ဇူလိုင်-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် မဟာလူမျိုးကြီးဝါဒကို နံပါတ်(၁)ရန်သူအနေဖြင့် သတ်မှတ်ပြီး စစ်အာဏာရှင်များကိုလည်း အဓိကရန်သူအဖြစ်သတ်မှတ်ကာ မည်သည့်မဟာမိတ်အဖွဲ့များနှင့်မဆို အတူတကွ ပူးပေါင်းရင်ဆိုင်နေပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက စစ်အာဏာရှင်အမြစ်ပြတ်ရန် များစွာခက်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေက သတိပေးပြောကြားလိုက်သည်။
ဇူလိုင် ၁၆ရက်က ကျရောက်သော (၇၈)ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ(KNDO)နေ့ ဂုဏ်ပြုပွဲအခမ်းအနားမိန့်ခွန်းတွင် KNUဒုဥက္ကဌက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
KNU၏ စဉ်းစားမှု ၊ရပ်တည်ချက်နှင့် ခံယူချက်မှာ ယခင်က ကရင်အမျိုးသားများ၏ လွတ်လပ်မှုနှင့် ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်ရေးဖြစ်ပြီး လက်ရှိတွင် တိုင်းပြည်တခုလုံးရှိ ပြည်သူများအနေဖြင့်လည်း တိုင်းပြည်၏ ကံကြမ္မာဖန်တီးခွင့် ရှိရမည်ဆိုသည့် ခံယူချက်ဖြစ်ကြောင်း ပဒိုစောဆဲဂေက ပြောသည်။

Public Service Announcement
” ဒီတိုင်းပြည်မှာရှိတဲ့ လူမျိုးတွေအားလုံး လွတ်လပ်ရမယ်။ ဒါကြောင့်ကျနော်တိုအဓိက ရန်သူက မဟာလူမျိုးကြီးဝါဒကို နံပါတ်(၁)ရန်သူအနေနဲ့ သတ်မှတ်သလို လက်နက်ကိုင်ပြီးတော့ အနိုင်ကျင့်တဲ့ လက်နက်ကိုင်စစ်အာဏာရှင်တွေကိုလည်း ကျနော်တိုအဓိက ရန်သူအနေနဲ့ သတ်မှတ်ပြီးတော့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ကို ဒီနေ့အထိ ကျနော်တိုတော်လှန်တိုက်ပွဲဝင်တယ်။ဒီရန်သူတွေကို အတူတကွ သတ်မှတ်တဲ့ ဘယ်မဟာမိတ်နဲ့မဆို၊ ဘယ်မိတ်ဖက်နဲ့မဆို၊ ဘယ်တော်လှန်ရေးအဖွဲအစည်းနဲ့မဆို ကျနော်တို တစုတစည်းတည်းဖြစ်အောင် မဟာမိတ်အဖွဲတွေဖွဲပြီးတော့ ဒီရန်သူကို ကျနော်တို ရင်ဆိုင်ခဲ့တယ်” ဟု ပဒိုစောဆဲဂေက ပြောကြားသည်။
သို့သော် လက်ရှိအချိန်ထိ အောင်မြင်မှု မရသေးကြောင်း၊ ကရင်တစ်ဖွဲ့တည်း ဆောင်ရွက်ရာတွင် မအောင်မြင်သကဲ့သို့ မိတ်ဖက်များဖြင့်ပူးပေါင်းဆောင်ရွက်ရာ၌လည်း မအောင်မြင်သေးဟု KNU ဒုဥက္ကဋ္ဌက ပြောသည်။
” ဒါပေမဲ့ ဒီနေ့အထိ ဒီမူဝါဒကိုကျနော်တို့ ဆွဲကိုင်ပြီးတော့ အတူတကွဒီဘုံရန်သူကို ရင်ဆိုင်ပြီးတော့ဖြိုချမှသာလျင် ဒီရန်သူကပြုတ်မှာဖြစ်တယ်”ဟု ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေက ပြောသည်။
ထို့ကြောင့် ယခု ကာလတွင်သာမက ခေတ် အဆက်ဆက်တွင် မိတ်ဖတ်များဖြင့် အတူတကွ ယုံကြည်စွာ တိုက်ခိုက်ခဲ့ကြောင်း၊ ဘုံရန်သူကို ရင်ဆိုင်ရာတွင် မအောင်မြင်ခဲ့ရသည့် အကြောင်းအရင်းများကိုလည်း ပြန်သုံးသပ်နေကြောင်း KNU ဒုဥက္ကဋ္ဌက ပြောသည်။
