close
Connect with us

Hi, what are you looking for?

သတင်း

ပလက်၀သည် ချင်းပြည်ဖြစ်ကြောင်း တနိုင်ငံလုံးအသိဟု ချင်းညီနောင်ပြော

AAသည်အိမ်နီးချင်းကောင်းထက်ပိုသည့် ရဲဘော်ရဲဘက်ဖြစ်၍ ဆွေးနွေးညှိနှိုင်း အဖြေရှာမည်ဟု အသိပေး

Screenshot

ဇွန်-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

အာရက္ခတပ်တော်(ULA/AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ပလက်၀မြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်တခုဖြစ်ကြောင်းတနိုင်ငံလုံးအသိ ဖြစ်ပြီး ချင်းညီနောင်အဖွဲ့ဝင်အားလုံး၏သဘောထား ရပ်တည်ချက်မှာလည်း ပလက်၀သည်ချင်းပြည်ဖြစ်သည်ကို တညီတညွတ်တည်း ယုံကြည်လက်ခံသည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောကြားသည်။

ဇွန်လ ၁၈ရက်တွင်ပြုလုပ်သည့် ချင်းညီနောင်၏ သတင်းစာရှင်းလင်းပွဲ၌ AA သိမ်းပိုက်ထိန်းချုပ် ထားသည့် ပလက်၀ ဒေသကို ရက္ခိုင်ပြည်ထဲမှ ခရိုင်တခုအနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်ကထည့်သွင်းဖွဲ့စည်းခဲ့သည်ဆို​သော သတင်းများအပေါ် ချင်းညီနောင်၏ သဘောထား ကိုမေးမြန်းရာ ဆလိုင်းယောမန်ကဖြေကြားခဲ့ခြင်းဖြစ်သည်။

ချင်းညီနောင်သည် AA ၏မဟာမိတ်ဖြစ်ပြီး AA၏ အကူအညီဖြင့် စစ်ရေးတိုက်ပွဲများ စစ်ရေးတည်ဆောက်မှုများလုပ်ဆောင်နေသည့်ချင်းတော်လှန်ရေးအင်အားစုဖြစ်သည်။

Public Service Announcement

Public Service Announcement

“အရင်ဆုံးနဲ့ အရှင်းလင်းဆုံးပြောချင်တာကတော့ ချင်းညီနောင် အကုန်လုံးက ပလက်၀သည် ချင်းပြည်ဆိုတာကိုအကုန်လုံးကတညီတညွတ်တည်း ယုံကြည်ကြတယ်။လက်ခံကြတယ်ဆိုတာမျိုးပေါ့။ ဒါကညီနောင်ထဲမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးပေါ့နော်။ အကုန်လုံးလည်း သိပါတယ် ဒီလိုမျိုး ရပ်တည်လာတာ ဒီလိုမျိုးဖြစ်လာတာပါ” ဟု ဆလိုင်းယောမာန်က ပြောသည်။

ULA/AAသည် အိမ်နီးချင်းကောင်းဖြစ်ပြီး အိမ်နီးချင်းကောင်းထက်ပိုသည့် ရဲဘော်ရဲဘက်ဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

တော်လှန်ရေးကာလ၌အချို့အရာများသည် အချင်းချင်း နိုင်ငံရေး အမြတ်ထုတ်လိုသည့် သဘောမျိုး ၊လူမျိုးရေး မုန်းတီးမှု ပွားစေရန် ဆွသည့် အပိုင်းများကို သတိထားရမည်ဟု ဆလိုင်းယောမာန်က လတ်တလော ပလက်၀ကို ရက္ခိုင်ပြည်၏ ခရိုင်အဖြစ် ဖွဲ့စည်းမှု သတင်းများအပေါ် မှတ်ချက်ပြုပြောကြားသည်။ ပလက်၀သည် ရက္ခိုင်ပြည်၏ ခရိုင်အဖြစ် ULA/AA ဘက်က တရားဝင် ထုတ်ပြန်ချပြခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအစ ပလက်၀သည် ချင်းပြည်ဖြစ်သည်ဆိုသည်ကို မီဒီယာ၌ ဖြေဆိုခဲ့ဖူးဟုလည်း ဆလိုင်းယောမာန်က ဆက်ပြောသည်။

