ကိုဘီဂျီ/People’s Spring
နောင်ချိုဆိုတဲ့အမည်ဟာ ရှမ်းဘာသာစကားဖြစ်ပြီး ရေကန်စိမ်းအနီးက စခန်းလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးလူတွေကတော့ အဲဒါကို အတိုကောက်အနေနဲ့ နောင်ချိုမြို့ကို အင်းစိမ်းစခန်းလို့ ခေါ်ဝေါ်ပြီး နှောင်းလူတွေလက်ထက်မှာတော့ အင်းစိမ်းမြေလို့ ပြောင်းလဲခေါ်ဆိုပါတယ်။
ရေကန်တွေနဲ့ စိမ်းစိုတဲ့သစ်ပင်တွေရှိတာကြောင့် အေးချမ်းသာယာတဲ့ တောင်ပေါ်မြို့ငယ်လေးဖြစ်ပါတယ်။ ဒီမြို့ငယ်လေးရဲ့တည်နေရာကြောင့်နွေဦးတော်လှန်ရေးမှာတော့ စစ်ရေးအတွက် အရေးပါတဲ့မြို့အဖြစ်ပြောင်းလဲလာပါတယ် ။
နောင်ချိုကနေ အရှေ့ဘက်တက်သွားရင် ဂုတ်တွင်းချောင်းခြားပြီးမန္တလေး−လားရှိုးလမ်းမကြီးပေါ်က ကျောက်မဲ၊သီပေါနဲ့ လားရှိုးမြို့တို့ပါ။ အဲဒီလမ်းပိုင်းပဲ အနောက်ဘက်ကိုလာရင်တော့ စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မြို့ပါ။

Public Service Announcement
မြောက်ဘက်တည့်တည့်သွားရင်ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့ရှိပါတယ်။ နောင်ချိုကနေ မိုးကုတ်မြို့ကိုသွားတဲ့ လမ်းပိုင်းလည်း ရှိနေပါတယ်။
တောင်ဘက်မှာတော့ အမြောက်တပ်တွေရှိတဲ့ တောင်းခမ်းဒေသကိုကျော်ရင် ရှမ်းတောင်က ရပ်စောက်မြို့နဲ့ သင်တန်းကျောင်းတွေနဲ့ခြေလျင်တိုက်ခိုက်ရေး တပ်တွေ၊ လက်ရုံးဝန်ထမ်းတပ်တွေအခြေစိုက်တဲ့ ဗထူးတပ်မြို့ရှိနေပါတယ်။
ပုံမှန်အခြေအနေမှာ တောင်ပေါ်ဒေသ ရိုးရာစျေးပတ်တွေနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့အေချမ်းသာယာတဲ့ မြို့ငယ်လေးဟာ အထက်ကလို ဆုံချက်ကြတဲ့ အချက်တွေကြောင့် စစ်တပ်အာဏာသိမ်းအပြီး ၃နှစ်ကျော်အကြာမှာတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ခင်း၊စစ်ပြိုင်ကြမယ့် အရေးပါတဲ့ ဗျူဟာမြောက်ဒေသတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ရဲ့ ၂၀၂၄ ဇွန်လမှာစတင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်းမှာ ရှမ်းမြောက်က မြို့တွေကို အပြီးသတ်သိမ်းပိုက်ခဲ့ပေမယ့် ရှမ်းမြောက်အစပ်က နောင်ချိုမြို့ကိုတော့ တစ်မြို့နယ်လုံး စစ်ကောင်စီတပ် ကင်းစင်အောင် မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
၁၀၂၇ဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ နောင်ချိုမြို့ကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက စတင်သိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ဒုတိယလှိုင်း စတင်ခဲ့တဲ့ နှစ်ပတ်လည် လပိုင်းမှာဘဲ နောင်ချိုမြို့ အနီးဝန်းကျင်မှာတဖန်တိုက်ပွဲတွေ ပြင်းထန်လာပြန်ပါတယ်။

●ပထမစစ်ရေးဆုံချက် တောင်းခမ်းမှ နောင်ချိုဆီသို့
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့အမတ(၃၅၄)၊အမတ(၂၀၆)နဲ့အမတ(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။ TNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ တောင်းခမ်းကအမြောက်တပ်တွေကို အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့တာက စတာပါ။
