အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံရေးသားတဲ့ ပို့စ်တွေကြောင့် Facebookမှာ လူသိများတဲ့ အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် မြန်မာ အမျိုးသမီး တစ်ဦးဟာ ရွှေ့ပြောင်း မြန်မာ ဒုက္ခသည်တွေကို လက်တွေ့ အလုပ်မဖြစ်တဲ့ ရေနံမြေတွေ လိမ်လည် ရောင်းချခဲ့မှုအတွက် ဒေါ်လာ ၃.၂ သန်း ပေးဆောင်ဖို့ အမေရိကန် တရားသူကြီး တစ်ဦးက အမိန့်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ခရိုင် တရားသူကြီး တစ်ဦးဖြစ်တဲ့ ဟာနန် ဗီရာက လီဗီဆပ်နိုင်ထန်း ဟာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်း အခြေချလာတဲ့ ဒုက္ခသည်တွေရဲ့ စုငွေတွေကို ထုတ်ယူဖို့ ဆွဲဆောင်ပြီး ရေနံထွက်တဲ့ မြေတွေ ဝယ်ယူ ရင်းနှီးမြှုပ်နှံဖို့ လိမ်လည် အမြတ်ထုတ်လေ့ရှိကြောင်း ဆုံးဖြတ် ကြေညာခဲ့ပါတယ်။ အဲဒီအတွက်လည်း နစ်နာကြေးအဖြစ် ဒေါ်လာ ၃.၂ သန်း ပေးဆောင်ဖို့ တရားသူကြီးက အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ စီရင်ချက်မှာတော့ ချင်းအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းဟာ မြန်မာ ရွှေ့ပြောင်း အခြေချ ဒုက္ခသည်တွေကို စီးပွားရေးဆိုင်ရာ နစ်နာမှုတွေ ကြုံတွေ့စေခဲ့တဲ့အတွက် နစ်နာကြေး ဒေါ်လာ ၄၅၇၀၀၀၊ ဒဏ်ကြေး ဒေါ်လာ ၁.၄ သန်းနဲ့ နစ်နာမှုတွေရဲက သုံးဆနဲ့ ညီမျှတဲ့ နောက်ထပ် ဒေါ်လာ ၁.၄ သန်း ပေးဆောင်ဖို့ တရားသူကြီး ဗီရာက အဆုံးအဖြတ် ပေးခဲ့ပါတယ်။
ရိုးရိုးလေး သုံးသပ်ရင်တောင် လီဗီဆပ်နိုင်ထန်းဟာ မရိုးဖြောင့်တဲ့၊ လိမ်လည်လှည့်ဖျားတဲ့ ငွေကြေးရှာဖွေမှုတွေကို အတိုင်းအတာ ပမာဏ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာ မြင်သာနေကြောင်း၊ အဲဒီအတွက်လည်း တရားလိုတွေကို ငွေရေးကြေးရေးအရ အကြီးအကျယ် နစ်နာမှုတွေ ဖြစ်စေခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။

Public Service Announcement
လီဗီဆပ်နိုင်ထန်းဟာ ၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံကနေ အမေရိကန်ကို ရောက်ရှိခဲ့သူပါ။ သူဟာ အမေရိကန်ရောက် မြန်မာ အသိုက်အဝန်းကြားမှာလည်း ဖက်ရှင်၊ စာအုပ်ထုတ်ဝေမှုနဲ့ ရေမွှေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း လူသိများပါတယ်။ ၂၀၁၈ ကစလို့ သူဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်နေရာတွေကို ငှားရမ်းရယူခဲ့ပြီး လက်တွေ့မှာတော့ ဘယ်တုန်းကမှ အဲဒီနေရာတွေမှာ ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အကောင်အထည် မဖော်ခဲ့ပါဘူး။ အဲဒီအစား မြေနေရာတွေကို အလုပ်သမား လူတန်းစား မြန်မာဒုက္ခသည်တွေဆီ စျေးကြီးကြီးနဲ့ ပြန်ရောင်းခဲ့ပါတယ်။
သူ့ရဲ့ သားကောင် ဖြစ်ခဲ့သူ မြန်မာနိုင်ငံသား အများစုဟာ အင်္ဂလိပ် စကားကို အကန့်အသတ်လောက်နဲ့သာ နားလည်တတ်ကျွမ်းပြီး ရေနံလုပ်ငန်းအကြောင်း ဘာမှ နားမလည်သူတွေ ဖြစ်ပါတယ်။ လီဗီဆပ်နိုင်ထန်းက သူဟာ အဲဒီ လုပ်ငန်းတွေအကြောင်း ကောင်းကောင်း နားလည်ထားပြီး အခုလို ရေနံမြေတွေ ပြန်ရောင်းပေးတာဟာ မြန်မာ ဒုက္ခသည်တွေကို ကူညီချင်လို့ ဆိုတာမျိုးက Facebookပေါ်မှာ livestream ဗီဒီယိုတွေ ထုတ်လုပ်ပြီး ဆွယ်တရားဟော ကြော်ငြာခဲ့ပါတယ်။
