ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring
စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ (၃)နှစ်မှာစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့ မြန်မာ−ထိုင်းနယ်စပ် စည်းမျဉ်းအနီးက စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့(ဇွန်လ ၁၁ရက်)မှာ နောက်တစ်ကြိမ် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်က သက်ရှိစည်းရိုးလို့ အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်းရဲ့နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။
ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီတကြိမ်ထိုးစစ်မှာKNLA ဦးဆောင်ပြီး တော်လှန်ရေးအဖွဲ့တွေပိုစုံလာတာဖြစ်ပါတယ် ။

Public Service Announcement
“ဥကရစ်ထကတော့ ဒီနေ့စတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။
KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာ−ထိုင်းနယ်စပ်အနီး ဥကရစ်ထတပ်စခန်း တကျောက ဘလယ်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်၊ မော်ခီး ၊ သေဘောဘိုးတပ်စခန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆက်တိုက် တိုက်ခိုက်သိမ်းယူထားပါတယ်။ ဥကရစ်ထတပ်စခန်း အနီး အရှေ့ဘက်မှာတော့ ဝေါ်လေဗျူဟာစခန်း ကျန်ရှိနေပါသေးတယ်။
ပထမအကြိမ် ဥကရစ်ထတပ်စခန်းသိမ်းပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန်ကာကွယ်ခဲ့ရပြီး အထိလည်း နာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းအရင်းမြစ် နောက်တစ်ဦးက ပြောပါတယ်။လေကြောင်းကနေ အကြိမ်၁၀၀ကျော် ပစ်ကူပေးခဲ့သလို ၊မြေပြင်စစ်ကူတွေလည်းပို့ခဲ့ရတဲ့ တိုက်ပွဲလို့လည်း သူက ဆိုပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ရက်အတော်ကြာထိုးစစ်ဆင်ခဲ့ပေမယ့် မသိမ်းပိုက်နိုင်ပဲ တပ်တွေရုပ်သိမ်းအပြီးမှာတော့ စစ်ကောင်စီက ဥကရစ်ထတပ်စခန်း ပါမသွားလို့ အောင်ပွဲအဖြစ်ကြွေးကြော်ခဲ့ပါသေးတယ်။
ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေက မသိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီက ဥကရစ်ထစခန်းကိုအောင်မြင်အောင်ခုခံကာကွယ်နိုင်တယ်ဆိုပြီး သက်ရှိစည်းရိုးဆိုပြီး စစ်တပ်ဝါဒဖြန့်ဇာတ်ကားရိုက်ကူးခဲ့တာပါ။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာ-ထိုင်းနယ်စပ်က မာနယ်ပလောစခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြန်မာ-ထိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ် ။ KNU/KNLA တပ်မဟာ (၇)မှာ စခန်းအနည်းငယ်ပဲကျန်တော့သလို ၊ တပ်မဟာ (၆)မှာလည်း ဥကရစ်ထ ၊ဝေါလေဗျူဟာ ၊ထိကပလယ် အပါအဝင် စခန်း ၄ ခုပဲကျန်တော့တယ်လို့သိရပါတယ်။
