close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေ့ပြောင်းအခြေချသူတွေကို ဇာတိမဟုတ်တဲ့ နိုင်ငံတွေဆီ ပြည်နှင်နိုင်ကြောင်း ထရမ့်ကို အမေရိကန် တရားရုံးချုပ်ခွင့်ပြု

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဇာတိနိုင်ငံ မဟုတ်တဲ့ တခြားနိုင်ငံတွေဆီ နယ်နှင်တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် တရားရုံးချုပ်က ပြန်လည် ခွင့်ပြုပေးလိုက်ပါတယ်။

Getty Images

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဇာတိနိုင်ငံ မဟုတ်တဲ့ တခြားနိုင်ငံတွေဆီ နယ်နှင်တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် တရားရုံးချုပ်က ပြန်လည် ခွင့်ပြုပေးလိုက်ပါတယ်။

မူလက အောက်ရုံး ဆုံးဖြတ်ချက်ဟာ ထရမ့်ရဲ့ အစိုးရက ရွှေ့ပြောင်း အခြေချသူတွေကို တခြားနိုင်ငံတွေ နယ်မနှင်ခင်မှာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဖြေရှင်းခွင့်မျိုး ပေးဖို့လိုကြောင်း ဆုံးဖြတ်ပြီး အစိုးရ လုပ်ဆောင်ချက်ကို ကြားဝင် တားမြစ်ထားခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာတော့ တရားရုံးချုပ် တရားသူကြီး ၉ ဦးက အဲဒီကိစ္စကို ဆုံးဖြတ်ဖို့ မဲခွဲခဲ့ကြပြီး ထရမ့်ရဲ့ အစီအစဉ် ဆက်လက် အကောင်အထည်ဖော်ဖို့ ထောက်ခံသူ ၆ ဦး၊ ကန့်ကွက်သူ ၃ ဦးနဲ့ အပြီးသတ်ရလဒ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကန့်ကွက်မဲ ပေးခဲ့တဲ့ လစ်ဘရယ် တရားသူကြီး ၃ ယောက်ကတော့ အဲဒီမဲခွဲရလဒ်ဟာ ဥပဒေမဲ့ လုပ်ချင်တာလုပ်ဖို့ ဆုချီးမြှင့်ပေးလိုက်တာနဲ့ တူတူပဲလို့ စိတ်ပျက်လက်ပျက် ပြောပါတယ်။

Public Service Announcement

Public Service Announcement

မေလတုန်းက မြန်မာ၊ တောင်ဆူဒန်၊ ကျူးဘား၊ မက္ကဆီကို၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံသားတွေ ပါဝင်တဲ့ ရွှေ့ပြောင်း အခြေချသူ ၈ ဦးကို အမေရိကန်က တောင်ဆူဒန်ဆီ နယ်နှင်ပြီး လေကြောင်းကနေ ပို့ဆောင်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး အခု အငြင်းပွားမှု ဖြစ်လာခဲ့တာပါ။ အောက်ရုံး ဆုံးဖြတ်ချက်နဲ့ အဲဒီနယ်နှင်မှုကို ကန့်ကွက် တားဆီးခဲ့တာဟာ ကြုံဖူးသမျှ အဆိုးတကာ့ အဆိုးဆုံး တရားရေးအရ စွက်ဖက်မှုလို့ ထရမ့်က စွပ်စွဲခဲ့ဖူးပါတယ်။

အခုတော့ တရားရုံးချုပ်က အစိုးရ အနေနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ဇာတိနိုင်ငံ ပြန်မပို့ဘဲ တခြားနိုင်ငံတွေဆီ နယ်နှင်လို့ရတယ်လို့ မဲပေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကန့်ကွက်မဲ ပေးခဲ့ကြတဲ့ တရားသူကြီးတွေဖြစ်တဲ့ ဆိုနီယာ ဆိုတိုမေယာ၊ အယ်လီနာ ကာဂန်နဲ့ ကက်တန်ဂျီ ဘရောင်းဂျက်ဆန်တို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ စက်ဆုပ်စရာ အလွဲသုံးစားမှု တစ်ခုလို့ ဝေဖန်ခဲ့ကြပါတယ်။

