ဇွန်-၈၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် ၂ က ယနေ့ထုတ်ပြန်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာအမှတ်-၂ အောက်ရှိတပ်ရင်းများနှင့်မဟာ မိတ်တပ်ပေါင်းစုတို့သည်လွိုင်ကော်မြို့နယ်၊သပြေကုန်းရွာဘုန်း ကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၃ ရက်က၀င်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်စွဲထားသော စခန်းအားတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ဖြစ်သည်။

Public Service Announcement
ထိုရုပ်သံမှတ်တမ်းတွင် ရဲဘော်တစ်ဦး၏ ဦးခေါင်ကိုကျည်ထိမှန်ခဲ့သော်လည်း ပြည်သူများ၏ ထောက်ပံ့သော ကျည်ကာကမ်းပိန်အစီအစဥ်မှ ကျည်ကာ ဦးထုပ်ကြောင့်အသက်ဘေးမှ လွတ်ကင်းခဲ့ရကြောင်း ဖော်ပြသည်။
“တိုက်ပွဲမှာတပ်ရင်းအမှတ်(၂)မှချေမှုန်းရေး ရဲဘော်တစ်ယောက် ကျည်ကာဦးထုပ် ဆောင်းထားတဲ့အတွက် ခေါင်းကျည်ထိတာကနေ အသက်ဘေးက လွတ် မြောက်ခဲ့ရတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ် ။ ဒါဟာ ကျည်ကာဦးထုပ်ရဲ့ အရေးပါပုံကို ပြသတာပဲဖြစ်ပါတယ်”ဟု KNDF ဗျူဟာအမှတ် ၂ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဝင်သည့်အခါသို့မဟုတ်အန္တရာယ်ရှိသော နယ်မြေများ၌ လှုပ်ရှားသည့်အခါကျည်ကာဦးထုပ်ကို မဖြစ်မနေ ဆောင်းထားရန်လည်း ၎င်းက တော် လှန်ရေး ရဲဘော်များကို တိုက်တွန်းသည်။
လွိုင်ကော် ဒကစ မှ စစ်ကူ ကွန်မန်ဒိုစစ်ကြောင်းသည် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ်လ် https://t.me/PeopleSpring/79068 တွင်ဖော်ပြထားပါသည်။
ထို့အပြင်၎င်းတို့ထံမှ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နှင့် အခြားလက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက ရရှိခဲ့သည်။
“ကွန်မန်ဒိုတွေ၊ ကျားတွေ၊ နဂါးတွေလာမလုပ်နဲ့၊ အကုန်ရှောသွားပြီ”ဟု KNDF တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်တစ်ဦးက အဆိုပါတိုက်ပွဲအကြောင်းပြောသည်။
KNDF ပြောရေးဆိုခွင့်ရှိသူကလည်း “စကစတပ် အသေအဆုံးတွေရှိခဲ့ပြီးတော့လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်”ဟု လူထုနွေဦးသို့ ဖြေကြားထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသည်မှာ လနှင့်ချီရှိနေပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံနေဆဲ ဖြစ်သည်။ယခုရက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေသည့်အတွက် မိုးဗြဲ-လွိုင်ကော်လမ်းကိုရက်အကန့်အသတ်မရှိတော်လှန်ရေးအင်အားစုများက ပိတ်လိုက်သည်။
ထို့အတူကရင်နီပြည်နယ်တွင်ဘောလခဲ နှင့်ဖားဆောင်းမြို့နယ်တို့တွင်လည်းတိုက်ပွဲဖြစ်ပွားနေကာ ကရင်နီတပ်ပေါင်းစုက ကာကင်းစခန်းအချို့ရရှိထားသည်။
