မြို့တော် ဝါရှင်တန် ဒီစီမှာ အမေရိကန် စစ်တပ်က ခမ်းနားတဲ့ စစ်ရေးပြ ချီတက်ပွဲကြီး ကျင်းပနေတဲ့အချိန် အမေရိကန်နိုင်ငံ အနှံ့မှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ No Kings ဆန္ဒပြပွဲတွေကို ကျင်းပနေခဲ့ကြပါတယ်။
ထရမ့်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၄ ရက်နေ့နဲ့ တိုက်ဆိုင်ပြီး အမေရိကန်ရဲ့ စစ်ရေးပြ ချီတက်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်မှာ တင့်ကားတွေ၊ အမေရိကန် စစ်သားတွေက ချီတက်ခဲ့ကြပြီး သေနတ် ၂၁ ချက် ပစ်ဖောက်တာတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်တာတွေလည်း ပါဝင်ခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု သမ္မတဟာ အိမ်ဖြူတော်ရဲ့ တောင်ဖက်မှာ ဆောက်လုပ်ထားတဲ့ ဗိုလ်ရှုခံ စင်မြင့်ပေါ်မှာ ရှိနေခဲ့ပြီး သူ့ရှေ့ကနေ စစ်သည် ၆၀၀၀ ကျော်နဲ့ တင့်ကားမျိုးစုံ ၁၂၈ စီး ဖြတ်သန်း ချီတက်သွားတာကို မြိန့်မြိန့်ကြီး ရှုစားနေခဲ့ပါတယ်။
ထရမ့်ဟာ သူ့ရဲ့ သမ္မတသက်တမ်း ပထမအကြိမ်မှာ ကတည်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က ပြင်သစ်စစ်တပ်ရဲ့ စစ်ရေးပြ ချီတက်ပွဲကို အရမ်းသဘောကျပြီး အမေရိကန်ရဲ့ စစ်အင်အားကို ပြသတဲ့ ချီတက်ပွဲမျိုး ပြုလုပ်ချင်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၁၇ တုန်းကတည်းက ရှိခဲ့တဲ့ အကြံအစည်ဟာ စရိတ်များပြားလွန်းပြီး လက်တွေ့ မလိုအပ်ဘူးဆိုတဲ့ ထောက်ပြမှုတွေကြောင့် အထမမြောက်ခဲ့ပါဘူး။

Public Service Announcement
ထရမ့်က အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်ရောက်လာပြီး အမေရိကန် ကြည်းတပ် ထူထောင်မှု နှစ်ပေါင်း ၂၅၀ ပြည့်ကာလနဲ့ တိုက်ဆိုင်နေချိန်မှာတော့ အခုလို စစ်ရေးပြ ချီတက်ပွဲကြီးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
တခြားနိုင်ငံတွေလည်း သူတို့ရဲ့ အောင်မြင်ဝံ့ကြွားမှုတွေအတွက် အခမ်းအနားတွေ ကျင်းပလေ့ရှိကြောင်း၊ အမေရိကန် အတွက်လည်း ဒါမျိုး လုပ်ပြနိုင်ဖို့ အချိန်အခါ ကျရောက်လာပြီဖြစ်ကြောင်း ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။
အမေရိကန် ကြည်းတပ်ထူထောင်မှု နှစ် ၂၅၀ ပြည့် အခမ်းအနားနဲ့ ဆက်စပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေအတွက် ဝါရှင်တန် ဒီစီမှာ ဧည့်ပရိသတ် ၂၀၀၀၀၀ လောက် တက်ရောက်မယ်လို့ မျှော်မှန်းထားပေမယ့် လက်တွေ့မှာတော့ အဲဒီလောက် မစည်ကားခဲ့ပါဘူး။
တစ်ဖက်မှာတော့ စစ်ရေးပြ ချီတက်ပွဲ မတိုင်ခင် နာရီပိုင်းလောက် အလိုကတည်းက အမေရိကန် အနှံ့က မြို့တော်တော်များများမှာ ထရမ့်ကို ဆန့်ကျင်တဲ့ No Kings ဆန္ဒပြ လှည့်လည် ချီတက်ပွဲတွေ စတင်နေခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ထရမ့်က အမေရိကန်မှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖြိုခွင်းရာမှာ စစ်တပ်ကိုပါ အသုံးပြုခဲ့တဲ့ ကိစ္စကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ်မြို့မှာ ရွှေ့ပြောင်း အခြေချသူတွေ အဖမ်းခံရတာကို မြို့ခံတွေက ဆန္ဒပြတဲ့နောက် ထရမ့်က အမေရိကန်ရဲ့ အရန်တပ်တွေနဲ့ မရိန်းတပ်ဖွဲ့တွေ စေလွှတ်ခဲ့တာကို အကြောင်းပြုပြီး No Kings လှုပ်ရှားမှု ပေါ်ပေါက်လာတာပါ။
နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ ဟူစတန်စတဲ့ မြို့ကြီးတွေမှာ ပြုလုပ်ခဲ့တဲ့ No Kings ဆန္ဒပြပွဲတွေမှာတော့ လွှတ်တော်အမတ်တွေ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကပါ မိန့်ခွန်းတွေ ပြောခဲ့ကြပါတယ်။ No Kings လှုပ်ရှားမှု အစပြုစေခဲ့တဲ့ ရင်းမြစ်နေရာဖြစ်တဲ့ လော့စ်အန်ဂျလိစ်မှာတော့ ဆန္ဒပြပွဲတွေမှာ လူအများဆုံး စုဝေး ပါဝင်ခဲ့ကြပါတယ်။
No Kingsဆိုတဲ့ နာမည်ဟာ ထရမ့်က သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး ဘုရင်တစ်ပါးလို အာဏာရှင်ဆန်ဆန် ပြုမူလာနေတယ်လို့ စွပ်စွဲပြီး အဲဒီလုပ်ရပ်ကို ဆန့်ကျင်ဖို့ အစွဲပြု သတ်မှတ်ထားတာပါ။
ထရမ့်ကတော့ အဲဒီဆန္ဒပြပွဲတွေကို မျက်ကွယ်ပြုထားပြီး ဝါရှင်တန်က စစ်ရေးပြ ချီတက်ပွဲအတွက် ဂုဏ်ယူ ကျေနပ်နေခဲ့ဟန် ရှိပါတယ်။ နိုင်ငံရေးသမား တချို့က ထရမ့်ဟာ အနှစ်သာရ မရှိဘဲ ဟန်ရေးပြဖို့ သက်သက်အတွက် ဒေါ်လာ ၂၅ သန်းကနေ ၄၅ သန်းကြားလောက် ငွေကြေးတွေကို ဖြုန်းတီးပစ်ခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။ အမေရိကန် ကြည်းတပ်က စစ်ရေးပြ ချီတက်ပွဲအတွက် အဲဒီငွေကြေး ပမာဏလောက် သုံးစွဲခဲ့တယ် ဆိုတာကို အတည်ပြုထားပါတယ်။
အမေရိကန်မှာတော့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတွေ ကျင်းပတယ် ဆိုတာဟာ ရှားပါးတဲ့ အခြေအနေမျိုးပါ။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အခမ်းအနားကတော့ ၁၉၉၁ ခုနှစ်၊ ဇွန်လတုန်းက သမ္မတ ဂျော့ဂျ် အိတ်ချ်ဒဗလျူ ဘုရှ်လက်ထက်မှာဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ ပင်လယ်ကွေ့စစ်ပွဲ အောင်မြင်မှုအတွက် ဂုဏ်ပြုကျင်းပခဲ့တာလို့ သိရပါတယ်။
ကိုးကား: AP
