အမေရိကန်က နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက် လျှော့ချလိုက်ခြင်းကြောင့် ကမ္ဘာအနှံ့မှာ လူပေါင်း ၁၄ သန်းလောက်ထိ အသက်ဆုံးရှုံးနိုင်တယ်လို့ သုတေသန စစ်တမ်းတစ်ခုက ညွှန်ပြနေပါတယ်။
ကမ္ဘာ့နိုင်ငံ အများအပြားက အခြေအနေ အဆိုးဆုံး၊ အကာအကွယ်အမဲ့ဆုံး လူ ၁၄ သန်းလောက်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန်က ထောက်ပံ့ရေး ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချလိုက်တဲ့ ဒဏ်ကို အသက်ပါပေးပြီး ထိခိုက် ခံစားရနိုင်တယ်လို့ လေးစား ယုံကြည်ထိုက်တဲ့ Lancet ဂျာနယ်ရဲ့ သုတေသန စစ်တမ်းက သတိပေးထားပါတယ်။ အဲဒီထဲက ၃ ပုံ ၁ ပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေပါ။
အမေရိကန် အစိုးရ လက်အောက်ခံ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ဟာ ဇန်နဝါရီလမှာ အိမ်ဖြူတော်ဆီ ထရမ့် တကျော့ပြန် ရောက်မလာချိန်အထိ ကမ္ဘာတလွှားက လူသားချင်း စာနာမှု ရန်ပုံငွေ အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို တာဝန်ယူ ထောက်ပံ့ပေးနေခဲ့တာ ဖြစ်ပါတယ်။
နှစ်ပတ်အကြာမှာပဲ ထရမ့်က အထူးအစိုးရ အကြံပေး အရာရှိအဖြစ် ခန့်အပ်ထားတဲ့ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ဦးဆောင်နေတဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)က USAIDနဲ့ တခြား နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို အမြောက်အမြား ဖြတ်တောက် လျှော့ချပစ်ခဲ့ပါတယ်။ အဲဒီတုန်းက မတ်စ်ခ်က ပြတ်သားတဲ့ လုပ်ဆောင်မှုမျိုးတွေကို ဆောင်ရွက်ခဲ့တယ်ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ အခုတော့ မတ်စ်ခ်နဲ့ ထရမ့်တို့ရဲ့ ဆက်ဆံရေးဟာ ရုတ်တရက် ပြိုကွဲပြီး လူသိရှင်ကြား ခါးသက်ကုန်သလို မတ်စ်ခ်လည်း အစိုးရ အဖွဲ့ထဲမှာ ရှိမနေတော့ပါဘူး။

Public Service Announcement
Lancet ဂျာနယ်က ရုတ်တရက်ကြီး ဖြတ်တောက်ပစ်လိုက်တဲ့ လူသားချင်း စာနာမှု အကူအညီတွေကြောင့် အကာအကွယ်ကင်းမဲ့သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ အကြီးအကျယ် ဒုက္ခရောက်သွားစေတယ်လို့ ထောက်ပြထားပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အဲဒီ လူတန်းစားတွေအတွက် ကျန်းမာရေး အကူအညီတွေ ပေးအပ်နိုင်မှုဟာ တဖြည်းဖြည်း အားကောင်းလာရာကနေ ရုတ်တရက် ဦးချိုး ခံလိုက်ရတာလို့လည်း ဂျာနယ်က ဆိုပါတယ်။
နိုင်ငံပေါင်း ၁၃၃ ခုရဲ့ အချက်အလက် စစ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ၂၀၀၁ ကနေ ၂၀၂၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း USAIDရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကြောင့် လူ့အသက်ပေါင်း ၉၁ သန်းလောက်ကို မသေဆုံးရအောင် တားဆီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတော့ USAIDရဲ့ ပုံမှန် ထောက်ပံ့မှု ရန်ပုံငွေတွေထဲက ၈၃ ရာခိုင်နှုန်းလောက် ဖြတ်တောက် ခံလိုက်ရပြီ ဖြစ်တာကြောင့် အကူအညီ မရတော့တဲ့ သူတွေထဲက အရေအတွက် သန်းနဲ့ချီ သေဆုံးတော့မယ့် အလားအလာကို တွေ့နေရကြောင်း Lancetက ဆိုပါတယ်။
