close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အုပ်စုသည် ငြိမ်းချမ်းရေးကိုဆောင်ကြဉ်းနိုင်မည်မဟုတ်၊ နည်းမျိုးစုံဖြင့်ဆန့်ကျင်ရမည် ဟု KNU ဥက္ကဋ္ဌ ပြော

ကော်သူးလေတပ်မတော်တခုတည်းသာမက ဗမာ၊ မွန် အပါအဝင် အခြားလူမျိုးများနှင့်ပူးပေါင်းလုပ်ကိုင်နေဟု KNU ဒုစစ်ဦးစီးချုပ် အသိပေး

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း။ ဓါတ်ပုံ- KNU

ဇူလိုင်-၅၊၂၀၂၅။ထားမြတ်/People’s Spring

စစ်အာဏာရှင်အုပ်စုသည် နိုင်ငံ့ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ရန် နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ဆန့်ကျင် ကြရမည်ဖြစ် ကြောင်း တိုက်တွန်းခဲ့သည်။

ယနေ့ ဇူလိုင် ၅ရက်တွင်ကျရောက်သည့် ၇၆ ကြိမ်မြောက် ကရင့်အမျိုးသားတပ်မတော်နေ့(ကော်သူးလေတပ်မတော်နေ့)တွင် ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက်တွင် အာဏာရှင်စနစ်ကို နည်းအမျိုးမျိုးဖြင့်ကျင့်သုံးသည့်တစ်ခု တည်းသောရန်သူကိုသာ ကြုံတွေ့ခဲ့ရဟု ပြောကြားခဲ့သည်။

ရှေ့တန်းတ​နေရာတွင် ​ကော်ဘရာ စစ်ဆင်​ရေးမှူး ဗိုလ်ဒါ​ဘောနှင့်အတူ KNU KNUဒုစစ်ဦးစီးချုပ်၊ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကို ၂၀၂၅ နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

လက်ရှိအချိန်တွင် လူမျိုးစုများနှင့်နိုင်ငံသားများအားလုံးကို စစ်တပ်မှ လက်နက်အင်အား၊ စစ်အင်အား အသုံးပြုပြီး အာဏာကို အတင်းအဓမ္မ လုယူထားခြင်းကို ကြုံတွေ့နေရဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်စစ်တပ်သည် အတင်းအဓမ္မ အာဏာရယူပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွားကို ထောက်ခံအားပေးရန် လူမျိုးရေး နှင့် ဘာသာရေးကိုအသုံးပြုနေကြောင်း၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ နိုင်ငံရေးအာဏာတည်မြဲရေးအတွက် အကာအကွယ်ပေးနိုင်သည့် အဓိကခံတပ်အဖြစ် ထားရှိကိုင်စွဲပြီး ၎င်းတို့၏ အာဏာနှင့် အကျိုးစီးပွားများကို တပ်မတော်အနေဖြင့် အဆင့်ဆင့် တာဝန်ယူ အကာအကွယ်ပေးနေကြရကြောင်း ရှင်းပြသည်။

စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့၏အာဏာတည်မြဲရေး နှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့်သူများ ၏ အကျိုးစီးပွားအတွက်သာ ကြည့်ရှုသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။

“အာဏာဆုပ်ကိုင်ရေးနှင့် အတင်းအဓမ္မအုပ်ချုပ်ရေးနည်းလမ်းသည်နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မည်မဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ပါ၊စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေသည်” ဟုပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့အတူ စစ်ရေးနည်းဗျူဟာများ ချမှတ်ခြင်း နှင့် နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများ ကိုလည်း အသုံးပြုနေကြောင်း၊ သံတမန်ရေးနှင့် နိုင်ငံရေးနည်းလမ်းများကိုလည်း ချမှတ်ပြီး အကောင်အထည် ဖော်နေကြောင်း KNU ဥက္ကဋ္ဌကဆက် ပြောကြားသည်။

ထိုအပြင် စစ်ကောင်စီသည် လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။နိုင်ငံရေးတရားမျှတမှု၊ နိုင်ငံငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ရယူ တည်ဆောက် နိုင်ရန်အတွက် စစ်အာဏာရှင် နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးစု တော်လှန်ရေး အဖွဲ့ အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ နှင့် လူထုအခြေပြုအဖွဲ့အစည်းများ အားလုံး လက်တွဲကာ စစ်အာဏာရှင် စနစ်ကို အတူတကွ ပူးပေါင်းတိုက်ဖျက်သွားရမည် ဖြစ်ကြောင်းလည်း KNUဥက္ကဋ္ဌ ကတိုက်တွန်းသည်။

ကရင်အမျိုးသားများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးသည် စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေခြင်းသည် မိမိတို့လူမျိုး၏သမိုင်း၊ ပြည် ထောင်စု ၏ သမိုင်းကို ရေးသားနေခြင်း ဖြစ်သည်သာမက နောင်အနာဂတ် မျိုးဆက်လူငယ်များအတွက် လွတ် လပ်မှု၊ ငြိမ်းချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက် သမိုင်းအမွေ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ပြောကြားသည်။