တောင်းခမ်းဒေသဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင်ရဲ့ နယ်ခြားဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် စစ်တပ်က အမြောက်တပ်တွေ စုဝေးတည်ထားတာပါ။ တောင်းခမ်းမှာ တိုက်ပွဲတွေဖြစ်တော့ စစ်တပ်က ဗထူး၊ရပ်စောက်ကနေ ကနေ တောင်းခမ်းကို စစ်ကူတွေပို့ပေးပါတယ်။ တောင်းခမ်း-ရပ်စောက်လမ်းပိုင်းမှာကျောက်ဂူဒေသရှိပါတယ်။ ဓနုတပ်(DPLA)က စစ်ကူတွေကို ဖြတ်တောက် ပေးရာမှာ အဓိကတာဝန်ယူခဲ့တာပါ။
တောင်းခမ်းဒေသက အမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးမှုတွေများခဲ့ပါတယ်။ စစ်ရေးဗျူဟာတွေ နှစ်ဖက်အပြိုင်အဆိုင်လုပ်ခဲ့ကြတဲ့ တောင်းခမ်းတိုက်ပွဲလို့ စစ်ရေးသုံးသပ်သူတွေက ရေးသားခဲ့ကြပါတယ်။ နှစ်ဖက်တပ်တွေလည်း အင်အားတိုးပြီး စစ်ကောင်စီတပ်ဆို တပ်အချိန်းပြောင်းတွေပါ မကြာခဏလုပ်ခဲ့ရပါတယ်။
တော်လှန်ရေးတပ်တွေသာ တောင်းခမ်းဒေသကို သိမ်းပိုက်နိုင်ခဲ့ရင် စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်ကို စစ်ချီတက်လာနိုင်တယ်လို့၂၀၂၄မှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါသေးတယ်။
တောင်းခမ်းက အမြောက်တပ်နှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းလုပြီးချိန် စစ်ကောင်စီတပ် အထိနာနေချိန်မှာ ပြင်ဦးလွင်မြို့မှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ခဲ့ပါသေးတယ်။ မြို့ခံအတော်များများဟာ ကားတွေနဲ့ မန္တလေးဘက်ကိုဆင်ပြီး စစ်ဘေးရှောင်ဖို့ ထွက်ခဲ့ကြပါသေးတယ်။
မန္တလေးမြို့အဝင် (၁၆)မိုင်ဂိတ်အထိ ရှည်တဲ့ကားတန်း ဓာတ်ပုံတွေဟာ လူပြောများခဲ့ပါတယ်။
တောင်းခမ်းသာတော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ရင် စစ်ကောင်စီဟာ ရှမ်းမြောက်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ အတော်အခက်တွေ့သွားမယ်လို့ စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ ပြင်ဦးလွင်ကို ပြန်ဆင်းနိုင်ပြီး ရှမ်းတောင်က ရပ်စောက်မြို့ဘက်ကိုလည်း ဆက်လက်ထိုးဖောက်နိုင်တယ်လို့ ၎င်းကသုံးသပ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်က ပြန်ရောက်အပြီးမှာ တောင်းခမ်းဒေသကို စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်လာပါတယ်။မင်းအောင်လှိုင်ဟာ တရုတ်ပြည်ခရီးစဉ်ကို ၂၀၂၄ နိုဝင်ဘာ ပထမအပတ်က သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေလည်း ပိုလုပ်လာတယ်လို့ နောင်ချိုဒေသခံ အမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့နဲ့ (၈)မိုင်လောက်ပဲဝေးတော့တဲ့ ကံကြီးရွာအထိ ရောက်လာပါတယ်။

●စစ်တပ်ကနောင်ချိုကို စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်နေ
စစ်တပ်အတွက် နောင်ချိုရရင် အဲဒေသကို အခြေပြုပြီး ရှမ်းမြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အရေးပါနေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ဆီကိုစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
တောင်းခမ်းကစစ်တပ်ဟာနောင်ချိုမြို့ဆီကို စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေသလိုမန္တလေး−လားရှိုးလမ်းပိုင်းက ပြင်ဦးလွင်−ဝက်ဝံ−ဘန့်ဘွေးဘက်ကနေလည်း စစ်ကြောင်းတစ်ကြောင်းတစ်ကြောင်းထိုးနေတာပါ။
တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းနဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီး တောလမ်းပိုင်းကနေလည်း စစ်ကြောင်းထိုးနေပါတယ်။
တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းဟာ လမ်းတကြောက ကျေးရွာတွေကို စစ်ကြောင်းထိုးဆက်တိုက်သိမ်းပိုက်လာပြီး ကံကြီးရွာအထိရောက်လာပါတယ်။ကံကြီးကနေ တိုက်ခိုက်ခံရလို့ ချက်ချင်းနောက်ပြန်ဆုတ်ပြီးရွှေမုဌောကျေးရွာအထိ ဆုတ်ပေးခဲ့ရပါတယ်။
ဒါပေမယ့် ကံကြီးရွာရဲ့ အရှေ့ဘက်က လာနေတဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီး တောလမ်းပိုင်းကစစ်ကြောင်းကတော့ အတော်ခရီးရောက်နေပါတယ်။
TNLAက ဇွန်လ ၁၂ရက်နဲ့ ၁၃ရက်မှာ စစ်ရေးအခြေအနေတွေကို အသိပေးထားရာ ကံကြီးရွာ၊ရွှေသွန်းရွာ ၊ ပိန္နဲကုန်းရွာနဲ့ ဉာဏ်တောရွာတွေမှာ တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရွှေသွန်းရွာ ၊ ပိန္နဲကုန်းရွာနဲ့ ဉာဏ်တောရွာတွေဟာ ကံကြီးရွာအရှေ့ဘက်မှာရှိပြီး နောင်ချိုမြို့နဲ့ ပိုနီးနေပါတယ်။ တောင်းခမ်းကနေ နောင်ချိုကိုသွားရင် ကံကြီးရွာရဲ့အရှေ့ဘက်ကနေ ကျော်သွားတဲ့ သဘောပါ။
အဲဒီနေရာတွေမှာတော့ လက်တလောမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ရွှေသွန်းရွာက တိုက်ပွဲဆို နောင်ပိန်ရွာကပါ အတိုင်းသားကြားနေရတယ်လို့ နောင်ပိန်ဒေသခံတွေက ဇွန်လ ၁၅ရက်နေ့မှာ ပြောပါတယ်။
“မနေ့ကလည်း တနေကုန်၊ ညရောပဲ”လို့ နောင်ပိန်ရွာဒေသခံက ပြောပါတယ်။

တောင်းခမ်းက စစ်ကြောင်းတွေဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် မန္တလေး−လားရှိုးလမ်းပိုင်းက ပြင်ဦးလွင်−ဝက်ဝံ−ဘန့်ဘွေး စစ်ကြောင်းကတော့ ရှေ့မတိုးနိုင်ပဲ အရင်အတိုင်းပဲ ရှိနေပါသေးတယ် ။ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာနားမှာဘဲ ရှိနေပါသေးတယ်။ အဲဒီကျေးရွာတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။
စစ်တပ်သာ နောင်ချိုရရင် မြို့ဘက်မှာရှိနေတဲ့ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မိုးကုတ်မြို့ဟာ အန္တရာယ်ရှိလာပါပြီ။ နောင်ချို − မိုးကုတ်လမ်းပိုင်းဟာ ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်တပ်ရောက်နေတဲ့ အုမ္မသီး−အုမ္မခါးကျေးရွာနားက သွားရတာပါ။
မိုးကုတ်နားမှာတော့ နယ်မြေတွေစပ်ဆက်နေတဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးမိတ်၊ စဉ့်ကူး၊သပိတ်ကျင်း၊ရွှေပြည်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ မတ္တရာတို့ ရှိနေပါတယ်။
ဒါ့အပြင် နောင်ချို − ကျောက်မဲ လမ်းပိုင်းကလည်း လားရှိုးကနေ မန္တလေးအထိ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တာမို့ နှစ်ဖက်စလုံးအတွက် အရေးပါနေပါတယ်။ စစ်တပ်သာ နောင်ချိုရရင် TNLAသိမ်းပိုက်ထားတဲ့ လားရှိုး − မန္တလေးကုန်သွယ်ရေးလမ်းပေါ်က ကျောက်မဲ၊သီပေါမြို့တွေကိုပါဆက်လက်ထိုးစစ်ဆင်ခံရနိုင်တဲ့ အနေအထားပါ။ ကျောက်မဲနဲ့ သီပေါလွန်ရင် ဟိုဘက်က တရုတ်အကူအညီနဲ့ ကျည် ၁ချက်မဖောက်ရပဲ MNDAA ဆီက စစ်ကောင်စီပြန်ရထားတဲ့ လားရှိုးမြို့ဖြစ်ပါတယ်။
