နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေရဲ့ နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေး စစ်ပွဲဆန်ဆန် အားပြိုင်မှုကို လျှော့ချပြီး ပြေပြေလည်လည် ရှေ့ဆက်ကြဖို့ သဘောတူညီနိုင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ဟာ တရုတ်ဆီက သွင်းကုန်တွေကို တန်ဖိုးရဲ့ ၅၅ ရာခိုင်နှုန်း စည်းကြပ်မှာဖြစ်ပြီး တရုတ်ကတော့ အမေရိကန်ရဲ့ ပို့ကုန်တွေကို အခွန် ၁၀ ရာခိုင်နှုန်းပဲ စည်းကြပ်မှာ ဖြစ်ကြောင်း ထရမ့်က ကြွေးကြော်ခဲ့တယ်။
ဒါပေမဲ့ သေသေချာချာ စိစစ်ကြည့်မယ် ဆိုရင်တော့ ထရမ့်ပြောတဲ့ ၅၅ ရာခိုင်နှုန်း ဆိုတာက ကွဲပြားတဲ့ အခြေအနေတွေကို ခြုံငုံထားတာပါ။ အဲဒီထဲက ၁၀ ရာခိုင်နှုန်းဟာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ခွန် စည်းကြပ်မှုတွေဖြစ်ပြီး တရုတ်ဆီက ဖန်တနဲလ် မူးယစ်ဆေးတွေ အမေရိကန်ဆီ ဝင်ရောက်နေမှုကို အရေးယူတဲ့ အနေနဲ့ အခွန် ၂၀ ရာခိုင်နှုန်း၊ အစောပိုင်း ကတည်းက တရုတ် သွင်းကုန်တွေအပေါ် အမေရိကန်က အခွန်မြှင့်တင် စည်းကြပ်ထားတဲ့ ၂၅ ရာခိုင်နှုန်းတို့ကို အားလုံး ပေါင်းထားတဲ့ သဘောပါပဲ။
ရှင်းရှင်း ပြောရရင်တော့ ထရမ့်ဟာ တရုတ်နဲ့ လက်တွေ့ ညှိနှိုင်းကြတဲ့ အခါမှာ အစောပိုင်းမှာ အများကြီး လေလုံးထွားထားတဲ့ အခြေအတွေထက် တော်တော်လေး လျှော့ပေါ့ လိုက်လျောခဲ့ရပါတယ်။ ဒီနေရာမှာ တရုတ်အတွက် အဓိက ဝှက်ဖဲလည်းဖြစ်၊ နိုင်ဖဲလည်းဖြစ်တဲ့ အားသာချက်ကတော့ REMလို့ခေါ်တဲ့ မြေရှားသတ္တုတွေပါပဲ။

Public Service Announcement
အမေရိကန်မှာ ထရမ့်က ဒုတိယအကြိမ် သမ္မတ ဖြစ်လာပြီး တရုတ်အပေါ် ကုန်သွယ်ခွန်တွေကို ကုန်စည်တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကျော်အောင် စည်းကြပ်ပြီး ဖိအားပေးလာတဲ့အခါ တရုတ်ကလည်း အလားတူ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိခဲ့ပါဘူး။ တရုတ်က ပို့ကုန်တွေအပေါ် အားကိုးရတဲ့ နိုင်ငံ ဖြစ်နေတာကြောင့် အမေရိကန်နဲ့ အခွန်အပြိုင်တိုးပြီး စည်းကြပ်နိုင်စွမ်း မရှိပါဘူး။ အဲဒီနောက်မှာတော့ တရုတ်က အမေရိကန်ဆီ မြေရှားသတ္တုတွေ တင်ပို့ခွင့်ကို ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။ ဒါတင်မကသေးဘဲ တရုတ်ဆီက မြေရှားသတ္တု ဝယ်ယူတဲ့ တခြားနိုင်ငံတွေက ကုမ္ပဏီတွေကိုလည်း အမေရိကန်ဆီ လက်လွှဲ ရောင်းချတာတွေ လုံးဝ မလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့တယ်။ ချိုးဖောက်တဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူမယ်လို့ပါ သတိပေးခဲ့ပါတယ်။