အခြေအနေတွေ ပြောင်းလဲမသွားဘူးဆိုရင် ၂၀၃၀ ပြည့်နှစ်ထိ ကာလအတွင်း မသေအောင် ထိန်းသိမ်း ကုသပေးနိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမယ့်သူ ၁၄ သန်းလောက်ထိ ရှိလာလိမ့်မယ်လို့ Lancetက သုံးသပ်ပြထားပါတယ်။ အဲဒီထဲမှာ အသက် ၅ နှစ်အောက် ကလေး ၄.၅ သန်းကျော် ပါဝင်မှာဖြစ်ပြီး ပျမ်းမျှ တစ်နှစ်ကို ကလေး ၇ သိန်းလောက် သေဆုံးမယ့် သဘောပါ။ နှိုင်းယှဉ်ရ လွယ်ကူစေဖို့ ဥပမာ ပေးရမယ်ဆိုရင် ပထမ ကမ္ဘာစစ်အတွင်း သေဆုံးတဲ့ စစ်သားဦးရေ စုစုပေါင်းတောင် ၁၀ သန်းလောက်သာ ရှိခဲ့ကြောင်း Lancetက ပြောပါတယ်။
USAIDရဲ့ ပရောဂျက်တွေထဲမှာ လူ့သက်တမ်းကို ဆွဲဆံ့လို့ ရနိုင်တဲ့ ရောဂါမျိုးတွေအတွက် ဆေးဝါး ပံ့ပိုး ကုသပေးတာတွေလည်း ပါဝင်ပါတယ်။ ဥပမာ HIV/AIDSလို ရောဂါ ခံစားနေရသူတွေရဲ့ သေနှုန်းဟာ အဲဒီ ပရောဂျက်တွေရဲ့ အကျိုးကျေးဇူးကြောင့် ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အလားတူ ကြိုတင် ကာကွယ် ကုသလို့ရတဲ့ ရောဂါတွေကြောင့် ကလေးတွေ သေဆုံးနိုင်ခြေဟာလည်း ၃၂ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ ငှက်ဖျားနဲ့ တခြား အပူပိုင်းဇုန် ရောဂါတွေကြောင့် အသေအပျောက်ဟာလည်း ထက်ဝက်လောက် ကျဆင်းခဲ့ပါတယ်။
ထရမ့်က USAIDရဲ့ အသုံးစရိတ်တွေဟာ ဖြုန်းတီးမှုနဲ့ အလေအလွင့်တွေ အရမ်းများနေပြီး အခွန်ထမ်း ပြည်သူတွေကို ထိခိုက်နစ်နာစေတယ်လို့ ချဲ့ကား ပြောဆိုခဲ့ပေမယ့် တကယ်တမ်းမှာတော့ USAIDရဲ့ တစ်နှစ်တာ စုစုပေါင်း အသုံးစရိတ်ဟာ ဖက်ဒရယ် အစိုးရ ဘတ်ဂျတ်ရဲ့ ၀.၃ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။ တစ်နည်းအားဖြင့် အမေရိကန် ပြည်သူတွေဟာ USAIDအတွက် တစ်နေ့ကို ၁၇ ဆင့်၊ တစ်နှစ်လုံးမှာ ၆၄ ဒေါ်လာလောက်စီသာ ဝန်မပိတဲ့ ပမာဏမျိုး ထောက်ပံ့နေခဲ့တာလို့ လေ့လာသူတွေက ပြောပါတယ်။
USAIDက နိုင်ငံတကာ ထောက်ပံ့မှုတွေကို လျှော့ချလိုက်တဲ့နောက် ဂျာမနီ၊ ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း နိုင်ငံရပ်ခြား ထောက်ပံ့ရေး ဘတ်ဂျတ်တွေကို လျှော့ချမယ်လို့ အသီးသီး ကြေညာခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ အခြေအနေတွကို ပိုပြီး ဆိုးသွားစေတယ်လို့ Lancetရဲ့ သုတေသန စစ်တမ်းမှာ ပါဝင်ခဲ့သူ ကက်ထရီနာ မွန်တီက ပြောပါတယ်။
အခုသီတင်းပတ်မှာတော့ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာ စပိန်နိုင်ငံ၊ ဆဗီးလားမြိုမှာ စုဝေးပြီး နိုင်ငံတကာ အထောက်အပံ့တွေ ပံ့ပိုးနိုင်ရေးနဲ့ ပတ်သက်လို အကြီးမားဆုံး ညီလာခံ တစ်ခုကို ကျင်းပနေပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ပါဝင်ခြင်း မရှိဘူးလိုလည်း သိရပါတယ်။
ကိုးကား: ABC
