ဇူလိုင်-၅၊ ၂၀၂၅။ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အပါအဝင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်း အပြင်းအထန်တိုက်ခိုက်နေတာကြောင့် တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်တယ်လို့ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသွားတာဖြစ်ပါတယ်။
“အပစ်ရပ်ကြေညာတာက သက်တမ်းကုန်သွားပြီ။ ဇူလိုင်လမှာတော့ ကျွန်မတို့က တရားဝင် ထုတ်ပြန်တာ မရှိဘူး။ ဘာလို့ဆို တစ်ဖက်နဲ့ တစ်ဖက်က အပစ်ရပ်တယ်သာ ကြေညာတယ်။ သို့ပေမယ့် စစ်ကောင်စီကတော့ သူကိုယ်တိုင်က အပစ်ရပ်တယ် ကြေညာတယ်။ သို့ပေမယ့် ကျွန်မတို့ကို ထိုးစစ်ဆင်တာမျိုးတွေ လုပ်ပါတယ်။ ဆိုတော့ကာ တစ်ဖက်နဲ့ တစ်ဖက် တရုတ်ဖိအားကြောင့် အပစ်ရပ်တာမျိုးတွေ ကြေညာတာရှိတယ်။ သို့ပေမယ့် မြေပြင်မှာ အပစ်ရပ်တာမျိုး မရှိဘဲနဲ့ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်နေတယ်။ အပစ်ရပ်ကတော့ ကျွန်မတို့ဘက်က ထုတ်ပြန်နိုင်ခြင်း ရှိ၊မရှိ ကတော့ မပြောတတ်သေးဘူး”လို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement
လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်က နောင်ချိုမြို့အပါအဝင် TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ နမ္မတူမြို့တို့ကို စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက်နေတယ်လို့ TNLAက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာက အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေတယ်လို့ TNLAက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ပြုလုပ်ဖို့အတွက် ဇွန်လ ၂ရက်ကနေ ဇွန်လ ၃၀ရက်အထိ တစ်ဖက်သတ်အပစ်ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လကုန်အထိ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ TNLAက မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ငလျင်ဘေးကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နိုင်ဖို့အတွက် TNLAအပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂ရက်ကစပြီး တစ်ဖက်သတ်အပစ်ရပ်စဲရေးကို ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ တစ်လချင်း သက်တမ်းတိုးထားပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်စပြီး တစ်ဖက်သတ်အပစ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးတာ ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်အစိုးရရဲ့ကြားဝင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဆွေးနွေးရေး လမ်းကြောင်းသွားနေသလို တဖက်မှာလည်း နောင်ချိုမြို့ ပြန်မပေးရရေး စစ်ရေးပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ TNLA က ပြောပါတယ်။
“လက်ရှိအချိန်အထိ ကျမတို့ နောင်ချိုကို လက်လွှတ်ရတာမျိုး၊ နောင်ချိုလက်လွှတ်ဖို့ ဆုံးဖြတ်ချတာမျိုး မရှိသေးပါဘူး။ ခုခံကာကွယ်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။
လက်ရှိ နောင်ချိုမြို့အနီးမှာ နေရာစုံတိုက်ပွဲတွေပြင်းထန်နေပြီး အပြင်းအထန်ခုခံကာကွယ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
“တိုက်ပွဲကတော့ နေရာစုံ စစ်မျက်နှာပြင်အားလုံး ပြင်းနေတယ်။ မဟာမိတ် TNLAရော၊ ကျနော်တို့ DPLA ရော နောင်ချိုပြန်မပေးရအောင် အပြင်းထန်ခုခံနေတယ်”လို့ DPLA ဥက္ကဋ္ဌက ပြောပါတယ်။
ဒီကနေ့ နံနက် မိုးလင်းကတည်းက နောင်ချိုမြို့အနီးမှာ နေရာစုံတိုက်ပွဲပြင်းထန်နေတယ်လို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ နောင်ချိုမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကြောင်းသုံးကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေပါတယ်။
