ဇူလိုင်-၁၈၊ ၂၀၂၅။ မေရီ/People’s Spring
မန္တလေးမြို့မှာ သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။
ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်က မန္တလေးမြို့ပေါ်မှာ ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားပြီး အဆောက်အအုံတွေ ခါယမ်းတဲ့အထိ သိသာခဲ့တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ပထမတကြိမ်က နည်းနည်းလူပ်တာ။ နောက်တကြိမ်ပြင်းတယ်။ အကုန်ထွက်ပြေးရတယ်”လို့ မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကမ္ဘာတစ်ဝန်းမြေငလျင် သတင်းတွေဖော်ပြပေးနေတဲ့ အမေရီကန်မြေငလျင်တိုင်းတာရေးဌာန (USGS) က မြေငလျင်ဟာ ရွှေဘိုမြို့ အရှေ့ ၊အရှေ့မြောက်ဘက် ၃၅ ကီလိုမီတာ(၂၁ မိုင်ကျော်) ၊မြေအနက် ၁၀ ကီလိုမီတာ(၆ မိုင်ကျော်)ကိုဗဟိုပြုပြီး ပြင်အား ၅ .၄ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တာလို့ဖော်ပြပါတယ် ။
ဒီကနေ့ ငလျင်ဟာ မတ္တရာမြို့ရဲ့ အနောက်မြောက်ဘက်(၆)မိုင်ခန့်အကွာ မြေအောက်အနက် (၁၈)ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅.၅ ရစ်ချ်တာစကေးအဆင့်နဲ့ လှုပ်ခတ်သွားတာဖြစ်ကြောင်းစစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီကနေ့ငလျင်ကို မန္တလေးမြို့အပြင် ပြင်ဦးလွင်၊ အမရပူရ၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ အစရှိတဲ့ဒေသတွေမှာပါ သိသိသာသာလှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် မနက် ၃ နာရီ ၂၈ မိနစ်ခန့်ကလည်း လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်ဟာလည်း အင်အား ၄.၉ ရစ်ချ်တာစကေးရှိပြီး မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပါတယ်။