နောင်ချိုဒေသခံတွေ သုံးသပ်တာက စစ်ကောင်စီဟာ နောင်ချိုကနေ တဆင့် ပြင်ဦးလွင် − လားရှိုးလမ်းမကြီးပြန်လည်စိုးမိုးဖို့အတွက် ကျေက်မဲမြို့ကို ချီတက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် စစ်ရေးသုံးသပ်သူကတော့ ကမ္ဘာကျော်ပတ္တမြားတွေထွက်ရှိတဲ့ မိုးကုတ်မြို့ဆီ ချီတက်နိုင်တယ်လို့ ဆိုပါတယ်။
“မိုးကုတ်ဘက်မှာသူလိုချင်တာတွေအကုန်ရှိတယ်”လို့ စစ်ရေးသုံးသပ်သူက ပြောပါတယ်။ ကျောက်မျက်ရတနာတွေအပြင် တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့မြို့တွေပါ စုဝေးနေတာလို့ ထောက်ပြပါတယ်။
မေလကုန်ပိုင်းမှာတရုတ်နိုင်ငံ၊ကူမင်းမြု့မှာ တရုတ်အစိုးရစီစဥ်ပေးမှုကြောင့် စစ်ကောင်စီ၊TNLA ဆွေးနွေပွဲမှာလည်း စစ်ကောင်စီက နောင်ချို ၊သီပေါ ၊ကျောက်မဲ ၊မိုးကုတ်၊မိုးမိတ်မြို့တွေကိုပြန်တောင်းခဲ့တာပါ။ TNLA ကသဘောမတူလို့အစည်းအဝေးပြီးခဲ့ပေမယ့် သြဂုတ်လမှာထပ်ဆွေးနွေးကြဖို့ရှိတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ် ။
ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၁၃ရက်ကလည်း စစ်ကားခြောက်စီး နောင်ချိုဘက်ကို တက်သွားတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် TNLAဘက်ကလည်း စစ်ကူတွေ စစ်ကား ၉ စီးနဲ့ ဇွန်လ ၁၃ရက်က နောင်ချိုမြို့နယ်ကို ရောက်လာတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ လူထုနွေဦးက အတည်မပြုနိုင်ပေမယ့် နောင်ချိုမြို့ကို ထိန်းသိမ်းထားဖို့အတွက် မန္တလေး PDFက စစ်ကူလာဖို့ TNLAထံ ခွင့်ပြုချက်တောင်းထားပြီး လက်ရှိမှာ နောင်ချိုကို ရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။
TNLA သတင်းနဲ့ပြန်ကြားရေတာဝန်ခံ လွေးယေဦးကတော့ “နောင်ချို၊တောင်းခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ ဇွန် ၅ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ လက်စွမ်းထက်ပြီး မြို့ပေါင်း ၁၂မြို့ကိုဦးဆောင်သိမ်းပိုက်ခဲ့တဲ့ TNLA ဟာ နောင်ချိုမှာဘာကြောင့် နောက်ဆုတ်ပေးနေရတာလဲဆိုတာကို ပြည်သူတွေ အားမလိုအားမရဖြစ်နေသလို ၊နားမလည်နိုင်ကြပဲ ဖြစ်နေကြပါတယ်။ အဲဒီထဲမှာ အစိုးရိမ်ဆုံးဖြစ်နေကြတာက အာဏာလုစစ်ကောင်စီကို ဖီဆန်တော်လှန်ခဲ့ကြတဲ့ပြည်သူတွေက စစ်တပ်သာ နောင်ချိုမြို့ကိုရောက်လာရင်ဆိုတဲ့အတွေးတွေနဲ့ အလွန်စိုးရိမ်နေကြရတယ်လို့ တော်လှန်ရေးကို ပါဝင်ကူညီနေတဲ့ ပြည်သူအချို့က ပြောပါတယ်။
မြို့ပတ်လည်မှာ ရေကန်တွေ၊ ရေတံခွန်တွေ၊ စမ်းချောင်းတွေ၊ ကျောက်ဂူတွေအပြင် အနယ်နယ်အရပ်ရပ်က ပြည်သူတွေ တိမ်ပင်လယ်ကြည့်ရှု့ဖို့ တကူးတကလာရောက်ရတဲ့အင်းစိမ်းမြေဟာလက်ရှိမှာတော့ အပျက်အစီးတွေနဲ့ မြို့ပျက်သဖွယ်ဖြစ်နေပါတယ်။
ဒါပေမယ့် ၂၀၂၁အလွန် တော်လှန်ရေးအခင်းအကျင်းမှာတော့ အင်းစိမ်းမြေခေါ် နောင်ချိုဟာ အရင်ကထက် လူပိုသိလာတဲ့ မြို့ဖြစ်လာပါပြီ။
“ကိုယ့်မြို့ကို ဒီလောက်အရေးပါလာမယ် မထင်ဘူး။ မြို့ကတော့ပျက်သွားပြီ။ ကျေနပ်ပါတယ်”လို့ အသက် (၄၀)အရွယ် နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ဖွင့်ဟပါတယ်။ ။