” ကျနော်တို့ ဒီနိုင်ငံ ဒီလူမှု အသိုင်းအဝိုင်းမှာ အတူတကွ နေထိုင်ကြတာဖြစ်တယ်။ လူမျိုးတမျိုးတည်း မရှိသလိုလူမျိုးတမျိုးထဲလည်း နေလို့မရဘူး။ ဒါကြောင့် ကျနော်တို့ အတူတကွ ဘုံရန်သူကို သတ်မှတ်ပြီးတော့ ဘုံရန်သူကို အတူတကွ ရှင်းလင်းမယ်ဆိုရင်တော့ ဒီဘုံရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးတဲ့ စစ်အာဏာရှင်ဟာ မနှေးအမြန် ကျနော်တို့ ဒီနိုင်ငံ ဒါမှမဟုတ် ဒီလူမှုအသိုင်းအဝိုင်းထဲကနေပြီးတော့ ဖယ်ထုတ်သွားနိုင်မယ်။ဒီလိုမဟုတ်ဘဲနဲ့ ကရင်ကလည်း ကရင်အတ္တအရ ကျန်တဲ့လူမျိုးတွေကလည်း သူ့အတ္တအရ သူ့လူမျိုးအရသီးခြား စဉ်းစားမယ်ဆိုရင် တော့ အထူးသဖြင့် ဒီမဟာလူမျိုးကြီးတဲ့ စစ်အာဏာရှင် အမြစ်ပြတ်နိုင်ဖို့ အတွက် အင်မတန်မှ ခက်ခဲပါတယ်” ဟု ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေက ပြောသည်။
ကရင်အချင်းချင်းအကြား နိုင်ငံရေးအပါအဝင် ကွဲပြားမှုများကို ကရင်များကိုယ်တိုင်ရှင်းလင်းကြရမည်ဖြစ်ပြီး အခြားတိုင်းရင်းသားများအနေဖြင့်လည်း အချင်းချင်းအကြား ပြဿနာများကို ဖြေရှင်းကြရမည်ဖြစ်ကြောင်းလည်း ပြောသည်။
“တိုင်းရင်းသားတခုချင်းစီ က အတူတကွ ရပ်ပြီး ကျနော်တို့ အားလုံးအတူတကွ ဘယ်လိုရပ်ကြမလဲဆိုတာ ကျနော်တို့ အဖြေရှာကြရမယ်”ဟု KNU ဒုဥက္ကဋ္ဌက ပြောသည်။
မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်ကိုအမှန်တကယ် မုန်းပါကကျန်ကိစ္စများဖြေရှင်းရန် မခက်ဟု ပြောသည်။
ထို့ပြင် တော်လှန်ရေးရဲဘော်မှသည် ဗိုလ်ချုပ်အထိ ချမှတ်ထားသည့် ကျင့်ဝတ်များကို လိုက်နာပြီးလူထုအပေါ်ကျင့်ကြံရမည့်အရာများကိုလက်တွေ့အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊လူထုကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း KNU ဒုဥက္ကဋ္ဌက ပြောသည်။
” အဓိကကတော့ ဒီနေ့ကရင်လူထုအနေနဲ့ KNDOနဲ့ တသားတည်းဖြစ်ဖို့လိုသလို KNDOကလည်း ကရင်လူမျိုးနဲ့တသားတည်းဖြစ်ပြီးတော့ အတူတကွ ဘုံရန်သူကို ရင်ဆိုင်မယ်ဆိုရင် ဒီအောင်ပွဲ က ကျနော်တို့ လက်ထဲမှာရှိတယ်။တဆက်တည်းမှာလည်း ကျန်တဲ့လူမျိုးတွေအတွက်လည်း စံနမူနာဖြစ်သင့်တယ်။စံနမူနာဖြစ်အောင်လည်းဆောင်ရွက်သင့်တယ်”ဟု ပဒိုစောဆဲဂေက ပြောသည်။
တိုင်းရင်းသားလူထုအသီးသီးသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့်ကိုယ်ပိုင်ပြဌာန်းခွင့် ရှိအောင် ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ပါက စစ်အာဏာရှင်အပါအဝင် မဟာလူမျိုးကြီးဝါဒကိုရှင်းထုတ်နိုင်မည်ဟုလည်း ၎င်းက ပြောသည်။
KNDOသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကဲ့သို့ KNU ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေကလည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် မည်သည့်နည်းဖြင့်ပြိုလဲမည်ကို အတပ်မသိသော်လည်းဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDO နေ့အခမ်းအနား၌ ပြောကြားခဲ့သည်။
လက်ရှိတွင် စည်းလုံးညီညွတ်မှု အားနည်းနေသေးပြီး အပြန်အလှန် ပြစ်တင်မှုများ လုပ်ဆောင်နေ၍ တော်လှန်ရေးသည် ပြီးသင့်ပြီဖြစ်သည့်တိုင် မပြီးနိုင်ပဲ ရှိနေသည်ဟုလည်း KNDO စစ်ဦးစီးချုပ်က ပြောကြားပြီး အောင်မြင် မှုရရှိရေး ညီညွတ်စွာဖြင့်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