လက်ရှိ အခြေအနေသည်စစ်ကောင်စီ ပြုတ်ကျရေးကို အလေးထားရမယ့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီသာပြုတ်မကျသွားဘူးဆိုရင်အလကားပဲ။ မည်သည့် ထိန်းချုပ်နယ်မြေမဆို အလဟသ ဖြစ်သွားမှာပဲ” ဟု ဆလိုင်းယောမာန်က ပြောကြားသည်။

စစ်ကောင်စီက အသက်ပြန်ဆက်ရန် ကြိုးပမ်းနေကြောင်း၊ ဥပမာ နောင်ချို ဘက်ထိုးစစ်ဆင်နေကြောင်း၊ လားရှိုးကိုလည်း ပြန်ထိန်းချုပ်ရသွားသည့် ပုံစံဖြစ်သွားကြောင်း၊ မိုးဗြဲ၌လည်း ထိုးစစ်ဆင်နေကြောင်း ၎င်းက​ပြောသည်။

တော်လှန်ရေးကာလ၌ စစ်ကောင်စီကင်းစင်အောင်လုပ်ထားပြီးနေရာများကို အုပ်ချုပ်ရေးလည်ပတ်သည့် သဘောဟုဆလိုင်းယောမာန်က ပလက်၀အရေးနှင့်ပတ်သက်ပြီး ပြောသည်။

“အဲဒါကို ကျနော်တို့ကအမျိုးသားရေးခေါင်းစဉ်တပ်ပြီးမှ အချင်းချင်း ရန်ရှာလို့မရဘူး အချင်းချင်း ပြဿနာကို မီးထွန်းရှာလို့ မရဘူး။” ဟုဆလိုင်းယောမာန်က ပြောကြားသည်။

ULA/AAသည်လည်း အာရက္ခဒေသ ထဲတွင်သာ မဟုတ်ဘဲ ရက္ခိုင်ပြည်နယ်အပြင်ရှိ ရက္ခိုင်လူမျိုးများအတွက်စဉ်းစားရကြောင်း၊ချင်းများသည်လည်း ချင်းပြည်နယ် ပြင်ပရှိ ချင်းများအတွက် စဉ်းစားရာ၌ အားလုံးဆက်စပ်နေကြောင်း၊ ထိုကြောင့် အချင်းချင်းအပြန်အလှန်အကျိုးပြု အချင်းချင်းအိမ်နီးချင်းကောင်းအဖြစ်ရှိရန်၊ အချင်းချင်း စားပွဲ၀ိုင်း၌ အဖြေရှာရန်လိုအပ်ကြောင်း ဆလိုင်းယောမာန်က ပြောသည်။

ငြိမ်းချမ်းစွာ အပြန်အလှန်အကျိုးပြု စွာ နေထိုင်သွားရန်ဆိုသည်မှာ ချင်းညီနောင်၏ ရပ်တည်ချက်ဖြစ်သည်ဟုဆက်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး စားပွဲ၀ိုင်းပေါ်ပဲအဖြေရှာမယ်။ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးမှ သွားမယ်။” ဆလိုင်းယောမာန်က ပလက်၀ အရေးနှင့်ပတ်သက်ပြီး ချင်းညီနောင် သဘောထားကို ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်မြောက်ပိုင်းတွင် ချင်းပြည်ကောင်စီ အပြင် အခြားတော်လှန်ရေးတပ်များနှင့်ပါပူးပေါင်းစစ်ဆင်​နေ​ကြောင်းအသိ​ပေး

သတင်း

အာရက္ခတပ်‌တော်(AA) နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကို အမ်း-ပဒါန်းလမ်းပိုင်းရှိ စခန်းအချို့ထံ စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးအနေဖြင့်ယခုထက်ပေါင်းစည်းချိတ်ဆက်ပြီးတိုက်ပွဲဝင်မှသာတော်လှန်ရေး အမြန်ပြီးဆုံးမည်ဖြစ်ကြောင်းချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် Rလခဲရ် ကပြောကြားခဲ့ပြီး စစ်ရေးအင်အား ကိုတည်ဆောက်ရန် အရေးကြီးဆုံးကာလဖြစ်သည်ဟု တိုက်တွန်းလိုက်သည်။

သတင်း

ကျောက်ဖြူမြို့နယ်တွင်မေလကုန်ပိုင်းတိုက်ပွဲအတွင်းတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင် သေဆုံးပြီးနောက်ပိုင်း ရှေ့တန်းရောက်စစ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားပြီး အာရက္ခတပ်တော်(AA)ထံလက်နက်ချကြကြောင်း သတင်းရရှိသည်။