ဇူလိုင်-၁၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေပြီး မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့်စစ်ကိုင်းတိုင်းအပါအဝင်ဒေသ ၉ ခု၌မိုးကြီးနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့်ဆက်စပ် နေသည့်အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေတဝိုက်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည်လာမည့် ၂ ရက်အတွင်းအိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဩဒိဿပြည်နယ်မြောက်ပိုင်းနှင့် ဂျက်ခန်းပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သော်လည်း မြန်မာနိုင်ငံတွင် မိုးကြီးနိုင်ကြောင်း MOHADMကဇွန်လ ၃၀ရက်၌ သတိပေးထားသည်။

Public Service Announcement
ဇူလ်ိုင်လ ၆ရက်အထိမြန်မာနိုင်ငံဒေသအနှံ့၌ မိုးရွာနိုင်ပြီးစစ်ကိုင်းတိုင်းအထက်ပိုင်း၊နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်းသတိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လကုန်က ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ရခိုင်ပြည်နယ်တို့တွင် မိုးကြီးခဲ့သည်။
မေလနောက်ဆုံးပတ်ကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းသည် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်သန်းစဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့သည်။မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ဧရာဝတီမြစ်ရေလည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။လက်ရှိတွင်ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေ မြင့်တက်နေသည်။ချင်းတွင်းမြစ်ကမ်းဘေးရှိ မြို့နယ်အချို့တွင် ရေဝင်နေ၍ ယာယီရွှေ့ပြောင်းမှုများပြုလုပ်နေရသည်။
ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း MOHADM က သတိပေးထားသည်။