တကယ်တော့ အမေရိကန်ကလည်း ဒီခြေလှမ်းကို ကြိုတွက်ထားပြီးသားပါ။ မျက်မှောက်ကာလ စစ်ဘက်၊ အရပ်ဖက် နည်းပညာ ထုတ်ကုန်တွေ အားလုံးမှာ မြေရှားသတ္တုတွေဟာ အရေးအပါဆုံး ကုန်ကြမ်းတွေ ဖြစ်လာတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးရဲ့ မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှု စုစုပေါင်း ၉၂ ရာခိုင်နှုန်းကို တရုတ်က လက်ဝါးကြီး အုပ်ထားတယ်။ ဒါကြောင့်လည်း ထရမ့်ဟာ ယူကရိန်းမှာ မြေရှားသတ္တုတွေကို အမေရိကန်နဲ့ ပူးပေါင်း ထုတ်လုပ်စေဖို့ ယူကရိန်း အစိုးရကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ လောလောလတ်လတ် အလုံးအရင်း ထုတ်လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ တရုတ်က မြေရှားသတ္တု တင်ပို့မှုတွေ ပိတ်ပင်ပြီး အမေရိကန်ကို လက်တုံ့ပြန်လာမယ် ဆိုတာကို ကြိုသိထားပေမယ့် အဲဒီအတွက် တိကျတဲ့ အဖြေဟာ ထရမ့်ဆီမှာ ရှိမနေခဲ့ပါဘူး။
မြေရှားသတ္တုတွေဟာ လျှပ်စစ်ကားတွေ၊ ဘက်ထရီတွေ၊ လေအားလျှပ်စစ်သား တာဘိုင်တွေကအစ ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေ ထုတ်လုပ်မှုအထိ အရမ်း လိုအပ်တဲ့ ကုန်ကြမ်းတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခေတ်သစ် စီးပွားရေးနဲ့ အမျိုးသား ကာကွယ်ရေး ကဏ္ဍတွေမှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုအမျိုးအစားတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ အမေရိကန်ဟာ တရုတ်ဆီက မြေရှားသတ္တုတွေ ပြန်လည် ဝယ်ယူနိုင်ခွင့်အတွက် တချို့ အပိုင်းတွေမှာ လိုက်လျော ဖြေလျှော့ပေးခဲ့ရပါတယ်။ တရုတ် သွင်းကုန်တွေအပေါ် အခွန်ပမာဏတွေ အမြောက်အမြား တိုးမယ့်ကိစ္စကို အမေရိကန်က နောက်ဆုတ်ပေးခဲ့ရသလို အမေရိကန် တက္ကသိုလ်တွေမှာ တရုတ်ကျောင်းသားတွေ တက်ရောက်ခွင့် မပြုတော့ဘူးဆိုတဲ့ ခြိမ်းခြောက်မှုကိုလည်း ထရမ့်က ရုပ်သိမ်းပေးခဲ့ရပါတယ်။ ဒါတင် မကသေးတဲ့ နောက်ဆက်တွဲ ကိစ္စတွေလည်း ရှိနိုင်ပါသေးတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတွေက ရေနံကို မဟာဗျူဟာမြောက် ကိုင်ထားနိုင်သလို တရုတ်မှာလည်း မြေရှားသတ္တု ရှိနေပြီလို့ ကွယ်လွန်သူ တရုတ် သမ္မတဟောင်း တိန့်ရှောင်ဖိန်က ပြောခဲ့ဖူးပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက ပြောခဲ့တဲ့ သူ့ရဲ့ မှတ်ချက်ဟာ မျက်မှောက်ကာလမှာတော့ အမှန်ကန်ဆုံး ဟောကိန်းတစ်ခု ဖြစ်လာပါတယ်။ အမေရိကန်နဲ့ အားပြိုင်မှုတွေ မြင့်တက်လာတဲ့နောက် တရုတ်ဟာ ဧပြီလဆန်းမှာ နိုင်ငံတကာကို မြေရှားသတ္တု တင်ပို့ခွင့် လိုင်စင်တွေကို ဝင်ရောက် ထိန်းချုပ်လိုက်ပြီး အကျိုးဆက်အဖြစ် ကမ္ဘာ့စျေးကွက် တစ်ခုလုံး နှေးကွေးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အစပြုခဲ့ပြီး အခုသီတင်းပတ် အစောပိုင်းမှာတော့ အပြီးသတ်အဆင့် လက်စသတ်ခဲ့တဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေမှာ အမေရိကန်ရဲ့ ဦးစားပေး ချဉ်းကပ်မှုဟာ တရုတ်ရဲ့ မြေရှားသတ္တုတွေ ပြန်လည် တင်သွင်းခွင့် ရရှိရေး ဖြစ်ပါတယ်။ တရုတ်က မြေရှားသတ္တုတွေကို ကိုင်ထားတာဟာ ညှိနှိုင်းမှုတွေမှာ ကဏ္ဍပေါင်းစုံက အထက်စည်းဆန်ဆန် ချဉ်းကပ်လာမယ့် အမေရိကန်ကို ဟန့်တားပြီး ဖြစ်စေခဲ့တယ်လို့ အာရှ မူဝါဒ လေ့လာရေးအဖွဲ့ရဲ့ တရုတ်ရေးရာ သုတေသီ ပေါလ်ထရိုင်အိုလိုက ပြောပါတယ်။
တရုတ်က မြေရှားသတ္တု တင်ပို့ခွင့်ကို ကန့်သတ်လိုက်တဲ့အခါ အမေရိကန်ရဲ့ အထင်ကရ မော်တော်ယာဉ် လုပ်ငန်းစုကြီး Fordဟာ ကုမ္ပဏီရဲ့ Explorer လျှပ်စစ်ကားတွေ ထုတ်လုပ်မှုကို ဆိုင်းငံ့ထားလိုက်ရတာက ဒီသတ္တုတွေဟာ အမေရိကန် စီးပွားရေးအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာကို ရိုးရိုးရှင်းရှင်းလေး မြင်သာစေပါတယ်။ နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူတွေက အမေရိကန်ရဲ့ ခေတ်အမီဆုံး မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်တွေ ထုတ်လုပ်မှုမှာလည်း မြေရှားသတ္တုတွေ မရှိရင် ဗျာများရမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
တရုတ် စီးပွားရေး ဝန်ကြီးဌာနကတော့ တရုတ်ဟာ မြေရှားသတ္တု တင်ပို့မှုမှာ အဓိက မောင်းနှင်အားအဖြစ် တာဝန်ယူနေတဲ့ နိုင်ငံတစ်ခု အနေနဲ့ မူဝါဒ ကဏ္ဍတွေကို ပိုပြီး စနစ်ကျအောင် ကိုင်တွယ်ဖို့လိုကြောင်း ပြောပါတယ်။ နောက်ပြီး မြေရှားသတ္တု အရောင်းအဝယ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ပိုမိုအားကောင်းအောင် မြှင့်တင်ချင်တယ်လို့လည်း ဆိုတယ်။ တစ်နည်းအားဖြင့် အမေရိကန် အပါအဝင် တရုတ်ဆီက မြေရှားသတ္တု ဝယ်ချင်တဲ့ နိုင်ငံအားလုံးကို သွယ်ဝိုက် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
မြေရှားသတ္တုဟာ ပြိုင်ဘက် နိုင်ငံတွေနဲ့ မူဝါဒရေးရာ တင်းမာတဲ့ အခြေအနေတွေမှာ တရုတ်အတွက် လက်နက်အဖြစ် အသုံးတော်ခံခဲ့တာဟာ အမေရိကန်နဲ့မှ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းက နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် ငါးဖမ်းလှေ တစ်စီးနဲ့ ဂျပန် ကမ်းခြေစောင့် ရေယာဉ်တို့ တိုက်မိပြီး ပြဿနာတွေ တက်ခဲ့ကြတုန်းကလည်း တရုတ်ဟာ ဂျပန်ဆီ မြေရှားသတ္တု တင်ပို့မှုတွေကို ကာလတို ပိတ်ပင်ခဲ့ဖူးပါတယ်။
