close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲသင်ခန်းစာယူပြီး ထိန်းချုပ်မြို့ရွာများကာကွယ်နိုင်ရေး TNLAကို ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြု

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကာကွယ်နိုင်ရန် နှင့် ပြန်လည်လက်လွှတ်ခဲ့ရသော နောင်ချို ၊​တောင်းခမ်းတို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်အကြံပြုတိုက်တွန်းချက်များကိုဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network)က ယ​နေ့ထုတ်ပြန်သည်။

TNLA တပ်ဖွဲ့ဝင်များ

ဇူလိုင်-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကာကွယ်နိုင်ရန် နှင့် ပြန်လည်လက်လွှတ်ခဲ့ရသော နောင်ချို ၊​တောင်းခမ်းတို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်အကြံပြုတိုက်တွန်းချက်များကိုဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network)က ယ​နေ့ထုတ်ပြန်သည်။

ဥပဒေအထောက်အကူပြုကွန်ရက်မှာ လူ့အခွင့်အ​ရေး ​ရှေ့​နေ ဦး​အောင်ထူးက တည်​ထောင်ထားခြင်းဖြစ်သည်။​တောင်းခမ်း၊​နောင်ချို တိုက်ပွဲသင်ခန်းစာအရ နိုင်ငံရေးလမ်းကြောင်းသစ်ကိုလျှောက်လှမ်းသင့်​ကြောင်း ဥပ​ဒေစိုးမိုး​ရေးရှု​ထောင့်မှ သုံးသပ်ထုတ်ပြန်ချက် ​ခေါင်းစဥ်ဖြင့်ဥပဒေအထောက်အကူပြုကွန်ရက် က TNLA ကို ဇူလိုင် ၁၈ ရက် ရက်စွဲဖြင့်အကြံပြုထားခြင်းဖြစ်သည်။

TNLA အနေဖြင့် တောင်ခမ်း၊ နောင်ချိုတိုက်ပွဲများတွင် နောက်ဆုတ်လိုက်ရသည့် အကြောင်းအရင်းများတွင် စစ်ကောင်စီကသာလွန်အင်အားသာမက လက်နက်စွမ်းအားများကို အစွမ်းကုန်မြှင့်တင် အသုံးပြုလာခြင်းအပြင် အခြား အချက် သုံးချက်ကြောင့်ဖြစ်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်ကသုံးသပ်ထားသည်။ ယင်းတို့မှာ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများနှင့် (NUG လက်အောက်ခံ၊ လက်အောက်မခံ) PDFs များ၏ အင်တိုက်အားတိုက် လက်တွဲ တိုက်ပွဲဝင်မှု ကျဆင်းသွားခြင်း၊ ထိုးစစ်ဆင်၊ တိုက်ခိုက်သိမ်းပိုက်၍ ရရှိသောနယ်မြေ၊ မြို့ရွာများအား TNLA တဖွဲ့တည်းက မိမိပိုင်နက်နယ်မြေမျိုးသတ်မှတ်ကာ အုပ်ချုပ်ရေးချမှတ်ခြင်းနှင့် ရေရှည် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်း၊ဒေသခံလူထု၏ ထောက်ခံမှု ထိထိရောက်ရောက် မရခြင်း တို့ကြောင့် ဖြစ်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အခြေအနေများအား နိုင်ငံရေးအရ အမြန်ဆုံးပြောင်းလဲ၊ ချမှတ်၊ ကျင့်သုံးနိုင်ပါက စစ်ကောင်စီက သာလွန်အင်အားသာမက လက်နက်စွမ်းအားများကိုပါ အစွမ်းကုန်မြှင့်တင် အသုံးပြုလာခြင်း အခြေအနေကို ထိရောက်စွာ တုံ့ပြန်ပယ်ရှားနိုင်မည်ဖြစ်ကြောင်းဆိုထားသည်။

ဥပဒေ အထောက်အကူပြုကွန်ရက်၏ သုံးသပ်ချက်နှင့်ပတ်သက်၍ TNLA အဖွဲ့၏ သဘောထားမေးမြန်းရန် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံယနေ့ ဆက်သွယ်ထားဆဲဖြစ်ပြီးပြန်ကြားချက်မရသေးပေ။

TNLAသည် စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် ဇူလိုင် ၁၅ရက်မှစ၍ နောင်ချိုရှိ ၎င်းတို့၏ အရပ်ဘက်ရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာ သို့ ပြောင်းရွှေ့ထားကြောင်း ထုတ်ပြန်ထားပြီးနောင်ချို၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေမည်ဟု အသိပေးထားသည်။ စစ်​ကောင်စီက ဇူလိုင် ၁၆ ရက်တွင် ​နောင်ချိုတမြို့လုံးကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်းထုတ်ပြန်သည်။

