတယ်။
ကိုးကား: PBS
