close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ သေဆုံးခဲ့တဲ့ စစ်သား အလောင်းတွေကို ကင်မ်ဂျုံအန်း လက်ခံယူနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား ထုတ်ပြ

ရုရှားဖက်က ကူညီတိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက စိတ်မကောင်းစွာနဲ့ လက်ခံယူနေပုံ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသခဲ့ပါတယ်။

Reuters

ရုရှားဖက်က ကူညီတိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက စိတ်မကောင်းစွာနဲ့ လက်ခံယူနေပုံ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသခဲ့ပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာတော့ ကင်မ်ဟာ စစ်သားတွေရဲ့ ရုပ်အလောင်းတွေ ထည့်ထားတဲ့ ခေါင်းတလားတွေကို လက်နဲ့ ထိကိုင်ထားပြီး မျက်နှာညှိုးနေတာကို တွေ့ရပါတယ်။ ဒါဟာ ယူကရိန်းနဲ့ တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို ကူညီဖို့ မြောက်ကိုရီးယားက စစ်တပ်တွေ စေလွှတ်ခဲ့တယ် ဆိုတာကို အစိုးရက အထင်အရှား အသိအမှတ် ပြုခဲ့တဲ့ ရှားပါး အခြေအနေ တစ်ခုလို့ ဆိုနိုင်ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြားက စစ်ရေး မဟာမိတ်အဖြစ် ပူးပေါင်းမှု တစ်နှစ်ပြည့် ကာလမှာ မြောက်ကိုရီးယားဆီက အခုလို ဓာတ်ပုံ မှတ်တမ်းတွေ ထုတ်ပြလာတာ ဖြစ်ပါတယ်။ အဲဒီ စစ်မဟာမိတ်အဖြစ် ပူးပေါင်းမှုကို ဂုဏ်ပြုတဲ့ ကပွဲအခမ်းအနား တစ်ခုရဲ့ နောက်ခံပိတ်ကားမှာလည်း ကင်မ်က မြောက်ကိုရီးယားအလံ လွှမ်းထားတဲ့ ခေါင်းတလားတွေကို စိတ်မကောင်းဟန်နဲ့ ထိကိုင်နေတဲ့ ဓာတ်ပုံကို ပြသထားပါတယ်။

အဲဒီ အခမ်းအနားကို မြောက်ကိုရီးယားနိုင်ငံရဲ့ ပြုံယမ်းမြို့တော် အရှေ့ပိုင်းက ပြဇာတ်ရုံကြီးမှာ ကျင်းပခဲ့ပြီး ဧည့်သည် ရုရှား အနုပညာရှင်တွေကပါ ပူးပေါင်း ဖျော်ဖြေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဇွန်လက ကင်မ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့တာ တစ်နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၉ ရက်နေ့က ချစ်ကြည်ရေး ဖျော်ဖြေပွဲကို ကျင်းပခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပိတ်ကားမှာ ပြသခဲ့တဲ့ ဓာတ်ပုံမြင်ကွင်းတွေမှာတော့ သေဆုံးစစ်သည်တွေရဲ့ ခေါင်းတလားတွေနားမှာ နှစ်နိုင်ငံ စစ်သည်တွေလည်း သက်ဆိုင်ရာ အလံတွေကို ကိုင်ဆောင်ရင်း အလေးပြုနေတာတွေ တွေ့ရပါတယ်။

ရုပ်အလောင်းတွေ မြောက်ကိုရီးယားဆီ ပြန်သယ်လာတဲ့ အခမ်းအနားကို ဘယ်တုန်းက ကျင်းပခဲ့တာလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဓာတ်ပုံတွေထဲမှာတော့ ကင်မ်နဲ့အတူ သူ့ရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်၊ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေတို့လို ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရပါတယ်။ သူတို့တွေဟာ အနွေးထည်တွေ ဝတ်ထားကြတာကြောင့် ပြီးခဲ့တဲ့ လပိုင်းလောက်က အဲဒီဓာတ်ပုံတွေကို ရိုက်ယူထားတယ်လို့တော့ ယူဆရပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် စစ်တပ်တွေ ကူညီစေလွှတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ရာက နောက်ပိုင်းမှာတော့ ရုရှားရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကို ပံ့ပိုးဖို့သက်သက် စစ်ကူပေးခဲ့တယ်ဆိုတဲ့ သဘောတရားမျိုးကို ပြောင်းလဲ ပုံဖော်ဖို့ ကြိုးစားလာနေပါတယ်။ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက မြောက်ကိုရီးယား တပ်တွေဟာ ယူကရိန်းပိုင်နက်ထဲ မဝင်ဘဲ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာပဲ လှုပ်ရှားခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ချိန်မှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် အများအပြား ထိခိုက် သေကြေခဲ့တာကတော့ ကင်မ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုအခါမှာ မြောက်ကိုရီးယား အစိုးရဟာ အဲဒီ ခါးသီးတဲ့ အရှိတရားကို ဝါဒဖြန့် ယန္တရား တစ်ခုအဖြစ် ပြောင်းလဲ အသုံးချဖို့ ကြိုးစားလာတဲ့ သဘောပါ။ မြောက်ကိုရီးယား အစိုးရက အဲဒီ စစ်သားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုဟာ နိုင်ငံရဲ့ အောင်ပွဲတစ်ခုလည်း ဖြစ်တယ် ဆိုတာမျိုး ပုံဖော်ဖို့ ကြိုးစားနေတယ်လို့ တောင်ကိုရီးယား အမျိုးသား ပြန်လည်သင့်မြတ်ရေး ဌာနရဲ့ အကြီးတန်း သုတေသီ ဟောင်မင်းက ယွန်ဟပ် သတင်းဌာနဆီ မှတ်ချက်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် တပ်အင်အား ၁၅၀၀၀ လောက် ထောက်ပံ့ပေးခဲ့တယ်လို့ ယုံကြည်ရပြီး အဲဒီထဲက ၆၀၀ ကျော် သေဆုံးပြီး ၄၁၀၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက အင်အား အလုံးအရင်းနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကို ခုခံရင်း ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ရပ်စဲနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ကြားက အဆိုပြုချက်တွေဟာ လုံးဝဥဿုံ ဆန့်ကျင် ကွဲပြားနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပန်းဖြေ ကမ်းခြေ အသစ်ကို မြောက်ကိုရီးယားက ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကို ရောက်ရှိနေပါတယ်။

Facebook