ကော်သူးလေတပ်မတော်နေ့တွင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကလည်း တပ်ဗိုလ်၊ တပ်မှူးနှင့် ပြည်သူများအား တိုက်တွန်းစကား ပြောကြားခဲ့ရာ လူမျိုးတမျိုးကဲ့သို့ ရှင်သန် နေထိုင်ခွင့် လိုချင်သောကြောင့် လုံခြုံရေးနှင့် ကာကွယ်ရေး ရှိရန်လိုအပ်ကြောင်း ၊ ကရင်လူမျိုးတို့၏ အခွင့်အရေးကို သွေး၊ ချွေး၊ အသက်နှင့် ရင်းပြီးတိုက်ယူနေရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“တခြားနည်းလမ်းမရှိဘူး။ဆိုလိုတာက ကျနော်တို့ စစ်တိုက်တာကိုကြိုက်လို့ မဟုတ်ဘူး။စစ်သားအနေနဲ့ စစ်တိုက်တာ ကြိုက်လို့တော့ မဟုတ်ဘူး။ …။ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျနော်တို့ အကြိမ်ကြိမ် သွားခဲ့ပြီးပြီ။နောက်ဆုံးတော့လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောသည်။

ကော်သူးလေတပ်မတော် ဆိုရာတွင် ကွဲနေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို စုပေါင်းသည့် တပ်မတော်တရပ်ကို ဆိုလိုခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။ တော်လှန်ရေး ခရီးစဉ် နှစ်ပေါင်း ၇၀ ကျော်အတွင်း အသက်ပေါင်းများစွာ ပေးလှုခဲ့ရကြောင်းသော်လည်းအောင်မြင်မှုပန်းတိုင်၊ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဆက်ကြိုးစားရမည်ဖြစ်ကြောင်း ဒုစစ်ဦးစီးချုပ်က ပြောသည်။

“အသက်တွေ ကိုယ်လက်အင်္ဂါတွေ ပေးလှူသွားပြီဖြစ်တဲ့ ရဲဘော်ရဲဘက်များရဲ့ ရည်မှန်းချက် ပြည့်၀အောင် လက်ရှိ ကိုယ်လက်အင်္ဂါ အပြည့်အစုံနဲ့ သက်ရှင်ထင်ရှားရှိနေသေးတဲ့ ကျနော်တို့ တတွေဟာတသွေးတသားတည်းထားပြီးလက်တွဲ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်တယ်“ ဟု ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောသည်။

ရည်မှန်းချက် အပြည့်အ၀ ရရှိရန် အခြားလူမျိုးများလည်း လက်တွဲ ပူးပေါင်းမှုများရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာကြောင်း၊ မျှော်လင့်ချက်များ ပိုမိုထင်သာမြင်သာ ရှိလာသည်ကို တွေ့မြင်လာရကြောင်း ဒုစစ်ဦးစီးချုပ်က ပြောသည်။ ကော်သူးလေတပ်မတော် တခုတည်းသာမက ဗမာ၊ မွန် အပါအဝင် အခြားလူမျိုးများနှင့် အတူတကွ ပေါင်းစည်းလုပ်ဆောင်နေကြောင်းလည်း ဒုစစ်ဦးစီးချုပ်က ပြောကြားသည်။

ကိုယ်လက်အင်္ဂါနှင့် အသက် ပေးဆပ်သွားသည့် တပ်ဗိုလ်တပ်မှူးများအားလုံးကို ဂုဏ်ပြုကြောင်း ပြောကြားပြီး ပေးဆပ်မှုများအတွက် ထိုက်တန်သည့် အရာများ ရရှိလာမည်ဟုလည်း ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောကြားသည်။

“ကျနော်တို့ သားသမီးတွေ နောင်လာနောက်သားများ အေးချမ်းစွာ နေထိုင်သွားနိုင်ဖို့အတွက် ကျနော်တို့ အနစ်နာခံနိုင်ရမယ်။” ဟု KNU ဒုစစ်ဦးစီးချုပ်က ပြောကြားသည်။

KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကလည်း ကရင်တစ်မျိုးသားလုံး၏ လိုအင်ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ခြင်း သာမက လူမျိုးအားလုံးလွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ် ခွင့် ရရှိရေး၊ လူမျိုးအားလုံး လက်တွဲခိုင်မြဲရေးနှင့် လူမျိုးအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းလုပ်ဆောင် သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဖိုရမ်ဆိုသည်မှာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန်ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုသာဖြစ်ကြောင်းပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။

သတင်း

တော်လှန်ရေးအောင်မြင်ရေးကျင့်ဝတ်နှင့်အညီ စစ်ကို စစ်နှင့်တူအောင် တိုက်ရန်မှာကြား

သတင်း

မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ်နှင့် ထိုမူထိုစနစ်များကို ကျင့်သုံးပြီး ပြည်တွင်း ပဋိပက္ခကို ဖန်တီးနေသောသူများကို အပြီးတိုင် တိုက်ဖျက် ရန်ကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောကြားသည်။

သတင်း

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။