ရုရှားနဲ့ အမေရိကန် သမ္မတတွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်-အစ္စရေး ပဋိပက္ခနဲ့ ယူကရိန်း စစ်ပွဲအရေးတွေကို ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ဇွန်လ ၁၄ ရက်နေ့က အချိန်အကြာကြီး ဖုန်းဆက် စကားပြောခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း ကိစ္စတွေကို အကျေအလည် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ထရမ့်က သူနဲ့ပူတင် အဓိက စကားပြောဖြစ်ခဲ့တာက အစ္စရေးက အီရန်ကို တိုက်ခိုက်မှုကြောင့် စတင်လာတဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအကြောင်း ဖြစ်တယ်လို့ သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ အဲဒီအကြောင်းကို ရေးသားထားပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး အားထည့်လုပ်ဆောင်ဖို့လည်း ပူတင်ကို သူက ဖိအားပေး တောင်းဆိုခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။
အစ္စရေးနဲ့ အီရန်ကြားက ပဋိပက္ခ အဆုံးသတ်သင့်တယ်လို့ ပူတင်ရော သူပါ ယူဆခဲ့ကြောင်း၊ တစ်ဖက်မှာလည်း ပူတင်ရဲ့ စစ်ပွဲပါ အဆုံးသတ်သင့်ပြီလို့ ပူတင်ကို သူက ထောက်ပြတိုက်တွန်းခဲ့ကြောင်း ထရမ့်က ပြောပါတယ်။ သူတို့နှစ်ဦး ဖုန်းဆက် စကားပြောမှုဟာ တစ်နာရီလောက် ကြာခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement
ပူတင်ရဲ့ နိုင်ငံခြားရေးရာ အကြံပေး အရာရှိ ယူရီ အူရှာကော့ဗ်ကတော့ ပူတင်ဟာ စစ်ရေးပဋိပက္ခ စတင်ပြီးနောက်ပိုင်း အစ္စရေးနဲ့ အီရန် ခေါင်းဆောင်တွေဆီ သူဆက်သွယ်ခဲ့တဲ့ ကိစ္စတွေကို ပြောပြခဲ့သလို အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံက လက်ခံနိုင်မယ့် ဖြေရှင်းမှုမျိုး ရှာဖွေပေးရေး ရုရှားရဲ့ လိုလားချက်ကို ထပ်လောင်း အတည်ပြု အသိပေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။
ပူတင်ဟာ အစ္စရေးက အီရန်အပေါ် စစ်ဆင်ရေး ဆင်နွှဲခဲ့တာနဲ့ ပတ်သက်လို့ ရှုတ်ချခဲ့ပြီး လက်ရှိ ပဋိပက္ခက ပိုမို ပြင်းထန် ဆိုးရွားလာမှာကို စိုးရိမ်တဲ့ အကြောင်းကိုပါ ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့တယ်လို့လည်း အူရှာကော့ဗ်က ဆိုပါတယ်။
နောက်ပြီး လိုအပ်လာရင် ကြားဝင်စေ့စပ် ညှိနှိုင်းပေးရေးအတွက် ရုရှားဖက်က အမြဲတမ်း အသင့်ပြင်ဆင်ထားတယ်လို့လည်း ပူတင်က ထရမ့်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ ပူတင်က အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော် စစ်ပြုခဲ့တဲ့ အချိန်ကစလို့ ရုရှားနဲ့ အီရန်ကြား ဆက်ဆံရေးဟာ ပိုမို အားကောင်းလာခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲတလျှောက်မှာ အီရန်ဟာ ရုရှားအတွက် ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တခြား စစ်လက်နက်တွေ ရောင်းချပြီး ပံ့ပိုးပေးခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
ပူတင်နဲ့ ဖုန်းပြောချိန်မှာ ထရမ့်က အရှေ့အလယ်ပိုင်းရဲ့ အခြေအနေက အရမ်းစိုးရိမ်စရာ ဖြစ်နေတယ် ဆိုတာကို အသိအမှတ် ပြုခဲ့ပေမယ့် တစ်ဖက်မှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အရမ်း ထိရောက်ခဲ့တယ်လို့ မှတ်ချက်ပေးသွားကြောင်း အူရှာကော့ဗ်က ပြောပါတယ်။
ထရမ့်နဲ့ ပူတင်တို့ရဲ့ ဆွေးနွေးမှုတွေမှာ ရုရှားနဲ့ ယူကရိန်းကြားက စစ်သုံ့ပန်းတွေ လဲလှယ်နေမှု အစီအစဉ်တွေ အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံဟာ ဇွန်လ ၁၄ ရက်နေ့တုန်းကလည်း သုံ့ပန်းလဲလှယ်မှုတွေကို အကောင်အထည် ဖော်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: ABC
