close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ အိမ်အကူ မိန်းကလေးကို သေဆုံးတဲ့အထိနှိပ်စက်မှုမှာပါဝင်သူ စင်ကာပူရဲ ကို ထောင် ၁၀ နှစ်ချ

မြန်မာ အိမ်အကူ မိန်းကလေးကို ဇနီးဟောင်းက သေတဲ့အထိ နှိပ်စက်ခဲ့တာကို တားဆီးဖို့ ပျက်ကွက်သူ စင်ကာပူ ရဲအရာရှိဟောင်း တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ စင်ကာပူအခြေစိုက်သတင်းဌာန CNA က ရေးသားပါတယ်။

အသက်သေဆုံးတဲ့အထိနှိပ်စက်ညှင်းပမ်းခံရတဲ့ မပိုင်ငိုက်ဒွန် ၊ မပိုင်ငိုက်ဒွန် သေဆုံးမှုမှာ အလိုတူအလိုပါအဖြစ် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်တဲ့ စင်ကာပူ ရဲတပ်ကြပ်ကြီးကီဗင် ချယ်လ်ဗမ်။ ဓာတ်ပုံ - CNA

ဇူလိုင် – ၁၈ ၊၂၀၂၅/People’s Spring

မြန်မာ အိမ်အကူ မိန်းကလေးကို ဇနီးဟောင်းက သေတဲ့အထိ နှိပ်စက်ခဲ့တာကို တားဆီးဖို့ ပျက်ကွက်သူ စင်ကာပူ ရဲအရာရှိဟောင်း တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ စင်ကာပူအခြေစိုက်သတင်းဌာန CNA က ရေးသားပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ တရားခွင်မှာ ရဲတပ်ကြပ်ကြီး ကီဗင် ချယ်လ်ဗမ်ကို တရားရုံးက အခုလို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့တာပါ။

သူဟာ ဇနီးဟောင်း၊ ယောက္ခမဟောင်းတို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသူ မပိုင်ငိုက်ဒွန်ကို သေတဲ့အထိ နှိပ်စက်ခဲ့မှုမှာ အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိချိန် ကတည်းက ရာထူးကနေ ဆိုင်းငံ့ခံထား ခဲ့ရပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မပိုင်ငိုက်ဒွန်ဟာ လတွေနဲ့ချီ ကြာမြင့်တဲ့ထိ နှိပ်စက်ညှင်းပန်း ခံခဲ့ရတဲ့နောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

သူသေဆုံးချိန်မှာတော့ အသက် ၂၄ နှစ်သာ ရှိသေးပြီး ကိုယ်အလေးချိန်ကလည်း ၅၂ ပေါင်လောက်သာကျန်တော့တယ်လို့ ဆိုပါတယ်။

ရဲစစ်ချက်တွေအရ မပိုင်ငိုက်ဒွန်ဟာ ဦးနှောက်မှာ ဒဏ်ဖြစ်ပြီး သေဆုံးခဲ့ကြောင်း အတည်ပြု တွေ့ရှိခဲ့သလို လည်ပင်းမှာလည်း ပြင်းထန်ဒဏ်ရာ ရထားခဲ့ကြောင်း သိရပါတယ်။

အဲဒီအမှုမှာ အသက် ၄၆ နှစ်အရွယ် ရဲတပ်ကြပ်ကြီး ချယ်လ်ဗမ်ဟာ စွဲချက် ၄ ခုအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပြီး သူ့ကို ထောင် ၁၀ နှစ် ချခဲ့တာပါ။

ချယ်လ်ဗမ်အပေါ် စွဲချက်တွေမှာတော့ ဇနီးဟောင်း ဂိုင်ယာသီရီ မူရူဂါယန်က မိန်းကလေးကို ကိုယ်ထိလက်ရောက် နာကျင်စေတာ၊ အစာအငတ်ထားတဲ့ ကိစ္စမျိုးတွေမှာ အလိုတူ ပူးပေါင်းခဲ့တာမျိုးတွေ ပါဝင်ပါတယ်။

နောက်ပြီး တိုက်ခန်းမှာ တပ်ထားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ဖယ်ရှားတဲ့ သက်သေဖျောက်ဖျက်မှု၊ အမှုစစ် ရဲတွေဆီ လီဆယ်ထွက်ဆိုခဲ့မှုတွေ အတွက်ပါ သူဟာ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေက ချယ်လ်ဗမ်ကို ထောင်ဒဏ် ၁၁ နှစ်ကနေ ၁၂ နှစ်ထိ ချမှတ်ပေးဖို့ ခရိုင် တရားသူကြီး ထိုအိုင်လင်းကို တောင်းဆိုခဲ့ပြီး တရားခံ ရှေ့နေတွေကတော့ ငဲ့ညှာမှုကို တောင်းဆိုခဲ့ပါတယ်။

တရားသူကြီးက ချယ်လ်ဗမ်ဟာ ဇနီးဟောင်း ဖြစ်သူက သေဆုံးသူကို ၃၅ ရက်လောက် မဝရေစာကျွေးပြီး အစာငတ်စေခဲ့တယ် ဆိုတာကို သိရှိထားလျက်နဲ့ ကြားဝင် ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ပါတယ်။

ဒီလို ဆိုးယုတ်တဲ့ လုပ်ရပ်မျိုးကို ရဲတစ်ဦး အနေနဲ့ ချယ်လ်ဗမ်က တားဆီးသင့်ခဲ့သလို တားဆီးနိုင်ခြေလည်း ရှိခဲ့ပေမယ့် မျက်ကွယ်ပြုခဲ့ကြောင်း တရားရုံးရဲ့ နောက်ဆုံးအမိန့်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဖျောက်ဖျက် ခံရတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကိုတော့ ပြန်မရခဲ့ဘဲ သေဆုံးသူ မိန်းကလေးဟာ သူ့ဘဝရဲ့ နောက်ဆုံးနေ့တွေမှာ ဘယ်လောက် ဆိုးရွားကြမ်းတမ်းတဲ့ အခြေအနေတွေ ကြုံခဲ့ရသလဲ ဆိုတာကို ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ဘူးလို့ တရားသူကြီးက ပြောပါတယ်။

ချယ်လ်ဗမ် မတိုင်ခင်မှာ ကတည်းက ဇနီးဟောင်း ဂိုင်ယာသီရီ၊ ယောက္ခမဟောင်း ပရီမာ နာရေနာဆာမီတို့ဟာ အခုအမှုကို အကြောင်းပြုပြီး ထောင်ဒဏ် နှစ် ၃၀၊ ထောင်ဒဏ် ၁၇ စီ အသီးသီး ကျခံထားရပါတယ်။

တရားခံ ရှေ့နေတွေက ချယ်လ်ဗမ်ဟာ နှိပ်စက်ညှင်းပန်းမှုတွေမှာ ကိုယ်ထိလက်ရောက် ဝင်မပါခဲ့ဘူးလို့ ငြင်းဆိုထားပေမယ့် တရားလို ရှေ့နေတွေကတော့ ချယ်လ်ဗမ်ဟာ အလိုတူ အလိုပါတစ်ဦးဆိုတာ သေချာကြောင်း စွပ်စွဲခဲ့ပါတယ်။

တရားသူကြီးရဲ့ အပြီးသတ် စီရင်ချက်မှာတော့ ချယ်လ်ဗမ်က အိမ်အကူကို ဇနီးနဲ့ ယောက္ခမက နှိပ်စက်နေတဲ့ အခြေအနေတွေမှာ လက်ပိုက်ကြည့်နေခဲ့တာ၊ ကူရာကယ်ရာမဲ့သူဖက်က ရပ်တည်ဖို့ ပျက်ကွက်ခဲ့တာ၊ ကြားဝင် ဟန့်တားဖို့ အခွင့်အရေးအားလုံး ရှိနေခဲ့လျက်နဲ့ ဝင်မပါခဲ့တာတွေက အကြမ်းဖက်မှုကို အားပေးအားမြှောက်တဲ့၊ အလိုတူတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ သတ်မှတ် ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် ကိုယ်တိုင်က ရဲတစ်ဦးဖြစ်တဲ့ ချယ်လ်ဗမ်ဟာ သက်သေ အထောက်အထားတွေ ဖျောက်ဖျက်မှုက ဘယ်လောက်တောင် ကြီးလေးတဲ့ အပြစ်မျိုး ဖြစ်နိုင်သလဲ ဆိုတာကို သိထားလျက်နဲ့ တမင်ကျူးလွန်ခဲ့တာလို့လည်း တရားလို ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

ချယ်လ်ဗမ်ဟာ သားသမီးတွေနဲ့ အတူနေဖို့ သီတင်း ၂ ပတ် အချိန်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပြစ်ဒဏ်ကို စတင်ကျခံရမယ်လို့လည်း သိရပါတယ်။ ပြီးတော့ အဲဒီအတွက် အာမခံကြေးကိုလည်း တရားရုံးက တိုးမြှင့် သတ်မှတ်ထားလိုက်ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