ဇွန်-၈၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၈)မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ LGBTOI+ Community ကို ဂုဏ်ပြုသောအားဖြင့် LGBT Alliance Myanmar မှ ဦးဆောင်ပြီး “မတူကွဲပြားမှုများစုစည်းကာ အာဏာရှင်ကို အမြစ်ဖြတ်ကြ” စာသားကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ် အရေးယူမှုမျိုး ဆောင်ရွက်ပေးရေး “Vote ILO Article 33 to save LIVES” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
(ဓာတ်ပုံ -စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်)