TNLA အနေဖြင့် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ အခြားနယ်မြေ၊ မြို့ရွာများအား ကာကွယ်နိုင်ရေး အပြင် ဆုတ်ခွာခဲ့ရသည့် တောင်ခမ်း၊ နောင်ချိုမြို့တို့ကို ပြန်လည်သိမ်းယူနိုင်မည့် အခြေအနေကိုလည်း ဥပဒေ အထောက်အကူပြု ကွန်ရက်က အကြံပြုထားသည်။

TNLA က အာဏာရှင်စနစ်နှင့် စစ်ကောင်စီအား ထိထိရောက်တိုက်ပွဲဝင်နေခြင်းမှာ နိုင်ငံတကာအဆင့် ပြစ်မှုကြီးများကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်အားအပြစ်ပေးနေသည့်သဘောသက်ရောက်သောကြောင့်ဥပဒေစိုးမိုးရေးကိုအထောက်အကူဖြစ်စေကြောင်း၊ ထို့ပြင် TNLA အနေဖြင့်လည်း မျှော်မှန်းသည့် ပြည်နယ်ရရှိရေးအတွက် ဦးတည်ဖော်ဆောင်ခွင့်ရှိကြောင်း​ဖော်ပြ သည်။ သို့​သော်ထိုသို့ဖော်ဆောင်ရာတွင်အခြားတိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးနှင့် သမိုင်းဆိုင်ရာဝိသေသ လက္ခဏာများအား တရားဝင်အသိအမှတ်ပြုရန်လိုအပ်သည်ဟုလည်းအကြံပြုထားသည်။

တအာင်းဒေသသည် ယခုအချိန်အထိ တရားဝင်ရှမ်းပြည်နယ်အတွင်းမှာပင် ရှိနေဆဲဖြစ်ပြီး သီးသန့် ပြည်နယ်တရပ်အနေဖြင့်အသိအမှတ်ပြုမခံရသေးကြောင်း၊ ထို့ကြောင့် TNLA က ထိုးစစ်ဆင်၊ သိမ်းပိုက်ရရှိ သမျှသော မြို့ရွာနယ်မြေများအပေါ် အုပ်ချုပ်ရေးနှင့်ပတ်သက်၍ယာယီပင်ဖြစ်စေ ရှမ်းပြည်နယ်အတွင်းရှိအဓိကနိုင်ငံရေး၊စစ်ရေးအင်အားစုများနှင့် ညှိနှိုင်းတိုင်ပင်သင့်ဟု အကြံပြုထားသည်။

ထို့ပြင် NUG လက်အောက်ခံ/ လက်အောက်ခံမဟုတ်သော PDFs များနှင့် မြေပြန့်ဒေသမှ အခြားတော်လှန်ရေးအင်အားစုများသည်လည်း TNLA နှင့်အတူ သက်စွန့်ကြိုးပမ်း ပါဝင်တိုက်ပွဲဆင်ခဲ့ကြောင်း သိရ၍ ၎င်းတို့အား အဖွဲ့အစည်းအလိုက်သာမက တဦးချင်းစီကိုပါ မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုခြင်း၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ရထူးနေရာများ အပ်နှင်းခြင်းတို့ပြုသင့်သည်ဟု အကြံပြုသည်။ကျဆုံးသွားသူများ၏ မိသားစုများအားဆက်သွယ်ပြီး ကူညီထောက်ပံ့သင့်သည်ဟုလည်း တိုက်တွန်းသည်။

“ပွဲပြီးမီးသေမဖြစ်သင့်။ စစ်ရေးသက်သက်ဖြင့် (ထိုးစစ်၊ ခံစစ်၊ လှုပ်ရှားစစ်၊ ပုံမှန်စစ်) စစ်အာဏာရှင်စနစ်နှင့်စစ်ကောင်စီအားအမြစ်ပြုတ်တိုက်ဖျက်နိုင်ရန် မဖြစ်နိုင်ပါ။ ထိရောက်သည့်စစ်ရေးအား ဥပဒေစိုးမိုးရေးကိုကျောရိုးပြုသည့် နိုင်ငံရေးဖြင့် ထောက်ကူ၊ ကျားကန် ပေးရန်ဖြစ်သည်” ဟု အကြံပြုထားသည်။

ထို့ပြင် TNLA သည် ဥပဒေစိုးမိုးရေးအခြေခံမှ နိုင်ငံရေးလမ်းကြောင်းကို အခြားနိုင်ငံရေး အင်အားစု ကြီးများ၊ ခုခံစစ်ဆင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ လူထုအသင်းအဖွဲ့များ (CSOs) နှင့်အတူ လက်တွဲပြီး တပြိုင်နက်လျှောက်လှမ်းသင့်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဥပဒေအထောက်အကူပြုကွန်ရက်၏ အကြံပြုချက်များအတိုင်း နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းခြင်းအားဖြင့်TNLA အနေဖြင့် ထိန်းချုပ်ထားသည့်နယ်မြေ မြို့ရွာများအား ကာကွယ်နိုင်မည့်အပြင် အာရက္ခတပ်တော်(AA)၊ တောင်ပိုင်းရှိ ခုခံစစ်ဆင် အင်အားစုများနှင့် လက်တွဲပြီး စစ်ကောင်စီ ဗဟိုချက်တည်ရှိရာ နေပြည်တော် အထိချီတက် သိမ်းပိုက်နိုင်မည့် အနေအထားရှိကြောင်းလည်း ထုတ်ပြန်သည်။

