close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်မှုအတွက် ထိုင်းဝန်ကြီးချုပ် ကျေးဇူးစကားဆို

ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်မှုအတွက် ထိုင်းဝန်ကြီးချုပ် ကျေးဇူးစကားဆို(ဖုန်းအသံဖိုင် ပေါက်ကြားမှု နောက်ဆက်တွဲ တရားရေးအရ ဖြေရှင်းရနိုင်ခြေတွေ မြင့်တက်လာနေ

AP

ကွန်ဆာဗေးတစ် အင်အားစုတွေ နုတ်ထွက်သွားတဲ့နောက် ထိုင်းညွန့်ပေါင်း အစိုးရကို အသစ်ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ထောက်ခံကူညီတဲ့ နိုင်ငံရေး အစုအဖွဲ့ အသီးသီးကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ပြောပါတယ်။ တခြားတစ်ဖက်မှာတော့ သူဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုကို အကြောင်းပြုပြီး တရားရေးအရ စိန်ခေါ်ဖြေရှင်းရနိုင်ခြေတွေ တိုးလာနေပါတယ်။

ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ထဲမှာ ဖေထောင်ထန်ဟာ ထိုင်းစစ်တပ်ကို ပုတ်ခတ်ပြီး သိက္ခာချတာမျိုးတွေ ပြောထားမိပြီး အဲဒီအသံဖိုင် ပေါက်ကြားလာတဲ့နောက် သူဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရထဲကနေ ကွန်ဆာဗေးတစ်တွေ နုတ်ထွက်သွားပါတယ်။ အကျိုးဆက်အဖြစ် ညွန့်ပေါင်း အစိုးရ ပြိုကွဲလုနီးပါးထိ ယိမ်းယိုင်သွားခဲ့ပေမယ့် ဖေထောင်ထန်ဟာ လက်ကျန် အစုအဖွဲ့တွေကို စည်းရုံးပြီး အစိုးရသစ်ကို ပြင်ဆင် ဖွဲ့စည်းခဲ့တာပါ။

ဇူလိုင် ၁ ရက်နေ့မှာ တရားဝင် ကြေညာတဲ့ အစိုးရ အဖွဲ့ထဲမှာတော့ ဖေထောင်ထန်ဟာ ဝန်ကြီးချုပ် အဖြစ်သာ မကဘဲ ယဉ်ကျေးမှု ဝန်ကြီးနေရာကိုပါ တွဲဖက် တာဝန်ယူထားတာ တွေ့ရပါတယ်။ ထိုင်းဘုရင်က အသိအမှတ်ပြုလိုက်တဲ့ အစိုးရ အသစ်ထဲမှာတော့ ကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်းကို ပြည်ထဲရေး ဝန်ကြီးနေရာ ပြောင်းလဲ ခန့်အပ်ထားတာ အပါအဝင် ထင်ရှားတဲ့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

တော်ဝင်အမိန့်နဲ့အတူ အစိုးရသစ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ကူညီပေးသူ အားလုံးကို ကျေးဇူးတင်တယ်လို့ ဖေထောင်ထန်က ဆိုပါတယ်။ အစိုးရ အဖွဲ့သစ်ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ စောင့်ကြည့်ကြဖို့ပဲ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရ အဖွဲ့သစ်ထဲမှာ ကာကွယ်ရေး ဝန်ကြီးနေရာက လစ်လပ်နေပြီး ထိုင်းတော်ဝင် စစ်တပ်ရဲ့ အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ချာလမ်ပိုလ် ဆရီဆာဝတ်က တာဝန်ယူလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီကိစ္စကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဖေထောင်ထန်က ဘာမှတ်ချက်မှ မပေးလိုသေးကြောင်း ပြုံးပြုံးရယ်ရယ်နဲ့ တုံ့ပြန်သွားခဲ့ပါတယ်။

လောလောဆယ်မှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးဟာ လစ်ဟာမှုမရှိဘဲ ကောင်းကောင်း တာဝန်ယူ အလုပ်လုပ်ပေးနေတယ်လို့ ဖေထောင်ထန်က ပြောပါတယ်။

ကွန်ဆာဗေးတစ်တွေ မပါဘဲ ညွန့်ပေါင်း အစိုးရကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ခြင်းက ဖေထောင်ထန်အတွက် အကျပ်အတည်း ကာလမှာ အထိုက်အလျောက် အသက်ရှူ ချောင်စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ဖုန်းအသံဖိုင် ပေါက်ကြားမှုနဲ့ ဆက်စပ်လို့ နိုင်ငံရေး ဖိအားတွေ တိုးလာတာကို ဝန်ကြီးချုပ်က ရင်ဆိုင်နေရဆဲ ဖြစ်သလို အခြေခံ ဥပဒေ ခုံရုံးကလည်း အဲဒီကိစ္စကို အရေးယူ စစ်ဆေးဖို့ သင့်မသင့် စဉ်းစားနေပါတယ်။