ရှိရင်းစွဲ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးနေပြီးသား ရွှေ့ပြောင်း အခြေချ ခံရသူတွေဟာ သူတို့နဲ့ အစိမ်းသက်သက် ဖြစ်နေတဲ့၊ ပြည်တွင်းပဋိပက္ခတွေ ထူထပ်နေတဲ့ နိုင်ငံမျိုးတွေမှာ ပိုပြီးဆိုးရွားတဲ့ ဒုက္ခမျိုးတွေ ကြုံလာနိုင်တယ်လို့ ဆိုတိုမေယာက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

အမေရိကန် အစိုးရရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး အမေရိကန် ပြည်သူတွေရဲ့ လုံခြုံဘေးကင်းမှုအတွက် အောင်ပွဲတစ်ရပ်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ နောက်ထပ် နယ်နှင်မယ့် အစီအစဉ်တွေအတွက် လေယာဉ်တွေကိုလည်း ပြင်ထားရတော့မယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ထရီစီယာ မက်လော့ဖ်လင်းက ပြောပါတယ်။

ထရမ့်က တောင်ဆူဒန်ကို နယ်နှင်ဖို့ ဆုံးဖြတ်ခဲ့သူ ၈ ဦးဟာ အမေရိကန်မှာ လူသတ်မှု၊ မီးရှို့မှု၊ လက်နက်ကိုင် ဓားပြမှုလို ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားကြသူတွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်မှာ ခုခံလျှောက်လဲတဲ့ ရှေ့နေတွေကတော့ အဲဒီ ၈ ဦးထဲက အများစုဟာ ဘာပြစ်မှုမှ ကျူးလွန်မထားသူတွေလို့ အခိုင်အမာ ခုခံ ကာကွယ်ခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရောက် တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အုံလိုက်ကျင်းလိုက် နယ်နှင်မယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်အတွက် သူ့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ လမ်းဖွင့်ပေးမှု တစ်ခုလည်း ဖြစ်လာပါတယ်။

တရားရုံးချုပ်ဟာ ပြီးခဲ့တဲ့ လတုန်းကလည်း အမေရိကန်မှာ တရားမဝင် ခိုလှုံနေတဲ့ ဗင်နီဇွဲလား နိုင်ငံသား ၃၅၀၀၀ လောက်ရဲ့ ယာယီ အကာအကွယ် ရရှိခံစားခွင့်တွေကို ဖယ်ရှားဖို့ ထရမ့်ရဲ့ တောင်းဆိုချက်ကို လိုက်လျော ခွင့်ပြုခဲ့ပါတယ်။ အဲဒီလမှာပဲ တရားရုံးချုပ် တရားသူကြီးတွေက အမေရိကန်မှာ ကျူးဘား၊ ဟေတီ၊ နီကာရာဂါ၊ ဗင်နီဇွဲလား နိုင်ငံသား ၅ သိန်းလောက်ကို ၂ နှစ်လောက် ခိုလှုံနေထိုင်ခွင့် ပြုထားတဲ့ လူသားချင်းစာနာမှု အစီအမံကို သမ္မတ အနေနဲ့ ယာယီ ရပ်ဆိုင်းပိုင်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ပေးခဲ့ပါသေးတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ကာတာနိုင်ငံမှာ ထားရှိတဲ့ အမေရိကန်ရဲ့ အယ်လ်အိုဒေး လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်တို့ကြား ပထမအဆင့်အဖြစ် ၁၂ နာရီကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြား ၁၂ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုတွေအပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကဟောမုဇ်ရေလက်ကြားကို ပိတ်ချမပစ်အောင် ကူညီစည်းရုံးပေးဖို့ တရုတ်ကို အမေရိကန်ကတောင်းဆိုလိုက်ပါတယ်။

Trending

Facebook