“အကျိုးဆက်အနေဖြင့်စစ်ကောင်စီ၏ရွေးကောင်ပွဲမှာ အလိုအလျောက် ပျောက်ကွယ်သွားပါလိမ့်မည်” ဟုထုတ်ပြန်ခဲ့သည်။

TNLAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင်စတင်ခဲ့သည့် မဟာမိတ်များနှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တနှစ်အတွင်း နောင်ချိုအပါအဝင် မြို့​ပေါင်း ၁၂ မြို့ စစ်ကောင်စီတပ်စခန်း ရာချီကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် TNLA ထိန်းချုပ်ထားသည့် မြို့ရွာများအနက် နောင်ချိုမြို့ ကို လေကြောင်း၊ ဒရုန်း၊လက်နက်ကြီး ပစ်ကူ၊ မြေပြင် စစ်အင်အားအလုံးအရင်းဖြင့် ၁၁ လ​ကျော်ကြာ အပြင်းအထန် ထိုးစစ်ဆင်ပြီးမှ ​နောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု ကြုံနေရသည့် အခြေအနေနှင့်တပြိုင်တည်း TNLA သည် တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးဆွေးနွေးမှုများ လုပ်ဆောင်နေရကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့ ဆွေးနွေးရာတွင် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့များမှ ဆုတ်ခွာပေးရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့သော်လည်း ပြန်လည်ပေးအပ်ရန်မရှိဟုလည်း TNLAက အသိပေးထားသည်။ ထိုအပြင် တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးမှုများ လုပ်ဆောင်ပါကလည်း အဖွဲ့၏ ရပ်တည်ချက် အပြောင်းအလဲမရှိ ဟု TNLAက ​ပြောကြားထားသည်။အထက်ပါအကြံပြုချက်တွင်တရုတ်အစိုးရဖိအား နှင့် ပတ်သက်၍မူအကြံပြုချက်​၌မပါရှိ​ပေ။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ရက်က ကျင်းပခဲ့သည့် အဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် နောင်ချိုကို လက်လွှတ်ရန် ဆုံးဖြတ်ချက် မရှိသေးဘဲ ခုခံကာကွယ်ရန်အတွက် အကောင်းဆုံးပြင်ဆင်ထားဟု အသိပေးထားသည်။

ထို့ပြင် TNLA၏ တော်လှန်ရေးခံယူချက်မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ မြန်မာနိုင်ငံ တဝှမ်းလုံး၌ စစ်အာဏာရှင်အုပ်ချုပ်မှု စနစ်မှ ကင်းဝေးစေရေး တို့ဖြစ်ကြောင်းလည်း ဆိုထားသည်။

“နိုင်ငံပြန်လည်ပြီးမှ ထူထောင်နိုင်ဖို အတွက် ငြိမ်းချမ်းနိုင်ဖိုအတွက်ဆိုရင်တိုက်ပွဲကတော့ဆက်လက်ပြီးမှဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ဘယ်နေ့ဘယ်နေရာ ဘယ်လိုလုပ်မလဲဆိုတာတော့ ပြောပြဖိုခက်ပါတယ်။ ဒါပေမဲ့သေချာတာကတော့ စဉ်ဆက်မပြတ်တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်သွားဖိုရှိပါတယ်။အခုလောလောဆယ်က တဖက်သတ်အပစ်အခတ်ရပ်စဲရေးပြီးသွားပြီ ဆိုရင်တော့ ကျနော်တို ဆက်လက်ပြီးမှပဲ တနိုင်ငံလုံးမှာ ရှိနေတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားအောင် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖိုရှိပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတားပန်လက ယခုနှစ် မေလတွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် မြို့ရှိ PSLF/TNLA အရပ်ဘက်ရုံးများ လုံခြုံရာသို့ ရွှေ့ထားရဟု အသိပေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့​ပေမယ့် ဒီကနေ့ (ဇူလိုင် ၁၆ရက်) မနက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အတွင်းကို စစ်ကောင်စီတပ်တွေ ဒီကနေ့(ဇူလိုင်၁၃ရက်)မှာ စတင်ဝင်ရောက်နေပြီး မြို့အတွင်း မီးရှို့ဖျက်ဆီးမှုတွေလည်းရှိနေလို့ ရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။