အီရန် အဓိပတိကို လုပ်ကြံမယ့် အစ္စရေးရဲ့ အကြံအစည်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ဟန့်တားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
CBS သတင်းဌာနက အစ္စရေးဟာ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီကို လုပ်ကြံမယ့် အစီအစဉ်ကို ထရမ့်ဆီ တင်ပြခဲ့ပေမယ့် အမေရိကန် သမ္မတက ပယ်ချခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ထရမ့်က ခါမေနီကို လုပ်ကြံတာဟာ အကြံကောင်းတော့ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဆီ သဘောထား မှတ်ချက်ပေးခဲ့တယ်လို့ အမေရိကန် အစိုးရ ထိပ်ပိုင်း အရာရှိ တစ်ဦးက CBSဆီ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ CBSရဲ့ သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ ကတည်းက ခါမေနီကို လုပ်ကြံဖို့ သင့်မသင့် အမေရိကန်နဲ့ အကျေအလည် ဆွေးနွေးမှုတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ခါမေနီကို အစ္စရေးက လုပ်ကြံချင်ပေမယ့် ထရမ့်က ဗီတိုအာဏာသုံး ပယ်ချခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် Foxသတင်းဌာနက မေးမြန်းတဲ့အခါ နေတန်ညာဟုက ဝန်ခံတာ၊ ငြင်းဆိုတာ မရှိဘဲ မတင်မကျသာ တုံ့ပြန်ခဲ့ပါတယ်။ သူနဲ့ ထရမ့်ကြားမှာ တကယ်တမ်း ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပြောဆို ဆွေးနွေးမှုတွေအကြောင်း သတင်းအမှားတွေ အများကြီး တွေ့ခဲ့ဖူးကြောင်း၊ အခုကိစ္စနဲ့ ပတ်သက်ပြီးတော့ သူဘာမှ ဝင်မပြောလိုကြောင်း နေတန်ညာဟုက ပြောကြားသွားပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့ ပြောနိုင်တာ တစ်ခုကတော့ အစ္စရေးဟာ လုပ်ဖို့လိုအပ်လာတဲ့ ကိစ္စမျိုးကို လုပ်နေတာ ဖြစ်ကြောင်း၊ လုပ်ဖို့ လိုအပ်မယ့် ကိစ္စတွေကိုလည်း လုပ်နေဦးမှာ ဖြစ်ကြောင်း၊ အမေရိကန်ကတော့ ဘယ်လိုအခြေအနေဟာ အမေရိကန်အတွက် ပိုသင့်တော် ကောင်းမွန်မလဲ ဆိုတာကို သဘောပေါက်မှာဖြစ်ပြီး အဲဒီအပိုင်းကိုတော့ သူက ဘာမှ မပြောလိုကြောင်းလည်း နေတန်ညာဟုက ဆိုပါတယ်။
အစ္စရေး အစိုးရ အရာရှိ တစ်ယောက်ကတော့ လက်ရှိ စစ်ဆင်ရေးမှာ အစ္စရေးဟာ နိုင်ငံရေး ခေါင်းဆောင်တွေကို လုပ်ကြံဖို့ ပစ်မှတ်မထားဘဲ အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ရေးပစ်မှတ်တွေ အပေါ်မှာပဲ အာရုံစိုက်ထားကြောင်း CBSဆီ မှတ်ချက်ပေးသွားပါတယ်။
ထရမ့်က အရှေ့အလယ်ပိုင်း ဒေသမှာ လက်ရှိ တောက်လောင်နေတဲ့ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အီရန်တို့ဟာ သဘောတူညီမှု တစ်ခုခု ရယူသင့်နေပြီလို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။ သူက အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားက ပဋိပက္ခကို ကြားဝင် ညှိနှိုင်း ဖြေရှင်းပေးခဲ့သလို အစ္စရေးနဲ့ အီရန်ကြားက ရန်လိုတိုက်ခိုက်မှုတွေ ရပ်တန့်အောင် လုပ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ထရမ့်က အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်က လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘူးလို့ ပြောကြားထားပါတယ်။ တကယ်လို့ အီရန်ကသာ အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားလာမယ် ဆိုရင်တော့ အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အီရန်အနေနဲ့ အရင်က ဘယ်တုန်းကမှ မကြုံဖူးတဲ့ အတိုင်းအတာမျိုးထိ ဝင်ပါလာမှာ ဖြစ်တယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ပြောဆိုထားပါတယ်။
ကိုးကား: CBS
