close
Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တွင်TNLA နှင့် SSPPတိုက်ပွဲထပ်ဖြစ်၊ တိုက်ပွဲဖြစ်ရသည့်အ​ကြောင်းအရင်းအပြန်အလှန်စွပ်စွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်တွင်တအာင်း အမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) အကြား ဇွန်လ ၂၃ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းကို အပြန်အလှန်စွပ်စွဲထားသည်။

TNLA နှင့် SSPP တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-TNLA၊ SSPP

ဇွန်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်တွင်တအာင်း အမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) အကြား ဇွန်လ ၂၃ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းကို အပြန်အလှန်စွပ်စွဲထားသည်။

၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းတွင် မိုးမိတ်မြို့နယ်ကို TNLAနှင့် ပူး​ပေါင်းတပ်များက သိမ်းပိုက်ထားရာ ဇွန်လ ၂၃ရက်တွင် TNLA စစ်ကြောင်းကို SSPP ဘက်က ၂ကြိမ် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့် ၁ကြိမ် တိုက်ခိုက်ခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

မိုးမိတ်မြိုနယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း TNLA ဘက်က စစ်ကြောင်းထွက် ကင်းလှည့်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့နယ်သည် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် TNLA သိမ်းပိုက်ခဲ့သည့် မြို့တမြို့ဖြစ်သည်။

ယခု SSPPဘက်က ပစ်ခတ်တိုက်ခိုက်သည်ဆိုသည့် TNLA၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး SSPP ဘက်က သတင်းထုတ်ပြန်ရာတွင် မိုးမိတ်မြို့နယ် အတွင်း SSPP/SSA တပ်ထိုင်ထားသည့်နေရာကို TNLA စစ်ကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဖော်ပြသည်။

မိုးဟောက်ကျေးရွာ တောင်ဘက်ရှိ SSPP တပ်စခန်းရှိရာနေရာကို PSLF/TNLA မှ စစ်ကြောင်း သုံးကြောင်းဖြင့်ထိုးစစ်ဆင်ဝင်ရောက်လာခဲ့သည့်အတွက်ကြောင့် နှစ်ဘက်တပ်ဖွဲ့ကြားအပြန်အ လှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဟု SSPPက ထုတ်

ပြန်သည်။ မိနစ်အနည်းငယ်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးTNLAတပ်ဖွဲ့ ပြည်လည်ဆုတ်ခွာသွားပြီးနောက် လက်ရှိအချိန်ထိ နှစ်ဘက်ပစ်ခတ်မှုများ ရပ်သွားခဲ့ကြောင်းဖော်ပြသည်။

ဇွန်လ ၁၉ ရက်နေ့ တွင် TNLA တပ်ဖွဲ့ တပ်မဟာ (၂) /တပ်မဟာ(၃) / တပ်မဟာ (၉) တို့ စုပေါင်း အင်အား (၂၀၀) ကျော်သည် မိုင်းလုံ မိုးကုတ်မှ မိုးမိတ်မြို့နယ်အတွင်း SSPP/SSA စခန်းတည်ရှိရာ မိုးဟောက် ‌ကျေးရွာဘက်သို့ ဦးတည်ပြီး ထိုးစစ်ဆင်ဝင်ရောက်နေရာချထားခဲ့ဟုလည်း SSPPက ဆိုသည်။

ထိုအပြင်SSPPနှင့်TNLAတို့သည်ဇွန်လ၁၅ရက်ကလည်းကျောက်မဲမြို့နယ်ဟူးဆွန်ရွာအနီး တိုက်ပွဲဖြစ်ခဲ့ရာ TNLA ဘက်က ထိခိုက်ကျဆုံးရှိခဲ့သည်ဟု သတင်းရင်းမြစ်အချိ့ကပြောသည်။ SSPP တပ်ရှိရာကို TNLA ကလာရောက်ပြီး ဖယ်ခိုင်းရာ SSPPက လက်မခံဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဇွန် ၁၅ ရက်ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍လည်း TNLAက ဇွန် ၂၃ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ရာSSPP/SSAတပ်ဖွဲ့သည် ဟူးဆွန်တောင်စခန်းကို TNLA ၏ တပ်သားလစ်ဟာနေချိန် ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထို့ကြောင့် ယင်းစခန်းသို့ TNLAက တက်လာစဉ် SSPP/SSAတပ်ဖွဲ့က ပစ်ခတ်ခဲ့၍ တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ဟု TNLAက ထုတ်ပြန်သည်။

သို့​သော်ဟူးဆွန်တောင်စခန်း တိုက်ပွဲနှင့်ပတ်သက်ပြီး SSPPက ထုတ်ပြန်ရာတွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းကို TNLA ဘက်မှ စစ်အင်အားသုံး ဖယ်ခိုင်း၍ နှစ်ဘက်တပ်ဖွဲ့ကြားအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟုဖော်ပြသည်။

TNLAနှင့် SSPP တို့သည် ပြီးခဲ့သည့် နှစ်များအတွင်း ကျောက်မဲနှင့် ကွတ်ခိုင်မြို့နယ်များ၌ မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

အလားတူရှမ်းမြောက်ဒေသများ၌ SSPPနှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) အကြား၊ TNLAနှင့် MNDAA အကြား၊ TNLAနှင့် KIA အကြားတွင်လည်း နယ်မြေဆိုင်ရာ ပြဿနာများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၀တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းများလည်းဖြစ်သည်။

UWSAသည် မဟာမိတ်အကြား ပြဿနာများကို ကြားဝင်ဖြေရှင်းပေးလျက်ရှိသည်။ SSPPနှင့် MNDAA အကြား ပြဿနာများကိုဖြေရှင်းရန် နှစ်ဖက်ကိုယ်စားလှယ်များ ပါသည့် ဆွေးနွေးပွဲကို ဇွန်လ ၁၇ရက်က သိန္နီမြို့နယ်၌ ကျင်းပခဲ့ရာ UWSA အသိသက်သေအဖြစ် တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ပြဿနာများ ညှိနှိုင်းဖြေရှင်းရန် SSPPနှင့် MNDAA ခေါင်းဆောင်များ သဘောတူညီခဲ့ကြသည်။

TNLAသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး မြို့ပေါင်း ၁၂မြို့နှင့် တပ်စခန်း ရာချီကို သိမ်းပိုက်ထားသည်။ SSPP တပ်မှာမူ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးမှုများပြုလုပ်ခဲ့သည့်အဖွဲ့ဖြစ်ပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်မှု ထင်ထင်ရှားရှားမတွေ့ရပေ။

ဆက်စပ်သတင်းများ

Trending

Facebook