ဝန်ကြီးချုပ်ဟာ ဟွန်ဆန်းနဲ့ ဖုန်းပြောခဲ့ရာမှာ နိုင်ငံလုံခြုံရေးကို ထိပါးစေတဲ့ထိ ဥပဒေ ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း အထက်လွှတ်တော် အမတ် ၃၆ ဦးက စွပ်စွဲပြီး ဖေထောင်ထန်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အခြေခံ ဥပဒေ ခုံရုံးဆီ တင်ပြ တောင်းဆိုထားပါတယ်။ ခုံရုံးရဲ့ တာဝန်ရှိသူတွေဟာ အဲဒီ အဆိုပြုချက်နဲ့ ပတ်သက်လို့ ဇူလိုင် ၁ ရက်နေ့မှာ စည်းဝေး တွေ့ဆုံခဲ့ကြပါတယ်။

ဖေထောင်ထန်ဟာ သူ့ရဲ့ အမှားအတွက် ဝန်ခံ တောင်းပန်ထားသလို စစ်တပ်နဲ့လည်း ရင်ကြားစေ့နိုင်ဖို့ အပတ်တကုတ် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကွန်ဆာဗေးတစ်တွေ နုတ်ထွက်သွားတဲ့နောက် ဖေထောင်ထန်ရဲ့ ညွန့်ပေါင်း အစိုးရဟာ လွှတ်တော်ထဲမှာ အင်အား အနည်းအကျဉ်းလောက်သာ အသာစီးရတဲ့ အခြေအနေမျိုး ဖြစ်နေပြီး နောက်ထပ် ပါတီတစ်ခုခု နုတ်ထွက်ရုံနဲ့ ပြိုလဲသွားနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ အစိုးရဆီကနေ လမ်းခွဲသွားတဲ့ ကွန်ဆာဗေးတစ်တွေက ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်ပြီး ဖယ်ရှားဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

ဥပဒေကြောင်းအရ ပြဿနာ တက်နေတာက ဖေထောင်ထန် တစ်ဦးတည်းတင် မကဘဲ သူ့ရဲ့ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်လည်း အပါအဝင် ဖြစ်ပါတယ်။ သက်ဆင်ဟာ ထိုင်းဘုရင်ကို စော်ကားပုတ်ခတ်မှုအတွက် အခုသီတင်းပတ်ကစလို့ ကြားနာစစ်ဆေးမှု တစ်ခုကို ကြုံရမှာပါ။ ဇူလိုင် ၁ ရက်နေ့က ထိုင်းရဲ့ ရာဇဝတ်ခုံရုံးဟာ သက်ဆင် အနေနဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၁၂ ကွန်ပျူတာ ရာဇဝတ်မှုဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခဲ့သလား ဆိုတာကို အဖွင့်ကြားနာမှု စတင်ခဲ့ပါတယ်။

၂၀၁၅ တုန်းက သက်ဆင်ဟာ တောင်ကိုရီးယား မီဒီယာ တစ်ခုနဲ့ အင်တာဗျူးမှာ ထိုင်းဘုရင်ကို ပုတ်ခတ် ဝေဖန်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို အခြေပြုပြီး ကြားနာမှု လုပ်ဆောင်နေတာပါ။ လောလောဆယ်တော့ အမှုအတွက် အာမခံ ရထားတဲ့ သက်ဆင်က သူဟာ ဘာပြစ်မှုမှ ကျူးလွန်မထားဘူးလို့ ကာကွယ် ငြင်းဆိုထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ဇွန်လ ၂၈ ရက်နေ့က လူတွေ ထောင်သောင်းချီ စုရုံးပြီး ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်သွားပြီးတဲ့နောက် ကွန်ဆာဗေးတစ် အင်အားစုတွေဟာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖယ်ရှားနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှုပ်အထွေးတွေ ဖြစ်စေခဲ့တဲ့ အသံဖိုင် ပေါက်ကြားမှုမှာ သူကိုယ်တိုင် အတင်းပြောမိထားတဲ့ ထိုင်းစစ်တပ် ဗိုလ်ချုပ်တစ်ဦးကို ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထိုင်းစစ်တပ်က နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် အာရုံစူးစိုက်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းပြည်သူတွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Facebook