အဲဒီနောက်ပိုင်းမှာ ဂျပန်ဟာ မြေရှားသတ္တုတွေကို တခြားရင်းမြစ်တွေဆီကနေ ဝယ်ယူ တင်သွင်းပြီး တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့၊ အပိုဆောင်း သိုလှောင်အားကို မြှင့်တင်ဖို့ အားထုတ်လာခဲ့ပေမယ့် အောင်မြင်မှုကတော့ အကန့်အသတ်နဲ့သာ ရှိခဲ့ပါတယ်။ ဘယ်လောက်အင်အားကြီးတဲ့ နိုင်ငံဖြစ်ဖြစ် မြေရှားသတ္တုနဲ့ ပတ်သက်ရင် တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ကတော့ အင်မတန် ခက်တယ်ဆိုတာ လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်းက ဂျပန်က လက်တွေ့ ကြုံခဲ့ပြီးပြီလို့ ထရိုင်အိုလိုက ပြောပါတယ်။
မြေရှားသတ္တု ဆိုတာက နာမည်နဲ့ လိုက်အောင် အရမ်းရှားနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီသတ္တုတွေကို ထုတ်လုပ်ရတဲ့ အဆင့်တွေက အရမ်းခက်ခဲပြီး သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားကြီး ထိခိုက်ပျက်စီးစေလေ့ ရှိတာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေဟာ ကိုယ်တိုင်ထုတ်လုပ်ဖို့ လက်တွန့်ကြပါတယ်။ တရုတ်ကတော့ ပြည်တွင်းမှာ ပတ်ဝန်းကျင် ထိခိုက်မှုကို အတော်ကြီး လျှော့ချနိုင်ပြီး အောင်အောင်မြင်မြင် ထုတ်လုပ်နေသလို အိမ်နီးချင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသလို ပြည်ပရင်းမြစ်တွေက တင်သွင်းတဲ့ မြေရှားသတ္တု ကုန်ကြမ်းတွေကိုပါ သန့်စင်ထုတ်လုပ်ပါတယ်။
မြေရှားသတ္တု ဆိုတာဟာ အားကောင်းတဲ့၊ စွမ်းဆောင်ရည် အရမ်းမြင့်တဲ့ သံလိုက်မျိုးတွေ ထုတ်လုပ်မှု အပါအဝင် ခေတ်ရှေ့ပြေး အသုံးအဆောင်နဲ့ စစ်လက်နက်တွေ ထုတ်လုပ်မှုအတွက် အထူးလိုအပ်တဲ့ သတ္တု ၁၇ မျိုးကို ခြုံငုံ ခေါ်ဝေါ်တာပါ။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ပြည်တွင်း လိုအပ်ချက်ကို ဖူလုံအောင် ဖြည့်တင်းနိုင်မယ့် နည်းလမ်းပေါင်းစုံကို ကြိုးစား ရှာဖွေနေပါတယ်။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တရုတ်ကို ယှဉ်ဖို့ကတော့ ခက်ခဲနေဦးမှာပါ။ ပြီးတော့ တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး၊ ပမာဏ အများဆုံး မြေရှားသတ္တုသိုက်ကြီးတွေပေါ်မှာ ဖင်ခုထိုင်နေတာ ဖြစ်ပါတယ်။ မြေရှားသတ္တုတွေက ပေါများတယ် ဆိုရင်တောင်မှ ထုတ်လုပ်ရ ခက်ခဲပွေလီတာ၊ သန့်စင်တဲ့ စနစ်တွေ ရှုပ်ထွေးတာ၊ ဝယ်လိုအား အရမ်းများတာတွေကြောင့် ကမ္ဘာပေါ်မှာ အရေးအပါဆုံး မဟာဗျူဟာ သတ္တုတွေအဖြစ် ဆက်ရှိနေဦးမှာပါ။ တရုတ်ဟာ အဲဒီနိုင်ဖဲကို ကိုင်ထားသ၍ ထရမ့်အနေနဲ့လည်း သူအင်မတန် ရန်လိုချင်တဲ့ ပြိုင်ဘက်ကို ထိထိရောက်ရောက် ဖိအားပေးဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
