ဇွန် – ၁၃ ၊၂၀၂၅ /People’s Spring
အိန္ဒိယ ခရီးသည်တင်လေယာဉ် ပျက်ကျမှုမှာ ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ၂၄၁ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။
အိန္ဒိယနွယ်ဖွား ဗြိတိန် နိုင်ငံသား၊ အသက် ၄၀ အရွယ် ဗစ်ရှ်ဝက်ရှ်ကူးမား ရာမက်ရှ်ဟာ သွေးပျက်စရာ အခြေအနေ ဆိုးကြီးကနေ လွတ်မြောက်ပြီး ကိုယ်တိုင် လမ်းလျှောက်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကယ်ဆယ်ရေးသမားတွေကို တွေ့ဆုံခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ အမာဒါဘက် မြို့ကနေ လန်ဒန်ဆီ ဦးတည် ပျံတက်သွားတဲ့ Boeing 787 လေယာဉ်ဟာ လေဆိပ်နဲ့ မလှမ်းမကမ်းမှာ ပျက်ကျခဲ့ရာမှာ ထိုင်ခုံအမှတ် 11Aမှာ ရှိနေခဲ့တဲ့ ရာမက်ရှ်က အံ့ဩစရာ ကောင်းလောက်အောင် လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
သူ့ရဲ့ညီ နာယန်ကူးမား ရာမက်ရှ်က အစ်ကိုဖြစ်သူ ဘယ်လို လွတ်လာသလဲ ဆိုတာကို တွေးတောင် မတွေးတတ်တော့ဘူးလို့ ပြောပါတယ်။
အစောပိုင်းမှာ ကယ်ဆယ်ရေး အဖွဲ့တွေက လိုက်ပါသွားသူ အားလုံး သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောခဲ့ပြီးမှ လေယာဉ်ပျက်နဲ့ မလှမ်းမကမ်းမှာ ရာမက်ရှ်ကို ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်နဲ့ ဗြိတိန် ၅၂ ယောက် အပါအဝင် ကျန်တဲ့ ခရီးသည်နဲ့ အမှုထမ်း ၂၄၁ ယောက်စလုံးကတော့ သေဆုံးခဲ့ကြပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ရာမက်ရှ်ဟာ မီးခိုးလုံးတွေ အူထွက်နေတဲ့ အပျက်အစီးတွေဖက်ကနေ ဆေးရုံကားဆီ လမ်းလျှောက်သွားနေတာကို တွေ့ရပါတယ်။ နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ ဆေးရုံ ကုတင်တစ်ခုပေါ်မှာ လှဲလျောင်းနေတဲ့ သူ့ကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက သွားရောက် တွေ့ဆုံနေတာကို မြင်ခဲ့ရပါတယ်။
ရာမက်ရှ်ကို တာဝန်ယူ ကုသပေးနေသူ ဒေါက်တာ ဒါဗဲလ် ဂါမက်တီက လူနာဟာ ဘာတွေ ဖြစ်နေမှန်း မသိဘဲ နည်းနည်း ထင်ယောင်ထင်မှား အခြေအနေမျိုး ကြုံနေကြောင်း၊ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေ ရထားကြောင်း၊ ဒါပေမဲ့ အသက်အန္တရာယ်တော့ မရှိကြောင်း ပြောပါတယ်။
အိန္ဒိယမှာ မွေးဖွားခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်ဟာ ၂၀၀၃ ခုနှစ် ကတည်းက ဗြိတိန်မှာ သွားရောက် နေထိုင်နေခဲ့တာပါ။ သူ့ရဲ့ နာမည်နဲ့ ထိုင်ခုံနံပါတ်ပါတဲ့ လေယာဉ်လက်မှတ်ကိုလည်း အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ သူ့ရဲ့ ထိုင်ခုံဟာ အရေးပေါ် ထွက်ပေါက်နားမှာ ရှိနေပြီး လေယာဉ် ပျက်ကျတဲ့အချိန် ရာမက်ရှ်က အချိန်မီ ခုန်ထွက်နိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အိန္ဒိယ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ ဂူဂျာရတ်ပြည်နယ်၊ အမာဒါဘက်မြို့ရဲ့ ဆာဒါ ဗယ်လက်ဘ်ဟိုင် ပက်တဲလ် နိုင်ငံတကာ လေဆိပ်နားမှာရှိတဲ့ ဆရာဝန်တွေ နေထိုင်ရာ အဆောင်ပေါ်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွင်း မြေပြင်ပေါ်မှာ ရှိနေသူတွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို တိတိကျကျ မသိရသေးပါဘူး။ ဒဏ်ရာရသူ တချို့ ရှိတယ်ဆိုတာကိုတော့ ကယ်ဆယ်ရေးတွေက အတည်ပြုထားပါတယ်။
လေယာဉ် ပျက်ကျမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မပျက်ကျခင်မှာ လေယာဉ်ဆီက အရေးပေါ် အခြေအနေ သတင်းပို့မှုကို လက်ခံရရှိခဲ့ပေမယ့် လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ပြန်ဆက်သွယ်တဲ့အခါ တုံ့ပြန်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။
အိန္ဒိယ လေကြောင်းလိုင်းရဲ့ လေယာဉ် ပျက်ကျမှုဟာ အမေရိကန် ကုမ္ပဏီ Boeingက ထုတ်လုပ်တဲ့ 787 လေယာဉ်တွေထဲမှာ လူအသေအပျောက် ကြုံတွေ့ရတဲ့ ပထမဆုံး ဖြစ်စဉ်အနေနဲ့လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ကိုးကား – BBC ၊ ရုပ်သံ – လူမှုကွန်ရက်