Livestream ဗီဒီယို တစ်ခုထဲမှာတော့ လီဗီဆပ်နိုင်ထန်းက သူဟာ အမေရိကန် ရေနံစျေးကွက်ထဲမှာ ကျင်လည်နေတဲ့ တစ်ဦးတည်းသော မြန်မာနိုင်ငံသား ဖြစ်ကြောင်း၊ ဒါကြောင့်လည်း တခြား မြန်မာတွေက ရေနံမြေတွေ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံချင်ရင် သူက ကူညီပြီး စာရင်းသွင်း စီစဉ်ပေးနိုင်ကြောင်း ပြောထားခဲ့ပါတယ်။ နောက်ပြီး သူက ဝယ်ထားတဲ့ ရေနံစျေးတွေကို ဝယ်ရင်းစျေးအတိုင်း ပြန်ရောင်းမှာဖြစ်ပြီး သူ့အတွက် ငွေကြေး အကျိုးအမြတ် မလိုပါဘူးလို့လည်း ပြောခဲ့ပါသေးတယ်။
ဖေဖော်ဝါရီလတုန်းကတော့ သန့်ရှင်းရေး အလုပ်သမားတွေ၊ စားသောက်ဆိုင် ဝန်ထမ်းတွေ၊ ပြင်ဆင်ရေး ဝန်ထမ်းတွေ ပါဝင်တဲ့ မြန်မာ လုပ်သား တရားလိုတွေက သူတို့ဟာ လီဗီဆပ်နိုင်ထန်းရဲ့ လူသိများမှုနဲ့ အပြောကောင်းမှုတွေကြောင့် ယုံစားမိခဲ့တဲ့ အကြောင်းကို တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။ သူတို့က ငှားရမ်းထားတဲ့ မြေကွက်တွေမှန်း မသိဘဲ တကယ့် မြေကွက်အပိုင်တွေ ဝယ်ယူနိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့ပြီး လီဗီဆပ်နိုင်ထန်းနဲ့ သူ့ရဲ့မောင်က ရေနံတူးတဲ့ လုပ်ငန်းအတွက် အကူအညီ ပေးကြလိမ့်မယ်လို့ ထင်မှတ်မိခဲ့ကြောင်းလည်း တရားလိုတွေက ပြောပါတယ်။
တရားသူကြီးက အဲဒီ တရားလိုတွေဟာ အမေရိကန်မှာ ပညာမသင်ဖူးသလို အင်္ဂလိပ်စကားကို အကန့်အသတ်နဲ့သာ တတ်ကျွမ်းပြီး ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်းတွေအကြောင်း ဘာမှ နားမလည်ခဲ့ကြောင်း၊ လီဗီဆပ်နိုင်ထန်းရဲ့ အပြောကိုပဲ ယုံကြည်ပြီး သူတို့ရဲ့ စုငွေတွေကို အကုန်ထုတ်ပြီး မြေတွေ ဝယ်ခဲ့ကြကြောင်း၊ အဆုံးမှာတော့ သူတို့ ဘာမှ အသုံးချလို့ မရတဲ့ ငှားရမ်းမြေ ရေနံလုပ်ကွက်တွေကိုသာ ရရှိခဲ့ပြီး အများအပြားဟာ နှစ်စဉ်ကြေး အခွန်အခတွေ မှန်မှန် မသွင်းနိုင်ခဲ့ကြောင်း၊ ဒါကြောင့်လည်း အာဏာပိုင်တွေက အဲဒီမြေတွေကို ပြန်သိမ်းယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
တရားခွင်မှာတော့ လီဗီဆပ်နိုင်ထန်းက သူဟာ ရေနံလုပ်ငန်းနဲ့ ပတ်သက်လို့ တရားဝင် လေ့ကျင့်သင်ယူထားမှု ဘာမှ မရှိကြောင်း ဆိုပါတယ်။ အဲဒီအစား သူဟာ စွမ်းအင် ကုမ္ပဏီတွေကို သွားရောက် လေ့လာတာ၊ မဂ္ဂဇင်းတွေ ဖတ်ရှုတာ၊ ရေနံလုပ်ငန်းခွင်က လူတွေနဲ့ စကားပြောဆိုတာတွေတော့ ရှိခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။ နောက်ပြီး ရေနံတူးဖို့ အခကြေးငွေပေးပြီး ဝန်ထမ်းတွေ ခေါ်ယူတာမျိုး၊ ရေနံတူးတဲ့ လုပ်ငန်းအတွက် ငွေကြေး မြှုပ်နှံတာမျိုးတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးကြောင်းကိုလည်း လီဗီဆပ်နိုင်ထန်းက ဝန်ခံသွားပါတယ်။
လီဗီဆပ်နိုင်ထန်းရဲ့ ရှေ့နေကတော့ ခရိုင်တရားသူကြီးရဲ့ စီရင်ချက်ကို မကျေနပ်တာကြောင့် အထက်ရုံးမှာ အယူခံပြီး ဆက်လက်တိုက်ပွဲဝင်သွားဖို့ စီစဉ်နေကြောင်း ပြောကြားထားပါတယ်။
ကိုးကား: Court House News
