ဇူလိုင်-၅၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းမှာ စစ်ကောင်စီတပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က စစ်ကိုင်းမြို့နယ်၊ အုန်းတော(၆၀၀၅)တင့်ကားတပ်ရင်းကနေ စစ်ကိုင်း-ရွှေဘိုလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစိကောင်စီ စစ်ကြောင်းထဲက စစ်သားနှစ်ဦးဟာ အချင်းချင်း ရန်ဖြစ်ပြီး ပစ်ခတ်ခဲ့ကြတာလို့ Phoenix Sagaing အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးက ထွက်ပြေးသွားကြောင်း၊ သူတို့ရဲ့ ကျန်နေတဲ့ MA-(1)အမျိုးအစား သေနတ်(၂)လက်၊ ကျည်ဘောက် (၅)ခု၊ ၅.၅၆ကျည်(၃၈)တောင့်၊ MG(1)အမျိုး အစား လက်ပစ်ဗုံး တစ်လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“မသေတဲ့ ဒဏ်ရာတွေနဲ့ ခွေးကတော့ ထွက်ပြေး လွတ်မြောက်သွားပြီး သူတို့ ခွေးကြောင်းဆီ ပြန်ပေါင်းသွားပြီ”လို့ Phoenix Sagaing အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
နယ်မြေလုံခြုံရေးအရ ရက်အနည်းငယ်စောင့်ပြီးမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း Phoenix Sagaing အဖွဲ့က အသိပေးပါတယ်။
အဲဒီရက်ပိုင်းက စစ်ကိုင်း-ရွှေဘိုလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ခရီးသွားယာဥ်တွေဟာ ကွင်းလမ်းတွေကနေတဆင့် ရှောင်ကွင်းသွားခဲ့ရတယ်လို့ ကားသမားတွေက ပြောပါတယ်။
လက်ရှိလည်း စစ်ကောင်စီတပ်က စစ်ကိုင်း-ရွှေဘိုလမ်းမှာ စစ်ကြောင်းထိုးနေပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုတွေပူးပေါင်းကာ တိုက်ခိုက်နေတယ်လို့ Phoenix Sagaing အဖွဲ့က အသိပေးထားပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းကပဲ စစ်ကိုင်းမြို့နဲ့ အနီးကပ်ဆုံးရွာတရွာဖြစ်တဲ့ ဝါးချက်ရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
