အိန္ဒိယ ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၇၀ ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။
အိန္ဒိယ ဆရာဝန်များအဖွဲ့ (Doctors in India)က ဇွန်လ ၁၂ ရက်နေ့၊ အိန္ဒိယလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ နေရာကနေ ရုပ်အလောင်း ၂၇၀ ရှာတွေ့ထားပြီလို့ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ဆီ ထွက်ခွာသွားတဲ့ လေယာဉ်ဟာ အမာဒါဘက်မြို့ လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်း အတွင်းမှာတင် ပျက်ကျခဲ့တာပါ။ လေယာဉ်ဟာ မြို့ထဲက ဆေးကျောင်းသား အဆောင်တစ်ခုဆီ ထိုးဆင်းသွားခဲ့ပြီး ပေါက်ကွဲ မီးလောင်ခဲ့တာကြောင့် လိုက်ပါသွားသူ ၂၄၂ ဦးထဲမှာ အသက် ၄၀ အရွယ် ဗြိတိန်နိုင်ငံသား တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ပြီး အားလုံး သေဆုံးခဲ့ပါတယ်။
အာဏာပိုင်တွေက လေယာဉ်ပျက်ကျတဲ့အချိန် မြေပြင်ပေါ်မှာ ရှိနေသူတွေ ဘယ်လောက်များသလဲ ဆိုတာကို အတိအကျ ဆန်းစစ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ပျက်ကျတဲ့ နေရာမှာ နောက်ထပ် ရုပ်အလောင်းတွေကို ဖြန့်ကျက် ရှာဖွေနေတာပါ။ လက်ရှိ အခြေအနေအရ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ အမှုထမ်းတွေအပြင် မြေပြင်ပေါ်မှာ ရှိနေသူ နောက်ထပ် ၂၉ ဦး အနည်းဆုံး သေဆုံးတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

Public Service Announcement
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရှာတွေ့ထားတဲ့ အလောင်းတွေကို DNAစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့ ကြိုးစားနေပါတယ်။ သေဆုံးသူတွေထဲမှာ အိန္ဒိယနဲ့ ဗြိတိန် နိုင်ငံသားတွေ အများအပြား ပါဝင်ခဲ့ပြီး အဲဒီနှစ်နိုင်ငံစလုံးမှာ အောက်မေ့ကြေကွဲမှု အခမ်းအနားတွေနဲ့ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အိန္ဒိယ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗျူရို (AAIBV)က ဦးဆောင် စစ်ဆေးနေပြီး လတ်တလောမှာတော့ ဘာကြေညာချက်မှ မထုတ်ပြန်သေးပါဘူး။ သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ သက်တမ်း ၁၁ နှစ်သာ ရှိသေးတဲ့ Boeing 787-8 လေယာဉ် ဘာကြောင့် ပျက်ကျသွားခဲ့သလဲ ဆိုတဲ့ အဖြေကို စောင့်ဆိုင်းနေကြပါတယ်။
အိန္ဒိယ လေကြောင်းလိုင်းရဲ့ ခရီးစဉ် အမှတ် AI171 လေယာဉ် ပျက်ကျခဲ့ပြီးတဲ့နောက် လေကြောင်းလိုင်းမှာ ရှိနေတဲ့ Boeing 787-8နဲ့ 787-9 လေယာဉ်အားလုံးကို ပျံသန်းမှု ယာယီ ဆိုင်းငံ့ပြီး လုံခြုံရေး ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ အမာဒါဘက်မြို့ဆီ ကိုယ်တိုင် ရောက်လာခဲ့ပြီး လေယာဉ်ပျက်ကျတဲ့ နေရာကို မိနစ် ၂၀ လောက် လှည့်ပတ်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
သူဟာ တစ်ဦးတည်း အသက်ရှင်ကျန်သူ ခရီးသည် ဗစ်ရှ်ဝက်ရှ်ကူးမား ရာမက်ရှ်နဲ့လည်း ဆေးရုံမှာ တွေ့ဆုံခဲ့ပါတယ်။ အိန္ဒိယ လေကြောင်းလိုင်းရဲ့ အမှုဆောင်ချုပ် ကမ့်ဘဲလ် ဝီလ်ဆန်ဟာလည်း လေယာဉ်ပျက်ကျတဲ့ နေရာဆီ ရောက်ရှိခဲ့ပြီး ဖြစ်စဉ် တစ်ခုလုံးအတွက် တုန်လှုပ် ကြေကွဲမိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC
