ဇူလိုင်-၅၊ ၂၀၂၅။ People’s Spring
မြန်မာ-ထိုင်းနယ်စပ်မျဉ်းဘေးဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ကာကင်းအချို့ကို ဒီကနေ့(ဇူလိုင် ၅ရက်)မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ဗျူဟာကုန်းတပ်စခန်းအပါအဝင် စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တဲ့ လေးရက်မြောက်နေ့မှာစတင်သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။
ဒီကနေ့ ဝေါလေမြို့တိုက်ပွဲအတွင်း စစ်သား လောင်း သုံးလောင်းနဲ့ သေနတ် သုံးလက်ရရှိခဲ့တယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ဝေါလေရဲစခန်း ဒီနေ့ရတယ်။ ကာကင်းတွေကျတယ်။သုံးလောင်း၊သုံးလက်၊ ဒဏ်ရာရပြီးပြန်ဆုတ်ပြေးတာကစဉ့်ကလျားပေါ့”လို့ ၎င်းက ဆက်ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်သုံး၊လေးဦးခန့် ဒဏ်ရာရတာရှိတယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝေါလေဗျူဟာကုန်းစခန်းရှိရာ ဝေါလေမြို့ကိုဇူလိုင် ၄ရက်မှာ စစ်တပ်က ၁၂၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာအရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မျဉ်းအနီးကဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေမြို့ခံ ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ တိုက်နေစဥ်မှာထိုင်းစစ်တပ်က စစ်ကောင်စီအတွက်ဂျန်မာ(Jammer)ဖွင့်ပေးထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၊ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဧပြီလကစပြီထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေတာပါ။
KNU ဌာနချုပ်ရှိတဲ့တပ်မဟာ (၇)က စခန်းတွေကို မေလမှာဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ဇွန်လမှာ တပ်မဟာ(၆)က နယ်စပ်ကစစ်စခန်းတွေကိုဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့် အခုဆိုရင် မြဝတီမြို့တောင်ဘက်မှာ ဝေါလေဗျူဟာ၊ ဥကရစ်ထစခန်း ၊တီသဲလယ်ကာကင်းစခန်းတို့ပဲကျန်ပါတော့တယ် ။ကျန်နေတဲ့ စစ်စခန်းတွေကို ဒီရက်မှာ KNLA ၊KNDO ၊PDFစတဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။
တော်လှန်းရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ပိတ်ဆို့ထားပြီး ရက်ပေါင်း ၂၀ကျော်အကြာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက်လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါလေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါ်လေမြို့ရဲ့တောင်ဘက်မှာ တည်ရှိပါတယ်။
အဲဒီ ဝေါလေဗျူဟာကုန်းနဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။
