ဇူလိုင်-၄၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ချင်းပြည်ကောင်စီက ဇွန်လ ၃ရက်ညပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။
ထိုအပြင်မိမိတို၏နယ်မြေများကို အပြန်အလှန်အသိအမှတ်ပြုကာ စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့်ပြီးမိမိတို့၏ နယ်မြေအသီးသီးရှိ တပ်စခန်းများတွင်သာ ပြန်လည်နေရာယူကြပါရန် တိုက်တွန်းကြောင်းလည်းဖော်ပြထားသည်။

ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ဟွာလ်ငိုးရမ်းနှင့် ချင်းညီနောင်အဖွဲ့ဝင် CNDF တို့သည် ဇူလိုင် ၂ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားနေသည်။ နယ်မြေဆိုင်ရာ အငြင်းပွားမှု နှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သက်၍ စတင်ပစ်ခတ်မှုအပေါ် အပြန်အလှန်စွပ်စွဲထားသည်။

Public Service Announcement
ဇူလိုင် ၃ရက်နေ့အထိ တိုက်ပွဲဆက်ဖြစ်နေသည့်အခြေအနေတွင် ချင်းညီနောင်က နှစ်ဖက်အကြား ဆွေးနွေးဖြေရှင်းရန် တိုက်တွန်းထားသကဲ့သို့ ချင်းပြည်ကောင်စီကလည်း ယခုကဲ့သို့ စစ်ရေးပဋိပက္ခများ မဖန်တီးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ချင်းပြည် (Chinland) ကောင်စီသည် ချင်းပြည်အတွင်း စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေး၊ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ချင်းတိုင်းရင်းသားတို၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရရှိရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်လျက်ရှိနေပြီး ချင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရသည့် သဘောထားကွဲပြားမှုများကို ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာ စေရေးအတွက် ဆောင်ရွက်နေကြသည့် ကာလဖြစ်ဟု ချင်းပြည်ကောင်စီ၏ ကြေညာချက်၌ ပါရှိသည်။
လက်ရှိတိုက်ပွဲသည် CNO/CNDFက ချင်းပြည်ကောင်စီ၏ အဖွဲဝင်(Hualngoram People Organization)နယ်မြေများအတွင်း ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းလည်း ချင်းပြည်ကောင်စီက ဖော်ပြသည်။ထိုသို့ထိုးစစ်ဆင်လာမှုသည်ချင်းအမျိုးသားတည်ဆောက်ရေး၊ချင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်ပြီး လက်ရှိဖော်ဆောင်နေသောချင်းအမျိုးသား ကောင်စီ(Chin National Council)ပေါ်ပေါက်ရေးလုပ်ငန်းစဉ်ကို ရပ်တန့်သွားစေနိုင်သော လုပ်ရပ်ဖြစ်ကြောင်းလည်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။
ချင်းပြည်ကောင်စီသည်လူမျိုးနွယ်စုဒေသ/နယ်မြေအရေးကို တော်လှန်ရေးကာလ အလွန်တွင်သာ နိုင်ငံရေးအရ ဖြေရှင်းအဖြေရှာရန် လိုလားကြောင်း အသိပေးထားသည်။
ဘုံရန်သူစစ်ကောင်စီကို ချင်းပြည် အတွင်းမှအပြီးတိုင် ပူးပေါင်းတိုက်ထုတ်ရမည့် အချိန်ကာလဖြစ်သည်နှင့်အညီ နှစ်ဖွဲကြားတင်းမာမှုများ မပြေလည်မှုများကို စစ်ရေးနည်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း မပြုလုပ်သင့်ဘဲမျက်နှာချင်းဆိုင်တွေ့ဆုံ ပြီးငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်းချင်းပြည်ကောင်စီက ထုတ်ပြန်သည်။
ချင်းညီနောင်ကလည်းဇူလိုင် ၃ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့ရာCDF-Hualngoram နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ (CNDF) တိုအကြား စေ့စပ်ဆွေးနွေးမှုများမပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာမှုများမှသည် အပြန် အလှန်ပစ်ခတ်မှုများအထိ ပဋိပက္ခများဖြစ်ပွားသည်ကို ကြားသိရသည်မှာ များစွာ စိတ်မကောင်းဖြစ်ရဟု ဖော်ပြသည်။
ချင်းတော်လှန်ရေးလက်နက်ကိုင် အချင်းချင်းကြားအငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၍ညှိနှိုင်း ဖြေရှင်းရေးကိုသာ ချင်းညီနောင်အနေဖြင့် အစဉ်တစိုက်လက်ကိုင်ထားဟု ဖော်ပြပြီးဖလမ်းမြိုနယ် အတွင်း လက်ရှိဖြစ်ပွားသည့် အပြန်အလှန်ပဋိပက္ခများကို ချင်းညီနောင်အနေဖြင့် ပါဝင်ပတ်သက်ခြင်း ပြုမည်မဟုတ်ဟု အသိပေးသည်။
ထိုအပြင် HPO/CDF-Hualngoram နှင့် CNO/CNDF တို နှစ်ဦးနှစ်ဖက်လုံးသည် အကြမ်းဖက် အာဏာရှင်ကိုတိုက်ထုတ်နေသော ရည်မှန်းချက်တူသည့် ချင်းတော်လှန်ရေးအဖွဲအစည်းများ အကြား အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန်သာ တိုက်တွန်းကြောင်း ထုတ်ပြန်သည်။
